နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားပေးသည့် ဥပဒေများ လွှတ်တော်တွင် တင်ပြ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားပေးသည့် ဥပဒေများ လွှတ်တော်တွင် တင်ပြ

ကျင်းပလျက်ရှိသည့် လွှတ်တော်တွင် တင်ပြမည့် ဥပဒေအများစု ပေါ်ထွက်လာပါက နိုင်ငံတကာမှ
လာရောက် ရင်းနှီးမြှုပ်နှံသူအများစု မြန်မာနိုင်ငံတွင်းသို့ ယုံကြည်စွာဖြင့် ပိုမို ၀င်ရောက်လာရန်
တွန်းအားတစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်ခါ ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်ပြမည့် ဥပဒေများဖြစ်သည့်
အထူးစီးပွားရေး ဇုန်ဥပဒေ၊ ဗဟိုဘဏ်ဥပဒေ စသည်တို့မှာ ဥပဒေကြမ်းအဖြစ် ရေးဆွဲပြီးဖြစ်ကာ
မကြာမီထွက်ရှိလာရန် မျှော်လင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ယင်း၏ စီမံကိန်း
နှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောသည်။

သို့သော် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေနှင့် တရားမျှတစွာ
ယှဉ်ပြိုင်မှု ဥပဒေတို့မှာမူ မူကြမ်းအဆင့် အပြီးသတ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက
လုပ်ဆောင်လျက်ရှိပြီး လွှတ်တော်တွင် တင်ပြနိုင်ရန်ရည်ရွယ်ထားသည်ဟု ကြားသိရကြောင်း
၎င်းက ပြောသည်။

Cast Consulting (မြန်မာ) တည်ထောင်သူနှင့် ဂျပန်နိုင်ငံသားရှေ့နေ ဖြစ်သူ Mr. Tatsuo Murao
က ယင်း ဥပဒေများကြောင့် ဂျပန်နိုင်ငံ၏ အထင်ကရ ကုမ္ပဏီကြီးများ ဖြစ်သော တိုယိုတာ၊
နစ်ဆန်းနှင့် ဟွန်ဒါတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့ရုံးခန်းများ လာရောက် ဖွင့်လှစ်နိုင်မည်ဖြစ်
ကြောင်း ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ၏ ကိုယ်စားလှယ် ရုံးခွဲပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ထားပြီး
ဖြစ်ကာ အများစုမှာ ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း
အနည်းငယ်လည်း ပါ၀င်သည်။

အဆိုပါလုပ်ငန်းများအတွက် လျှပ်စစ်နှင့် ပို့ဆောင်ရေးစသော အခြေခံအဆောက်အအုံများနှင့်
ဥပဒေ၊ နည်းဥပဒေများ ခိုင်မာရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

အခြေခံ အဆောက်အအုံများမှာ နှစ်အနည်းငယ်အတွင်း သင့်လျော်သော အနေအထားသို့ရောက်
ရှိလာမည်ဖြစ်သော်လည်း အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အတွက်မူ အချိန်ယူရဦးမည် ဖြစ်ကြောင်း
၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေမှာလည်း စတင်ရေးဆွဲခဲ့စဉ် ကာလဖြစ်သော အင်္ဂလိပ်
အစိုးရ လက်ထက် ၁၉၁၄ ခုနှစ်က ပုံစံအတိုင်းသွား နေရာ ယနေ့ခေတ်နှင့် အံဝင်မှု မရှိနိုင်တော့
ကြောင်း ၎င်းက ပြောသည်။

အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ရေးဆွဲမှုတွင် ပါ၀င်သူတစ်ယောက်ဖြစ်ပြီး Myanmar
Patent and Trademark Lawfirm ရန်ကုန်၏ ရှေ့နေဖြစ်သူ ဦးသိန်းအောင်က ယင်း မူပိုင်ခွင့်
ဥပဒေ အမြန်ဆုံးထွက်ပေါ်လာရန် အစိုးရက လုပ်ဆောင်သင့်ပြီး ဥပဒေများ ဖော်ဆောင်ရာတွင်
ကျွမ်းကျင် ၀န်ထမ်းများခန့်ထားခြင်းနှင့် ၀န်ထမ်းများကို သင်တန်းပေးရမည်ဖြစ်ကြောင်း
ပြောသည်။

ပြီးခဲ့သည့်နှစ် နို၀င်ဘာလအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ရှိလာခဲ့ပြီး အသိဉာဏ်
ပစ္စည်းမူပိုင်ခွင့်နှင့် ပတ်သက်သော အချက်အလက်များ ပါ၀င်ကာ ယင်းကိုကာကွယ်မည့် ဥပဒေ
ပေါ်ထွက်လာရန် လိုအပ်ကြောင်းပြောသည်။

ပြီးခဲ့သည့် နှစ်အတော်ကြာကထုတ် ပြန်ခဲ့သော မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် နှင့် arbitration
အက်ဥပဒေတို့မှာ ယခုခေတ်နှင့် မလျော်ညီတော့ကြောင်း ၎င်းက ပြောသည်။

"တချို့ဥပဒေတွေဆို ပြန်ပြင်ယုံနဲ့မရတော့ပါဘူး။ အားလုံး အသစ်ပြန်ပြီး ရေးရလိမ့်မယ်။ အဲဒါဆိုရှိ
ပြီးသား အဟောင်းတွေလည်း အလိုလိုပျက်ပြယ်သွားမှာပါ"ဟု ၎င်း က ပြောသည်။

Mr. Murao က အချို့ ဂျပန်လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်း
ထားခြင်းမရှိဟု ထင်မြင်နေကြောင်း ပြောသည်။

"အဲလိုမထင်ရင်တောင် ကောင်းမွန်တဲ့ ဥပဒေတွေမရှိဘူးလို့ ထင်ကြတယ်။ တကယ်တော့
မြန်မာနိုင်ငံမှာ ဥပဒေပေါင်း ၁၀၀ ကျော် ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ တချို့ဥပဒေတွေကတော့ ဥပဒေ
ပိုင်းဆိုင်ရာအားနည်းသလို နားလည်ဖို့ ခက်ခဲပြီး ရှုပ်ထွေးနေတာတွေ ရှိတယ်"ဟု ၎င်းက
ပြောသည်။

"မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေဆိုရင် အစိုးရလက်ထက် အသီးသီးကနေ အခုအချိန်အထိ
အကျူံးဝင်နေတုန်းပဲ" ဟု၎င်းက ပြောသည်။

ယင်းအချက်များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အတားအဆီးဖြစ်လာနိုင်ကြောင်း ၎င်းက ပြော
သည်။

အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်ဥပဒေ ပေါ်ပေါက်လာပါက ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပိုမို
၀င်ရောက်လာရန်နှင့် နည်းပညာအကူအညီများ ပိုမိုရရှိရန် ယင်းဥပဒေက တွန်းအား တစ်ရပ်ဖြစ်နိုင်
ကြောင်း ပြောသည်။

အာဆီယံဒေသတွင်း မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်
နိုင်ပါက သွင်းကုန်ကို လျှော့ချနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး