မြန်မာနိုင်ငံဗဟိုဘဏ်၏ သတင်းအချက်အလက် စင်တာ တည်ဆောက်မှုကို ထောက်ပံ့ပေးရန်
သဘောတူညီမှု နှင့်အတူ တိုရှီဘာကုမ္ပဏီက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲသစ် လာရောက်
ဖွင့်လှစ်ခဲ့ကြောင်း ရန်ကုန် တိုရှီဘာရုံးခွဲမှ တာဝန်ရှိသူများက ပြောသည်။
အဆိုပါရုံးခွဲမှာ စင်ကာပူအခြေစိုက် တိုရှီဘာ အာရှပစိဖိတ် ပုဂ္ဂလိကလီမိတက်၏ ရန်ကုန်ရုံးခွဲအဖြစ်
၂၀၁၃ နှစ်ဦးပိုင်းမှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြန့်ချိ
ရောင်းချလျက်ရှိသည့် အိမ်သုံးပစ္စည်းများအပြင် မြန်မာနိုင်ငံ၏ လုံခြံုရေးစနစ်များ၊ ရေအား လျှပ်စစ်
များနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
"အခုလို တိုရှီဘာရုံးခွဲကို မြန်မာပြည်မှာ လာဖွင့်ရတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အရမ်းကို
၀မ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက တိုရှီဘာကထုတ်တဲ့ အိမ်သုံးပစ္စည်းတွေကို
၁၉၈၀ ပြည့်နှစ်ဝန်းကျင် လောက်ကတည်းက စတင်အသုံးပြုနေခဲ့လို့ပါ။ တိုရှီဘာအနေနဲ့ကလည်း
နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုအတွက် အပြည့်အဝကူညီပေးနိုင်အောင် ဆောင်ရွက်နေပါတယ်"
ဟု တိုရှီဘာ ကော်ပိုရေးရှင်း၏ အကျိုးတူစီးပွား လုပ်ငန်းများ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဟီဒေဂျီ
ရိုရှီမိုမစ်ဆုက ပြောသည်။
ထို့ပြင် တိုရှီဘာကုမ္ပဏီသည် လာမည့် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ဒိုင်ဝါသုတေသနအင်စတီကျု၊
ဂျပန်နှီးနှော ဖလှယ်ရေးအုပ်စုနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဗဟိုဘဏ်များတွင် လုံခြံုရေးအရ အပြန်
အလှန်သတင်းဖလှယ်မှုစနစ်ဖြင့် အသုံးပြုမည့် သတင်းအချက်အလက် ဗဟိုစင်တာအား ထောက်ပံ့
သွားမည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
ထိုသို့ တည်ဆောက်ရာတွင် တိုရှီဘာကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် စတင်
လည်ပတ်နိုင်ရန် ကြိုးစားလျက်ရှိသည်။
တိုရှီဘာကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်ရသည့် အကြောင်းရင်းမှာ တိုရှီဘာအနေဖြင့်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကူညီပါ၀င်ဆောင်ရွက်ရန်နှင့် လုပ်ငန်းတိုးချဲ့ နိုင်ရန်
အတွက်လည်း ဖြစ်ကြောင်း ရန်ကုန်မြို့ရုံးခွဲ ကိုယ်စားလှယ် အကြီးအကဲ မစ္စတာတက်ဆိုယာရိုနေဒါ
က ပြောသည်။
"တိုရှီဘာရုံးခွဲကို မြန်မာနိုင်ငံမှာလာပြီး ဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ
တစ်ချိန် ကျရင်လိုအပ်လာမယ့် ကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရန်ကုန်မြို့ ရဲ့ တိုရှီဘာရုံးခွဲ
ကနေ တစ်ဆင့် ဈေးကွက် စုံစမ်းစစ်ဆေးပြီး လူမှုအခြေခံအပြင် တခြားနယ်ပယ်တွေက စီးပွားရေး
တွေကို မြှင့်တင်သွားဖို့ပါပဲ။ နောက်ပြီး နိုင်ငံအတွင်းမှာ ခိုင်မာတဲ့ နေရာတစ်ခုရရှိဖို့နဲ့ မြန်မာနိုင်ငံရဲ့
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်အောင် ရုံးခွဲအသစ်ကို စတင်
တည်ထောင် ခြင်းဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
တိုရှီဘာကုမ္ပဏီသည် ၁၈၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ တွင် ကုမ္ပဏီခွဲပေါင်း
၅၉၀ ကျော်ရှိပြီး ကုန်ပစ္စည်းများ တစ်နှစ်ရောင်းချမှု ၀င်ငွေ ပျှမ်းမျှအမေရိကန် ဒေါ်လာ ၆၁ ဘီလျံ
ကျော်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိသည်။
















