ရခိုင်ပြည်နယ်ရှိ သဘာဝ ပုစွန်မွေးမြူရေးလုပ်ငန်း ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အထွက်နှုန်း ကျဆင်းလာ

ရခိုင်ပြည်နယ်ရှိ သဘာဝ ပုစွန်မွေးမြူရေးလုပ်ငန်း ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အထွက်နှုန်း ကျဆင်းလာ

ရခိုင်ပြည်နယ်တွင် သဘာဝအလျောက် မွေးမြူသည့် ရေငန်ပုစွန်ကျားမွေးမြူရေးလုပ်ငန်းမှာ
ပြီးခဲ့သည့် ၁၀နှစ်အတွင်း အထွက်နှုန်း ဆက်တိုက်ကျ ဆင်းလာကာ လက်ရှိအထွက်နှုန်းမှာ
မူလအောက် လေးပုံ သုံးပုံခန့် ကျဆင်းလာသည့်အတွက် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ
များစွာ ကြံုတွေ့နေကြောင်း ဒေသခံပုစွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံပုစွန်မွေးမြူရေး
လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပြောသည်။

"ပုစွန်အထွက်နှုန်းက တော်တော်ကို ကျသွားတယ်။ ဒီလိုအထွက်နှုန်းကျလာတာ ဆယ်စုနှစ်တစ်ခု
လောက်ရှိတော့မယ်။ အထွက်နှုန်းကျလာတာ ကြာလာတာနဲ့အမျှ မွေးမြူရေးလုပ်တဲ့သူတွေ
ဆက်ပြီးမလုပ်နိုင်ကြတော့ဘူး။ အရင်တုန်းက ဧက ၃၀၊ ၄၀ လောက်ရှိတဲ့သူဆိုရင် အဆင်ပြေပြေ
နေနိုင်တယ်။ အခု ဧက ၁၀၀ လောက်ရှိတဲ့သူတောင် သိပ်အဆင်မပြေနိုင်တော့ဘူး။ တချို့ဆိုရင်
လုပ်ငန်းဆက်မလုပ်နိုင်တော့လို့ ရပ်လိုက်ရတယ်" ဟု ဒေသခံ မွေးမြူရေးလုပ်ကိုင်သူ တစ်ဦးဖြစ်သူ
ဦးမောင်မောင်ထွန်းက ပြောသည်။

ပုစွန်အထွက်နှုန်းမှာ ယခင်က တစ်ဧကလျှင် ၄၀ ကီလိုဂရမ် ထွက်ရှိသော်လည်း ယခုအခါတွင်
တစ်ဧကလျှင် အများဆုံး ၁၀ ကီလိုဂရမ်သာ ထွက်ရှိတော့ကြောင်း ဦးမောင်မောင်ထွန်းက
ပြောသည်။

"အထွက်နှုန်းက တော်တော်ကို ကျဆင်းသွားတယ်။ တချို့ကန်တွေဆိုရင် တစ်ဧကကို လေးကီလို
ဂရမ်လောက်ပဲ ထွက်တော့တယ်။ အဲလောက်ပဲထွက်တော့ လုပ်ငန်းက ဘယ်လိုမှဆက်လုပ်လို့
အဆင်မပြေတော့ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့လုပ်ငန်းက သဘာဝအလျောက်ပေါက်ဖွားတဲ့
ပုစွန်ကို မွေးမြူရတာဆိုတော့ သဘာဝအတိုင်း ပေါက်ဖွားနှုန်းကိုက ကျလာတော့ ဘယ်လိုမှ
မတတ်နိုင်ဘူး။ သဘာဝဆိုတာကလည်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ထပ်တလဲလဲအသုံးပြုရင် အချိန်
ကြာလာတာနဲ့အမျှ ပျက်စီးလာတတ်ကြတာပဲလေ။ ကျွန်တော်တို့ အနေနဲ့လည်း ထိန်းသိမ်းသင့်
ပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းဖို့က ကျွန်တော်တို့ မွေးမြူရေးလုပ်ငန်းရှင်တွေချည်းပဲလည်း မတတ်နိုင်
ဘူး" ဟု ၎င်းက ပြောသည်။

