ပြည်ပကုမ္ပဏီများ၊ လုပ်ကိုင်ခွင့်ရမည့်အပေါ် ဆန်လုပ်ငန်းရှင်များ၊စိုးရိမ်

ပြည်ပကုမ္ပဏီများ၊ လုပ်ကိုင်ခွင့်ရမည့်အပေါ် ဆန်လုပ်ငန်းရှင်များ၊စိုးရိမ်

ပြည်တွင်း ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်
ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားကုမ္ပဏီများအား မြန်မာနိုင်ငံအတွင်း လက်လီလက်ကား ကူး
သန်းရောင်းဝယ်ရေးလုပ်ငန်းကို မကြာမီအချိန်အတွင်း လုပ်ကိုင်ခွင့်ပြု နိုင်ရေးအတွက် ထည့်သွင်း
စဉ်းစားနေမှုအပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်းပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်သွယ် ရေး ညွှန်ကြားမှုဦးစီး
ဌာနက နိုင်ငံခြား ကုမ္ပဏီများအား မြန်မာနိုင်ငံတွင်း၌ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း (လက်လီ/
လက်ကား)ကို ခွင့်ပြုပေးရေး နှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း
ရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ သို့ ဇူလိုင်လ ၅ ရက်နေ့က ရုံးစာပေးပို့ ကာ အကြံပြု
သုံးသပ်ချက်များနှင့် သဘောထားအမြင်များကို တောင်းခံခဲ့ ပြီး အဆိုပါအကြံပြုချက်များအပေါ်
မူတည်ကာ ဖြစ်ပေါ်လာနိုင်သည့် အကျိုး အပြစ်များကို သုံးသပ်၍ မူဝါဒတစ်ရပ် ရေးဆွဲမည်
ဖြစ်သည်။

"သူတို့လို နိုင်ငံတကာအတွေ့အကြံု များပြီး နည်းပညာလည်းရှိနေတဲ့ကုမ္ပဏီ တွေဝင်လာရင်
ကျွန်တော်တို့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မယ်မထင်ပါဘူး။ ကျွန်တော် တို့ ဈေးကွက်က ခုမှစပြီးပွင့်ခါ
စရှိသေး တာ။ အခုလိုခွင့်ပြုမယ်ဆိုတာတော့ စောလွန်းသေးတယ်လို့ ကျွန်တော်က ထင်တယ်။
၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုင်းအဝိုင်းကို အကောင်အထည်ဖေါ်တဲ့အချိန် ရောက်ရင်
လည်း မဖြစ်မနေ ခွင့်ပြုပေးရတော့မှာဆိုတော့ ဒီကြားထဲမှာ အချိန်နည်းနည်းပေးသင့် တယ်လို့
ထင်တယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
ဦးစိုးဝင်း က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်
ရေးအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အဆိုပါကိစ္စကို ဆောင်ရွက်ခြင်း
ဖြင့် ပြည်တွင်း အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန် စေသည့်အတွက် ဆောင်ရွက်ခြင်း
ဖြစ် သည်။

"ရှေ့ကိုသွားနေတဲ့ လမ်းကြောင်း ကြီးမှာ သတ်မှတ်ထားတဲ့ စည်းဘောင် တွေအရ ဖြေလျှော့ပေး
ရတာတွေတော့ ရှိတာပေါ့။ အရင်တုန်းကတော့ ပိတ် ထားခဲ့ပေမယ့် အခုက နိုင်ငံတကာက သတ်
မှတ်ထားတဲ့ မူဘောင်တွေအတိုင်း ဖွင့်ကိုဖွင့်ပေးရတော့မယ်။ ဒါကို အစ ကတည်းက ကြိုတင်
အသိပေး အစီရင်ခံ ထားတာပါ။ ယှဉ်ပြိုင်ဖို့ အတွက်က တော့ ကိုယ့်နိုင်ငံသားတွေက ကြိုတင်
ပြင်ဆင်ထားရမှာပေါ့။ ဘယ်တော့လို့ အတိအကျမခန့်မှန်းနိုင်ပေမယ့် သိပ် မကြာခင် ခွင့်ပြုပေး
တော့မှာပါ "ဟု ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံ ဆန်စက်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်အများစုမှာ တရုတ်နှင့် ထိုင်း ကုမ္ပဏီများက
နည်းပညာနှင့် အတွေ့ အကြံုအရ အားသာချက်များ ရှိနေသော ကြောင့် ဆန်စပါးကဏ္ဍတွင်
၀င်ရောက်ခြယ်လှယ်၍ ဈေးကစားမည်ကို စိုးရိမ်ပူပန်ကြောင်းနှင့် ဆန်စပါးမှာ တိုင်းပြည် ၏
အဓိကကျသော စီးပွားရေးကဏ္ဍဖြစ် သဖြင့် ဆန်ကို ကန့်သတ်ထားသင့်ကြောင်းလည်း အကြံ
ပြုကြသည်။

