ရန်ကုန်ကားဈေးကွက်အတွင်း အပ်ကားဈေးနှုန်းများနှင့် စလစ်ဈေးများကျဆင်းလာကာ အရောင်း
အဝယ်မှာ ပြီးခဲ့သည့် လများနှင့် နှိုင်းယှဉ်ပါက ပုံမှန်အနေအထားသို့ ပြန်ရောက်လာခဲ့ပြီး ယခင်က
လူကြိုက်များခဲ့သော Toyota Probox ကားများမှာမူ ယခုနောက်ပိုင်းတွင် ၀ယ်လက်များ
စိတ်ဝင်စားမှုနည်းလာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများကပြောသည်။
"အရောင်းအဝယ်က သိပ်အကောင်းကြီးမဟုတ်သလို လုံးဝမကောင်းတာမျိုးလည်း မဟုတ်ဘူး။
'သ' အက္ခရာကားတွေ အပ်ပြီးနောက်ပိုင်း ကားဈေးတွေ အသင့်အတင့် ပြန်ကောင်းလာတယ်။
အခုတောင် '၁က' အက္ခရာကားတွေကို လိုက်ဝယ်နေကြတယ်။ 'အ' အက္ခရာ ကားတွေက
သိန်း ၉၀ ကျော်လောက် ရှိနေပေမယ့် 'လ' နဲ့ 'သ' ကားတွေက ဈေးမကွာတော့ဘူး"ဟု
ကားဝယ်ရောင်း ကိုတင်အောင်ထွန်းက ပြောသည်။
ပြီးခဲ့သည့်နှစ် မိုးရာသီတွင် ကားဈေး နှုန်းများမြင့်တက်ပြီး အရောင်းအဝယ် ကောင်းခဲ့သော်လည်း
ယခုနှစ်မိုးကာလတွင်မူ ပုံမှန်အနေအထားတွင်သာရှိပြီး အပ်ကားများ ရှားပါးလာခြင်းနှင့် အတူ
တရားမဝင် တင်သွင်းလာသည့် လိုင်စင်မဲ့ယာဉ်များ ၀င်ရောက်လာမှု များနေခြင်းကြောင့်
ကားဈေးကွက် တည်ငြိမ်မှုမရှိခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ထို့အပြင် ကုမ္ပဏီ အချို့ကလည်း တိုက်ကြေကားများ တင်သွင်းရောင်းချမှုများကြောင့် ကား
အကြောင်း နားမလည်သူများအနေဖြင့် ကားဝယ်ယူရန်ခက်ခဲ့လာခြင်းနှင့် 'လ' အက္ခရာကားနှင့်
'သ' အက္ခရာကားများအပ်နှံမှု အချိန်သုံးလကျော် ကွာဟခြင်းတို့ကြောင့် ဈေးကွက်ကမောက်ကမ
ဖြစ်ခဲ့ပြီး ၀ယ်လက်များမှာလည်း ဈေးနှိမ်ဝယ်ယူမှုများရှိလာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူ
များက ပြောသည်။
"ဟိုတစ်နေ့က Probox ၁၃၀၀ စီစီ ကားတစ်စီး လုပ်ငန်းသုံးဖို့ဆိုပြီး လာဝယ်သေးတယ်။ ၀ယ်တဲ့
သူက ကားအရောင်းပြခန်းတွေ တော်တော်များများ ကိုကြည့်ပြီးမှလာဝယ်တော့ အောက်ဈေးနှိုက်
တာပေါ့။ ကျွန်တော်တို့ ကားတွေက လမ်းလျှောက်ပါမစ်နဲ့ သွင်းထားတာပါ။ ကုမ္ပဏီကသွင်းတဲ့
ကားတွေလို မဟုတ်ပါဘူး။ ဈေးကလည်း အရောင်း ပြခန်းဈေးနဲ့ သိပ်မကွာပေမယ့် ၀ယ်တဲ့သူက
၁၅ သိန်းလောက် ဈေးလျော့ခိုင်းတယ်။ နောက်ဆုံးတော့ ကြားဈေးနဲ့ ခုနစ်သိန်းလျှော့ပြီးရောင်း
လိုက်ရတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။
ဈေးကွက်အတွင်း Toyota Probox ကားများမှာ အင်ဂျင် အပူလွန်ကဲကာ မီးလောင်မှုများ
မကြာခဏဖြစ်ပွားနေခြင်းကြောင့် ထိုကားဈေးများ ကျဆင်းလာနိုင်ကြောင်း ၀ယ်ရောင်းများက
ပြောသည်။
"ဒီကားတွေက ဂျပန်နိုင်ငံမှာလည်း လုပ်ငန်းသုံးကားတွေပဲလေ။ ကျွန်တော် တို့ဆီကိုရောက်မှ ဒီလို
တွေဖြစ်နေတယ်ဆိုရင် နည်းနည်းတော့ စဉ်းစားစရာ ဖြစ်နေပြီ" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ
ကိုနိုင်မင်းက ပြောသည်။
"အခု ကညနက အင်္ဂလိပ်အက္ခရာနဲ့ နံပါတ်ပြားတွေကို ဒီလ ၄ ရက်နေ့ က စထုတ်ပေးနေပြီး
သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်ထားတဲ့ အင်္ဂလိပ် အက္ခရာတွေကို သုံးထားတယ်" ဟု
ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။
အဆိုပါ နံပါတ်ပြား အသစ်များတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် YGN၊ မန္တလေးတိုင်းဒေသကြီး
အတွက် MDY၊ မကွေးတိုင်းဒေသကြီးအတွက် MGY၊ ဧရာဝတီတိုင်းဒေသကြီးအတွက် AYY၊
ပဲခူးတိုင်းဒေသကြီးအတွက် BGO၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် SGG၊ တနင်္သာရီအတွက် TNI၊
ရခိုင်ပြည်နယ် အတွက် RKE၊ မွန်ပြည်နယ်အတွက် MON၊ ကရင်ပြည်နယ်အတွက် KYN၊
ကယားပြည်နယ်အတွက် KYH၊ ကချင်ပြည်နယ်အတွက် KCN နှင့် ရှမ်းပြည်နယ်အတွက် SHN
အသီးသီးသတ်မှတ်ကာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များလိုက် အသုံးပြုသွားရန်
ထုတ်သွားပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့သည်။
