ပုစွန် အထွက်နှုန်း ကျဆင်းသွားမှုကြောင့် ရခိုင်ပြည်နယ်တွင်းရှိ သဘာဝ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်
များ ဆက်လက် မလုပ်ကိုင်နိုင်တော့ဘဲ လုပ်ငန်းရပ်ဆိုင်း လိုက်ရသည့် ပုစွန်မွေးကန် အရေအတွက်
မှာလည်း များလာကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ
ဦးစံလှကျော်က ပြောသည်။

"အရင်တုန်းက ရခိုင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ဆိုရင် ပုစွန်မွေးကန် ၁၅၅,၀၀၀ လောက်
ရှိတယ်။ အခု ၁၁၀,၀၀၀ လောက်ပဲ ကျန်တော့တယ်။ သဘာဝမွေးနည်း ပုစွန်မွေးတာ အရင်းသိပ်
မကြီးပေမယ့် ပုစွန်ကအထွက် နည်းတော့ ပုစွန်ဖော်ချိန်ဆိုရင် အလုပ်သမားကြေးတွေပေးရတော့
ပြန်ရောင်းတဲ့အခါမှာ တွက်ခြေမကိုက်တော့ဘူး။ အထွက်နှုန်းနည်းတော့ အရလည်း နည်းတာပေါ့"
ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

သဘာဝအလျောက် ပုစွန်မွေးမြူရေးအတွက် ကုန်ကျသည့် ကုန်ကျစရိတ်မှာ တစ်ဧက ကျပ်
သုံးသိန်းခန့်သာ ကုန်ကျကြောင်း လုပ်ငန်းရှင်များ ကပြောသည်။

ရခိုင်ပြည်နယ်တွင် သဘာဝပုစွန်မွေးမြူရေးလုပ်ငန်းသည် ကန်များ ပြုလုပ်ထားကာ ပင်လယ်ရေ
တက်ချိန်တွင် ပုစွန်သားပေါက်များမှာ ကန်အတွင်း၌ ရှိနေခဲ့ပြီး ပင်လယ်ရေကျချိန်တွင် ပြန်လည်ပါ
သွားခြင်းမရှိဘဲ ကျန်ရစ်ခဲ့ကာ ကန်အတွင်း၌ပင် ရှင်သန်ကျက်စားကာ အရွယ်ရောက်လာသည့်
ပုစွန်များကို ပိုက်ကွန်များဖြင့် ဖမ်းယူပြီး ဈေးကွက်သို့ရောင်းချခြင်းဖြစ်သည်။

ပုစွန်ကန်များကို တစ်လလျှင်နှစ်ကြိမ် ရေလဲလှယ်ပေးရပြီး ငါးလတစ်ကြိမ် အရွယ်ရောက်ပုစွန်များ
ကို ဈေးကွက်အတွင်းသို့ ရောင်းချနိုင်ကြောင်း ပုစွန် မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်သူ
ဦးစံလှကျော်က ပြောသည်။

"ရခိုင်ပြည်နယ်မှာ သဘာဝကနေ အဓိကရတဲ့ ပုစွန်ကတော့ ပုစွန်ကျားပေါ့၊ ကျန်တဲ့ ပုစွန်တွေ
ကတော့ ပုစွန်ဖြူနဲ့ ပုစွန်နီတွေလည်းပါတယ်။ ကျွန်တော်တို့ဆီကနေရတဲ့ ရေငန်ပုစွန်ကျားကို
ရန်ကုန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို အဓိကရောင်းတယ်။ အခုလက်ရှိ ပြည်တွင်းဈေးကွက်မှာတော့
ပုစွန်ကျား တစ်ကီလိုဂရမ်ကို ကျပ် ၁,၂၀၀ လောက် ရတယ်" ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် သဘာဝအလျောက် မွေးမြူလျက်ရှိသည့် ဒေသမျိုးရင်း ကျားပုစွန်များသည်
ယခုအခါတွင် ရှင်သန်နှုန်း လျော့ကျမှုများကြောင့် အထွက်နှုန်းနည်းလာခြင်းဖြစ်ကြောင်း
မြန်မာနိုင်ငံ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးနှင်းဦးက ပြောသည်။

"ကျားပုစွန်က ရခိုင်ပြည်နယ်ရဲ့ ဒေသမျိုးရင်း ပုစွန်ဖြစ်တယ်။ တခြား ပုစွန်တွေရှိပေမယ့် ကျားပုစွန်
ကအဓိကပဲ။ အရင်တုန်းက ၁၀၀ ရာခိုင် နှုန်းမှာ ၆၀ ရာခိုင်နှုန်းလောက် ရှင်တယ်။ အခုတော့ ၁၀၀
မှာ ၂၀ ကနေ အများဆုံး ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှင်တော့တယ်" ဟု ၎င်းက၊ပြောသည်။

သဘာဝအလျောက် မွေးမြူရေးများ ကိုလျှော့ချကာ သားပေါက်များဖြင့် အဆင့်မြင့်မွေးမြူရေးကန်
များဖြင့် မွေးမြူရေးအား ပြောင်းလဲ လုပ်ကိုင်စေလိုကြောင်း ဦးနှင်းဦးက ပြောသည်။

"သဘာဝအတိုင်း ပုစွန်ရှင်သန်နှုန်းကျတော့ ပုစွန်သားပေါက်တွေ ၀ယ်ပြီး စနစ်တကျမွေးမယ်ဆိုရင်
အထွက်နှုန်းများလာမှာပါ။ ဒါပေမဲ့ ဒီစနစ်က အရင်းအနှီးများတယ်" ဟု ၎င်းက ပြောသည်။

သဘာဝအတိုင်း ပင်လယ်ပြင်တွင် ပေါက်ဖွားသည့် ပုစွန်များကိုသာ အားကိုးမွေးမြူနေရသည့်
ရခိုင်ဒေသခံ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုစွန် မွေးမြူရေး
လုပ်ငန်းများကဲ့သို့ သား ဖောက်သည့် နည်းအတိုင်းလုပ်ကိုင်ရန် လိုအပ်သောအရင်းအနှီး မရှိသည့်
အတွက်မလုပ်နိုင်ကြောင်းပြောသည်။

ကျောက်တန်းမြို့နယ်ရှိ မွေးမြူရေးဇုန်နှင့် ပုသိမ်မြို့နယ်ရှိ ငွေဆောင်မွေးမြူရေးဇုန်တို့မှ ပုစွန်ကန်များ
တွင် ပုစွန်ဖြူနှင့် ရေငံပုစွန်ကျားများအား စနစ်တကျစမ်းသပ်မွေးမြူရာ နှစ်ဧက ခွဲကန်၏
အထွက်နှုန်းမှာ ငါးတန်အထိ ထွက်ရှိကြောင်း မွေးမြူသူများက ပြောသည်။

ရေငန်ပုစွန်ကျားကို ၁၉၉၈ ခုနှစ် မှစတင်၍ မြန်မာနိုင်ငံတွင် ကျယ်ပြန့် စွာမွေးမြူလာပြီး ၂၀၀၃
နောက်ပိုင်းတွင် မွေးမြူရေးအားကျဆင်းလာခဲ့ရာ ပြည်ပသို့ ရေငန်ပုစွန်ကျားတင်ပို့မှုသည် ယခင်က
တန်ချိန် ၂၅,၀၀၀ ရှိခဲ့ရာ မှ လက်ရှိတွင် ၁၈,၀၀၀ ခန့်သာ တင်ပို့ နိုင်တော့ကြောင်း မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးဟန်ထွန်းက ပြောသည်။

ရေငန်ပုစွန် ကျားမွေးမြူရေးကို ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ မင်းပြား၊ ပေါက်တောနှင့်
မြေပုံမြို့နယ်များတွင် အဓိက မွေးမြူလုပ်ကိုင်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး