ထိုင်းနိုင်ငံမှ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင်ရင်းနှီး မြှုပ်နှံရန် ဒေသခံမွေးမြူ
ရေးလုပ်ငန်း ရှင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူရေး လုပ်ငန်း
ရှင်များအသင်းမှ တာဝန်ရှိသူ များက ပြောသည်။
"ထိုင်းနိုင်ငံကနေ မွေးမြူရေးလုပ်ငန်းရှင်တွေကိုယ်စား ကိုယ်စားလှယ်သုံးဦးက ဒီမှာ ရင်းနှီးမြှုပ်နှံမှု
တွေလုပ် ချင်တယ်ဆိုပြီး ဆက်သွယ်လာတဲ့အတွက် ကျွန်တော်တို့ အသင်းက ဒီက မွေးမြူရေး
လုပ်ငန်းရှင်တွေနဲ့တွေ့ဖို့ စီစဉ်ပေးခဲ့တာပါ။ သူတို့အနေနဲ့က ဒီမှာရင်းနှီးမြှုပ်နှံဖို့အတွက် ပထမ ဦး
ဆုံး ဒီကမွေးမြူရေးသမားတွေနဲ့ ညှိနှိုင်းရဦးမှာဆိုတော့ ဒီဘက်က လုပ် ငန်းရှင်တွေကလည်း
သဘောတူညီမှ သူတို့ဘက်က ဆက်လုပ်လို့ရမှာပါ။ ဒေသခံတွေအနေနဲ့ကတော့ သူတို့ရဲ့မွေးမြူ
ရေးလုပ်ငန်းက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးနိုင်မယ်ဆိုရင် လာရောက်လုပ်ကိုင်ဖို့ကို လက်ခံ
မှာမဟုတ်ဘူး။ အခုလောလောဆယ်တော့ သူတို့ ဒီကပုစွန်ကန်တွေကို သွားပြီး လေ့လာနေကြ
တယ်"ဟု မြန်မာ နိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံမှ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်း
လာရောက် လုပ်ကိုင်လိုခြင်းသည် မြန်မာနိုင်ငံအနေဖြင့် အီးယူနှင့် အမေရိကန်နိုင်ငံ တို့မှ အခွန်
ကင်းလွတ်သက်သာခွင့်များရရှိထားသည့်အတွက် လာရောက် လုပ်ကိုင်လိုခြင်းဖြစ်ကြောင်း
မြန်မာ နိုင်ငံ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များ အသင်းဝင်တစ်ဦးဖြစ်သည့် PAG ပုစွန် မွေးမြူရေး
လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက် တာ ဦးတင်ထွန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အဓိကကတော့ ပုစွန်မွေးမြူရေးက သူတို့ဆီမှာလည်း အသေအပျောက်နည်းနည်းရှိတယ်။
နောက်ပြီး သူတို့တွေ က ဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံဆိုတော့ သူတို့ ကုန်ပစ္စည်း တင်ပို့မှုတွေမှာ
အခွန်ကင်းလွတ်ခွင့်တွေ မရကြဘူး။ မြန်မာ နိုင်ငံက အီးယူတို့၊ အမေရိကတို့ရဲ့ အခွန် ကင်းလွတ်
ခွင့်တွေကို ရထားတာဆိုတော့ မြန်မာနိုင်ငံက တင်ပို့ မယ်ဆိုရင် သူတို့အတွက်အကျိုးအမြတ်
ပိုရနိုင် တာပေါ့။ မြန်မာနိုင်ငံရဲ့ ပုစွန် မွေးမြူရေးကလည်း ပုံမှန်အနေအထား ဆိုတော့ သူတို့တွေ
ဒီမှာလာပြီး ရင်းနှီး မြှုပ်နှံမှုလုပ်မယ်ဆိုရင်လည်း ဒီကလူတွေအတွက် အတွေ့အကြံုနဲ့ အလုပ်
အကိုင်တော့ ရမှာပါ" ဟု ၎င်းက ပြော သည်။
