'သ' အက္ခရာ ကားများ အပ်နှံခွင့်ပြုအပြီး အရောင်းအဝယ်လိုက်လာ

'သ' အက္ခရာ ကားများ အပ်နှံခွင့်ပြုအပြီး အရောင်းအဝယ်လိုက်လာ

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က 'သ' အက္ခရာကားများ အပ်နှံမှုစတင်ခဲ့ပြီး နောက်ပိုင်း ကား
ဈေးကွက်တွင်း စလစ်ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဆက်လက်အပ်နှံရန် ကျန်ရှိနေသော 'အ' အက္ခရာ
ကားဈေးများ မြင့်တက်လာကာ အရောင်းအဝယ်လည်း ပြန်လိုက်လာခဲ့ကြောင်း ကားဝယ်ရောင်း
လုပ်ကိုင်သူများက ပြောသည်။

" 'သ'အက္ခရာကားတွေ စပြီးအပ်နှံခွင့်ပြုလိုက်လို့ စလစ်ဈေးနှုန်းတွေ သိသိသာသာကျလာတယ်။
စအပ်တဲ့နေ့ကဆိုရင် စလစ်ဈေးက သိန်း ၁၀၀ ကျော် လောက်ကနေ ၉၀ ကျော်လောက် အထိ
ကျသွားတယ်။ အမြင့်ကားဈေးတွေကတော့ ဂျပန်လေလံဈေး မြင့်နေတဲ့အတွက် လောလောဆယ်
ကျဦးမယ်မထင်ဘူး"ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးထွန်းလင်းက ပြောသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ပြင်ပ ဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁,၀၀၀ နီးပါးအထိ ရောက်လာ
ချိန်တွင် ဂျပန်ယန်းငွေဈေးမှာလည်း မြင့်တက်လာခြင်းကြောင့် ဂျပန်ကား လေလံဈေးနှုန်းများလည်း
မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်းနှင့် သုံးလကျော်ကြာ စောင့်ဆိုင်းခဲ့ရသည့် 'သ' အက္ခရာကားများ
အပ်နှံခွင့်ရခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း ကားနှင့် စလစ် အရောင်းအဝယ်များအပြင် ကား
အရောင်းပြခန်းတွင်လည်း ဇွန်လ နောက်ဆုံးပတ်မှ စတင်ခါ အရောင်းအဝယ်များ ပြန်လည်
အသက် ၀င်လာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

အပ်နှံခွင့် ပြုခဲ့သည့်နောက်ပိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ 'သ'အက္ခရာကား
များ လာရောက်အပ်နှံရန်အတွက် တန်းစီသည့် ယာဉ်တန်းမှာ ပြည်ထောင်စုခုံး တံတားပေါ်ရောက်
သည်အထိ ရှည်လျားခဲ့ကြောင်း ယာဉ်ဟောင်း အပ်နှံခဲ့သည့် တာမွေမြို့နယ်နေ ကိုသန်းဇော်ဦးက
ပြောသည်။

'သ' အက္ခရာအပ်ကားကို လက်ခံလိုက်တယ်ဆိုရင်ပဲ နောက်ထပ် အပ်ရတော့မယ့် 'အ' အက္ခရာ
ကားဈေးတွေက အရင်သိန်း ၈၀ ကျော်ကနေ အခုဆိုရင် သုံးသိန်းကနေ ငါးသိန်းလောက် အထိ
တက်သွားတယ်။ 'အ' အက္ခရာကားတွေပြီးရင် '၁က' အက္ခရာတွေလက်ခံမယ် ထင်ပါတယ်။ အဲဒီ
ကားတွေကတော့ ကားကောင်းတွေ တော်တော်များများ ရှိနေသေးတဲ့အတွက် အပ်တဲ့သူတွေ
နည်းနေလိမ့်ဦးမယ် ထင်တယ်" ဟု ကားဝယ်ရောင်း ကိုဆွေက ပြောသည်။

ပြည်ပမှ တင်သွင်းလာသော ကားများ၏ ကနဦး မှတ်ပုံတင်ကြေးငွေ ပေးသွင်းမှုကို သင်္ဃန်းကျွန်း
မြန်မာ့စီးပွားရေးဘဏ်တွင် လက်ခံခဲ့ရာ နေရာနှင့် အချိန်အခက်ခဲများရှိခြင်းကြောင့် ဇွန်လ ၂၄ ရက်
နေ့မှစတင်ခါ ဒဂုံမြို့ သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းတို့ရှိ မြန်မာ့စီးပွားရေးဘဏ်များ နှင့်
မြန်မာ့စီးပွားရေးဘဏ်ခွဲ(၅) တို့ တွင်လည်း တိုးချဲ့ လက်ခံပေးခဲ့သည်။

အပ်နှံ ယာဉ်အို ယာဉ်ဟောင်းများကို ယခင်က အင်းစိန်မြို့နယ်ရှိ ရွာမ သံမဏိစက်ရုံတွင်
သွားရောက်အပ်နှံရသော်လည်း အပ်နှံသည့် ယာဉ်စီးရေ များပြားလာသည့်နှင့်အမျှ ယာဉ်ကြော
ရှုပ်ထွေးမှုနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ဇွန်လ ၁ ရက်နေ့မှစ၍ သီလဝါသင်္ဘောဖျက်
စက်ရုံသို့ သွားရောက် အပ်နှံရမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။

"အပ်ကားတွေ လက်ခံလိုက်တော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်ပြန် ကောင်းလာတယ်လို့
ပြောရမှာဘဲ။ ပြီးခဲ့တဲ့ သုံးလလုံးလုံး အရောင်းအဝယ်က ပုံမှန်ပဲရှိခဲ့တယ်။ အခုတော့ သီရိမင်္ဂလာ
ဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်း၊ မင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းနဲ့ မြို့နယ်တွေမှာ
ရှိတဲ့ ယာဉ်အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားတဲ့နေရာ တော်တော်များများမှာတော့ အရောင်း
အဝယ်က သူ့ဟာ နဲ့သူတော့ ဖြစ်လာတယ်။ အရောင်းအဝယ်ကောင်းလာတာ မှန်ပေမယ့် နိုင်ငံခြား
ငွေဈေးက မြင့်နေတော့ ဂျပန်လေလံဈေးက တက်လာတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ
ဦးမင်းညွန့်က ပြောသည်။

လတ်တလောဈေးကွက်အတွင်း ၀ယ်လက်အကြိုက် ၁၃၀၀ စီစီ ကားများ မှာ ကျပ်သိန်း ၁၂၀ မှ
၂၀၀ ၀န်းကျင် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လ ၁ ရက် နေ့တွင် 'သ' အက္ခရာ
စလစ်ဈေးမှာ ကျပ် သိန်း ၉၀ ကျော်နှင့် 'အ' အက္ခရာစလစ် ဈေးမှာ ကျပ်သိန်း ၈၀ ကျော်တွင်
အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကားဝယ်ရောင်း လုပ်ငန်းရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး