ဗဟိုဘဏ်ဥပဒေ ဇူလိုင်လ ၁ ရက်နေ့က ထွက်ပေါ်လာပြီး မကြာမီအချိန်တွင် လွတ်လပ်သော
ဗဟိုဘဏ်၏ ဒါရိုက် တာဘုတ်အဖွဲ့ ဖွဲ့စည်းရန် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် ညွှန်ကြားရေးမှူးရာထူးများ
ကို နိုင်ငံ တော်သမ္မတက ပြောင်းလဲ ခန့်အပ် လိုက်သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ၁၉၉၉ မှ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သော ဦးကျော်ကျော်
မောင်ကို ဥက္ကဋ္ဌ သစ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီး ဒုတိယဥက္ကဌများအဖြစ် ဦးဆက်အောင်၊
ဦးသန်းညိမ်းနှင့် ဒေါ်ခင်စောဦးတို့အား ခန့်အပ်သည့် သမ္မတ၏အမိန့်ကြော်ငြာ စာကို ဇူလိုင်လ
၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ထုတ်ပြန်ခဲ့သည်။
ဘုတ်အဖွဲ့ကို ညွှန်ကြားရေးမှူး ကိုးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ ကျန်ငါးဦး၏စာရင်းကို မကြာမီထုတ်
ပြန်မည် ဖြစ်သည်။ ဗဟိုဘဏ်၏ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကမ္ဗောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌ
ဦးသန်းလွင်က "ဦးကျော်ကျော်မောင် ကို ဥက္ကဋ္ဌ ပြန်ခန့်တဲ့အတွက်အတော် လေးဝမ်းသာပါ
တယ်။ သူနဲ့အရင်က တွဲလုပ်ခဲ့ဖူးတဲ့အတွက် သူ့အကြောင်း ကိုလည်း အတော်လေးသိပါတယ်"
ဟု ပြောသည်။
ထို့ပြင် အခြားဒုဥက္ကဋ္ဌ အဖွဲ့ဝင်များ မှာလည်း ဘဏ္ဍာရေး၊ ငွေကြေးကဏ္ဍ များအတွက် သင့်တော်
ကြောင်း ၎င်းက ပြောသည်။ ဗဟိုဘဏ်တွင် လက်ရှိလုပ်ကိုင်နေ သော ညွှန်ကြားရေးမှူးတစ်ဦးက
မူ ယခု ဥက္ကဋ္ဌသည် လွန်ခဲ့သော၂၀၀၃ ခုနှစ် ဘဏ်အကျပ်အတည်းအခြေအနေပေါ်ပေါက်ခဲ့ချိန်က
ပြဿနာများကို ဖြေရှင်းပေးခဲ့သော အတွေ့အကြံုရှိသူတစ်ဦးဖြစ်သောကြောင့် ယခုအခြေအနေကို
လည်း ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
"အခုပုဂ္ဂိုလ်တွေက အများကြီးမျှော် လင့်လို့ရပါတယ်။ အားလုံးက ဘဏ် လုပ်ငန်းမှာလည်း
အကျွမ်းတဝင်ရှိနေပြီးသားပါ"ဟု ၎င်းက ပြောသည်။ ဗဟိုဘဏ်ဥပဒေ ၂၀၁၃ အရ ဒါရိုက် တာ
အဖွဲ့ဝင်ကိုးဦးသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတ က
ခန့်အပ်တာဝန်ပေးရပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ၏သက်တမ်းမှာ ငါးနှစ်နှင့် ကျန်ဒါရိုက် တာအဖွဲ့ဝင်များ
၏ သက်တမ်းမှာ လေးနှစ်ဖြစ်သည်။
ဒါရိုက်တာအဖွဲ့ ၀င်များသည် ဆက်တိုက် သက်တမ်းနှစ်ခုထက် ပိုထမ်းဆောင်ခွင့်မရှိပေ။ ထို့ပြင်
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေးပညာ ရပ်၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊
ဥပဒေ ပညာရပ်၊ စာရင်းကိုင်နှင့် စာရင်းစစ်လုပ်ငန်း တစ်ရပ်ရပ်တွင် အတွေ့အကြံု နှင့် ဗဟုသုတ
ကြွယ်ဝသူများဖြစ်ရမည် ဖြစ်သည်။
