အဆိုပါထိုင်းနိုင်ငံမှ လုပ်ငန်းရှင် များသည် မြန်မာနိုင်ငံတွင်ရေချိုနှင့် ရေငန် ပုစွန်မွေးမြူရေးလုပ်
ငန်းနှစ်ခု စလုံးအား စိတ်ဝင်စားမှုရှိပြီး ယခုအခါတွင် ကျောက်တန်းမြို့နယ်ရှိ ပုစွန် မွေးမြူရေးလုပ်
ငန်းများအား သွား ရောက်လေ့လာလျက်ရှိကြောင်း ၎င်း က ပြောသည်။
"သူတို့ ကျောက်တန်းက ပုစွန်ကန် တွေကို အဓိကသွားလေ့လာနေကြ တယ်။ ကျောက်တန်းက
မွေးမြူရေး က လည်း အောင်မြင်တယ်လေ။ တစ်ဟက် တာရှိတဲ့ ပုစွန်ကန် တစ်ကန်ကို ခြောက်
တန်လောက်ထွက်တယ်။ အဲဒီ က ရေငန်ပုစွန်ဖြူမွေးမြူရေးက အောင်မြင်တယ်။
ပြီးတော့ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ပြီး ညှိနှိုင်းမှုတွေ လုပ်နေကြပါတယ်။ တကယ်
လို့ မမွေးနိုင်တဲ့လုပ်ငန်းရှင်တွေရှိခဲ့ရင် သူတို့တွေက ပုစွန်မျိုးစိုက်မယ်။ အစာ စရိတ်၊ ဒီဇယ်ဖိုး
စတာတွေကိုတော့ သူတို့က ရင်းနှီးမြှုပ်နှံပြီး ဒီကလုပ်ငန်း ရှင်တွေက မြေနေရာနဲ့ အလုပ်သမား
တွေပေးပြီး ပူးပေါင်းလုပ်ကိုင်ဖို့ အစီ အစဉ်ရှိတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ပုစွန်မွေးမြူရေးလုပ်ငန်းသည် ထုတ်လုပ်မှု မကျဆင်းသော်လည်း ဈေးကွက်
မထိုး ဖောက်နိုင်သည့်အတွက် အချို့မွေးမြူရေးသမားများမှာ အရှုံးပေါ်မှုများရှိသည့်အတွက် ထိုင်း
နိုင်ငံမှ စီးပွားရေးလာရောက် လုပ်ကိုင်မှုများကြောင့် ပြန်လည်အဆင်ပြေလာနိုင်ကြောင်း မြန်မာနိုင်
ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဟန်ထွန်းက ပြောသည်။
"ဒီကမွေးမြူရေးက ထုတ်လုပ်နိုင်တယ်ဆိုရင်တောင် သူတို့လို ဈေးကွက်ကောင်းကောင်းမရှိဘူး။
သူတို့တွေက ဈေးကွက်ခိုင်ခိုင်မာမာ ရှိပြီးသားပါ။ နောက်ပြီး နည်းပညာလည်း မြင့်ပြီး အရင်းအနှီး
လည်း ရှိတယ်။ ဒီတော့ သူတို့အနေနဲ့ ဒီမှာလာပြီး စီးပွားရေးလာလုပ်မယ်ဆိုရင် ဒီကလူတွေလည်း
အဆင်ပြေလာနိုင်မှာပါ။ နောက်ပြီး မြန်မာနိုင်ငံက အခွန်ကင်းလွတ်ခွင့်တွေ ရှိတော့ မွေးမြူလို့ရတဲ့
ပုစွန်တွေကို ဒီက စက်ရုံတွေက ပြုပြင်ထုတ်လုပ်ပြီး တင်ပို့ ဖို့များတယ်။ ဒါကြောင့် ဒီက စက်ရုံတွေ
လည်း အလုပ်ရလာနိုင်တယ်" ဟု ၎င်း က ပြောသည်။
ပုစွန်ဈေးကွက်သည် ဥရောပနိုင်ငံများနှင့် အမေရိကဈေးကွက်တွင် အကြီးမားဆုံး ဈေးကွက်တစ်
ခုဖြစ်သည့်အတွက် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့က နှစ်စဉ်တင်ပို့ လျက်ရှိပြီး မြန်မာနိုင်ငံသည်
အဆိုပါဈေးကွက်သို့ တင်ပို့နိုင်သော်လည်း အားနည်းလျက် ရှိကြောင်း ပုစွန်လုပ်ငန်းရှင်များက
ပြောသည်။

















