စီအင်န်ဂျီဈေးနှုန်းများ ပြောင်းလဲ သတ်မှတ်မည့်သတင်းများ ထွက်ပေါ်လျက်ရှိပြီး ဈေးနှုန်းများလည်း
အမျိုးမျိုးပေါ်လာခြင်းကြောင့် တက္ကစီယာဉ်မောင်းအများစုအတွက် စိုးရိမ်စရာဖြစ်နေသော်လည်း
ဈေးနှုန်းကို အတိအကျမသတ်မှတ်ရသေးကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
"အခုထိတော့ ဘာမှမပြောင်းလဲသေးပါဘူး။ ဘယ်ရွေ့ဘယ်မျှပြောင်းမယ်ဆိုတာလည်း မသိသေး
ပါဘူး"ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အထွေထွေ မန်နေဂျာ
ဦးကိုလေးက ပြောသည်။
၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ပါရှိသော 'တက္ကစီသုံး CNG
ဈေးနှုန်း ပြင်ဆင်' ခေါင်းစဉ်ပါ သတင်းကြောင့် တက္ကစီယာဉ်မောင်းအများစုမှာ စီအင်န်ဂျီ ဈေးတက်
မည်ကို စိုးရိမ်နေကြပြီး အမှန်တကယ် ဈေးတက်ခဲ့ပါက အခက်အခဲများရှိနိုင်သည်ဟု တက္ကစီ
ယာဉ်မောင်းများက ပြောသည်။
အဆိုပါသတင်းတွင် စီအင်န်ဂျီ တက္ကစီယာဉ်များအား စီအင်န်ဂျီဆက်လက်ထုတ်ပေးပြီး ဈေးနှုန်းကို
ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများနည်းတူ တိုးမြှင့်ရောင်းချသင့်ကြောင်း စွမ်းအင် ၀န်ကြီးဌာနသို့
အကြံပြု တင်ပြစာများ ပေးပိုခဲ့ကြောင်း ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၀န်ကြီးဌာန
အနေဖြင့်လည်း စီအင်န်ဂျီ သဘာဝဓာတ်ငွေ့ဈေးနှုန်းများအား သင့်တင့်မျှတသောဈေးနှုန်းအဖြစ်
ပြင်ဆင် သတ်မှတ်ရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
"စီအင်န်ဂျီဈေးက နှစ်ဆတက်မယ်လို့ ကြားတယ်။ အခုတောင် ကားတွေများလာလို့ ကားဆွဲ
မကောင်းဘူးဆိုပေမယ့် နည်းနည်းတော်သေးတယ်။ ဈေးပါတက်မယ်ဆိုရင် အဆင်ပြေမှာမဟုတ်
ဘူး။ စီအင်န်ဂျီဆိုင်ကလည်း ဓာတ်ဆီဆိုင်တွေလို အများကြီးမရှိဘူး။ ဒီကြားထဲ ပေါင်ပြည့်အောင်
ထည့် မပေးနိုင်တဲ့ဆိုင်က ရှိသေးတယ်။ ဈေးတက်မယ်ဆိုရင် သတ်မှတ်ပေါင်ချိန် ပြည့်အောင်
ထည့်ပေးတဲ့ဆိုင်မှာရွေးထည့်ကြရမှာဆိုတော့ အချိန်ကုန်မယ်။ အုံနာကြေးလည်း လျှော့ပေးမှရမှာ။
စီအင်န်ဂျီဈေးတက်ရင် ဘာထူးတော့မှာလဲ၊ ဆီကားပဲ မောင်းကြတော့မှာပေါ့"ဟု တက္ကစီ
ယာဉ်မောင်း ကိုမင်းဝေက ပြောသည်။
"စီအင်န်ဂျီဈေးတက်မယ်လို့သာ ပြောတာ ခုထိတော့ တရားဝင်စာထုတ်တာမရှိသေးဘူး။ အပြင်မှာ
ကြားတာကတော့ တစ်ပေါင်ကို ကိုးရာတက်မယ်လည်းကြားတယ်။ လေးရာလို့လည်း ပြောကြ
တယ်။ ဒါပေမဲ့ ခရီးသည်တင် ယာဉ်တွေတော့မပါဘူးလို့ သိရတယ်။ ခရီးသည်တင်ယာဉ်တွေမှာပါ
ဈေးတက်ရင် ယာဉ်စီးခပါ လိုက်ပြောင်းရမှာ။ တက္ကစီနဲ့ 'က' လိုင်စင်ကားတွေအတွက်ပဲလို့ ပြော
တယ်။ ဈေးက အခုအချိန်ထိ မတက်သေးတာကတော့ အရင်ဆုံး သတင်းလွှင့်ကြည့်တာထင်တယ်။
လူတွေလက်ခံရင် ဆက်လုပ်မယ်။ လက်မခံရင် မလုပ်ဘူးဆိုတဲ့ သဘောမျိုးဖြစ်မယ်"ဟု
ခရီးသည်တင် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ နိုင်ငံပိုင်သတင်းစာတွင် စီအင်န်ဂျီဈေးနှုန်းပြောင်းလဲမည့် သတင်းဖော်ပြပါရှိခဲ့သော်လည်း၊
ယခု ဇူလိုင်လ ၂ ရက်နေ့ အထိ တရားဝင် ပြောင်းလဲမှု မရှိသေးပေ။
"သတင်းစာမှာပါတဲ့အတိုင်း အကြံပြုချက်တွေတော့ ရှိပါတယ်။ ဒါကြောင့် ၀န်ကြီးဌာနအနေနဲ့
လည်း စီအင်န်ဂျီကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းပေးသွားဖို့တော့ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ
တော့ မသတ်မှတ်ရသေးပါဘူး" ဟု ဦးကိုလေးက ပြောသည်။
စီအင်န်ဂျီသုံးတက္ကစီများမှာ ဓာတ်ဆီသုံး တက္ကစီများထက် အုံနာကြေး ပိုများသည့်အတွက် ဈေးနှုန်း
တက်မည်ဆိုပါက အုံနာကြေးလျှော့မှသာ အဆင်ပြေမည်ဖြစ်ကြောင်းလည်း ယာဉ်မောင်းများက
ပြောသည်။
"၀န်ကြီးဌာနကတော့ သင့်တော်တဲ့ ဈေးနဲ့ ပြင်ဆင်သတ်မှတ်မယ်လို့ပြောတယ်။ အခုထိ ဈေးကို
အသေအချာမသိရသေးတော့ ဘာမှပြောလို့ မရသေးဘူး။ အခုထည့်နေတာကတော့ တစ်ပေါင်ကို
၂၇၃ ကျပ်လို့ သတ်မှတ်ထားပေမယ့် အကြွေအခက်အခဲကြောင့် ၃၀၀ ပဲ ပေးနေရတာပါ။ အုံနာနဲ့
ယာဉ်မောင်း အုံနာကြေးကို သေချာပြန်ညှိမှ မောင်းတဲ့သူအတွက် အဆင်ပြေမှာ။ အုံနာကြေးက
အရင်လိုပဲဆိုရင်တော့ မောင်းတဲ့သူအတွက် မကိုက်တော့ဘူး။ အခု စီအင်န်ဂျီဈေး တက်မယ်ဆို
တော့ တက္ကစီလုပ်ချင်တဲ့သူတွေက ကားဝယ်ဖို့ ချီတုန်ချတုန် ဖြစ်နေကြတယ်" ဟု တက္ကစီ
ယာဉ်မောင်း ကိုမင်းမင်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး အနေဖြင့် တရားဝင် ခွင့်ပြုထားသော သဘာဝ ဓာတ်ငွေ့သုံးမော်တော်ယာဉ်
၂၇,၄၅၆ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်မှ တစ်လလျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆၀၀ ခန့်
ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

