သို့သော် စီးပွားရေးလုပ်ငန်းရှင်အချို့က ယခုကဲ့သို့ ခွင့်ပြုခြင်းသည် ပြည်တွင်းလုပ်ငန်းရှင်များကို
ထိခိုက်နိုင်သော်လည်း ပြည်သူများအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ကြောင်းနှင့်
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာနိုင်ကြောင်း ပြော
သည်။

"အထိုက်အလျောက်တော့ လုပ်ငန်း ရှင်တွေအနေနဲ့ အနစ်နာခံရမှာပေါ့။ ရေရှည်မှာ ပြည်တွင်းစား
သုံးသူတွေ အတွက် ကောင်းပါတယ်။ နိုင်ငံတကာ က ၀င်လာရင် ဒီဆန်စပါးကဏ္ဍကြီး တစ်ခုလုံး
ကောင်းသွားမှာ။ အခု ဆန်စပါး မှာက နည်းပညာရော စက်ပစ္စည်းတွေ ရော အများကြီးလိုအပ်နေ
တယ်။ အခု ဆို ကျွန်တော်တို့ဆီက အကြံပြုချက်တွေ တောင်းခံနေပြီ။ ပြည်တွင်းက လုပ်ဖော်
ကိုင်ဖက်က ပါကိုပါရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား ဘယ်လောက် ရာခိုင် နှုန်း ပါနိုင်မလဲဆို
တာ စဉ်းစားရမှာ။ အာဆီယံ စီးပွားရေးအသိုင်းအဝိုင်း ပေါ်ပေါက်လာမယ့်၂၀၁၅ က ခဏလေး နဲ့
ရောက်သွားမှာပါ။ အဲဒီတော့မှ ချက်ချင်းထလုပ်လို့မရပါဘူး။ ကျွန်တော် တို့ ခုကတည်းကက ကြို
တင်ပြင်ဆင် ထားသင့်တယ်လို့ထင်တယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း ချုပ်မှ ဗဟို
အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနေလင်းဇင်က ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက် အထွေထွေ
အတွင်းရေးမှူး ဦးဆန်းလင်းက ပြည်တွင်းလုပ်ငန်းရှင် များ ယှဉ်ပြိုင်နိုင်မည့် မူဝါဒတစ်ရပ် ရေးဆွဲ
ပေးပြီး အခွန်ကောက်ခံမှုများ ပြုလုပ်ပါက မျှတစွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

"လက်လီလက်ကား ရောင်းချပေး မယ်ဆိုရင် ပြည်သူတွေက ဈေးသက်သက် သာသာနဲ့သုံးလို့
ရမှာပါ။ လုပ်ငန်းရှင် တွေကတော့ သူတို့နစ်နာတယ်လို့ ထင် ကြတာပေါ့။ ကြားထဲမှာ ယှဉ်ပြိုင်နိုင်
တဲ့ မူဝါဒတစ်ရပ်တော့လိုမယ်။ အဓိက ကတော့ အခွန်သတ်မှတ်တာပေါ့။ အခွန် ကင်းလွတ်ခွင့်
ပေးတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ အခု ပြည်တွင်း လုပ်ငန်း ရှင်တွေရဲ့ သဘောထားကို တောင်း
နေပြီဆိုတော့ ကန့်သတ်တာတွေ ဖြည့်စွက် တာတွေလုပ်ပြီးမှ ခွင့်ပြုမယ်လို့ ထင် တယ်" ဟု ၎င်း
က ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင် များအသင်းချုပ်မှ အကြံပေးအဖွဲ့ဝင် ဦးမျိုးဦး၏ သဘောထား
မှတ်ချက်တွင် မူ လက်ရှိတွင်ပင် နိုင်ငံခြားကုမ္ပဏီများ က တိုင်းရင်းသားလုပ်ငန်းရှင်များကို အမည်
ခံခိုင်းပြီး အခြားသောကဏ္ဍများ တွင် ဈေးကစားမှုများပြုလုပ်နေကြ ကြောင်းနှင့် ဆန်စပါးကဏ္ဍ
တွင်မူ ယခင်ကတည်းက ခွင့်ပြုခဲ့ခြင်းမရှိသဖြင့် သတိထားဆင်ခြင်ရမည့် စာရင်း တွင် ထည့်သွင်း
သင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ လက်လီ လက်ကား ကူးသန်းရောင်းဝယ်မှုကို ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်
၍ ခွင့်ပြုသင့်ကြောင်းနှင့် လျှောက်ထား သမျှ အကုန်ခွင့်ပြုသည့် အနေအထား မျိုးမရောက်စေရန်
သတိထားသင့် ကြောင်းလည်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး