ဂျပန်နိုင်ငံ၊ တိုယိုတာကုမ္ပဏီက ၎င်းတို့ ထုတ်လုပ်သော ဇိမ်ခံကားအမျိုးအစားဖြစ်သည့် Lexus
ကားများအပါအဝင် အခြားကား အမျိုးအစားများအား အင်ဂျင်တပ်ဆင်မှုပိုင်းတွင် ချို့ယွင်း ချက်ရှိ
မှုကြောင့် ဂျပန်နိုင်ငံနှင့် မြောက် အမေရိကနိုင်ငံတို့တွင် ကားများ ပြန် သိမ်းခဲ့သော်လည်း မြန်မာ
နိုင်ငံ ကား ဈေးကွက်တွင် ထိခိုက်မှုမရှိကြောင်း ကားအရောင်းပြခန်း ဖွင့်လှစ်သူများ နှင့် ကားဝယ်
ရောင်းများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ က တိုယိုတာကုမ္ပဏီသည် ၎င်းတို့ ကုမ္ပဏီက ၂၀၀၅ ခုနှစ်မှ
၂၀၁၁ ခုနှစ် အတွင်း ထုတ်လုပ်ခဲ့သော Lexus GS 350 ၊ Lexus IS 350 နှင့် ၂၀၁၀ ပြည့်နှစ်၊ ဇွန်
လမှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ အတွင်း ထုတ်လုပ်ခဲ့သော Lexus IS350C အပါအဝင် မော်တော်ကား
စီးရေ ၁၆၉,၀၀၀ ခန့်မှာ အရည်အသွေး မပြည့်ဝခြင်းကြောင့် ပြန်လည်သိမ်း ဆည်းမည်ဖြစ်ကြောင်း
ကြေညာခဲ့သည်။
"ကျွန်တော်တို့ဆီမှာက အသစ် စက်စက်စီးနိုင်တဲ့ဦးရေလည်း နည်းပါ တယ်။ တကယ်လို့ အဲဒီလို
အခက် အခဲကြံုခဲ့ရင်တောင် ကုမ္ပဏီကိုပြန် ပြီး ဖြေရှင်းချက်တောင်းကြမှာလည်း မဟုတ်ဘူး။ ပျက်
ရင်ကိုယ့်အားကိုယ်ကိုးပြီး ပြင်လိုက်ကြမှာပဲ။ သူတို့ဆီမှာ ဘာဖြစ်ဖြစ် ဒီမှာတော့ ဘာမှမထူးဘူး"
ဟု Famer Auto ပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
ထို့ပြင် ဟိုက်ဘရစ်ကားများတွင် အသုံးပြုသော အင်ဗာတာစနစ်ချို့ယွင်း မှုကြောင့်လည်း တိုယိုတာ
ကုမ္ပဏီက မြောက်အမေရိကမှ ယာဉ်စီးရေ ၁၄၁,၀၀၀၊ ဥရောပ ဈေးကွက်တွင်းမှ ၃၇,၀၀၀ နှင့် ဂျပန်
နိုင်ငံတွင်း အစီးရေ ၁၅,၀၀၀ ကို ပြန်လည်သိမ်းဆည်းခဲ့ သည်။ "မြန်မာနိုင်ငံက ပူတော့ ဟိုက်ဘရစ်
ကားတွေနဲ့တော့ မကိုက်ဘူး။ ဘက်ထရီပျက်လွယ်သလို ပျက်သွားရင်လည်း အလွယ်တကူပြင်လို့
ရတဲ့နေရာ မရှိဘူး။ ဒီကသူတွေကတော့ ဟိုက်ဘရစ်ကားကို သိပ်မသုံးကြဘူး" ဟု ကားဝယ်ရောင်း
ကိုဇော်ဝိတ်က ပြောသည်။
လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ သို့တင်သွင်းသော ကားများမှာ အခြား နိုင်ငံများတွင် အသုံးပြု
ပြီးသားကား များသာ အများစုဖြစ်သောကြောင့် စက်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာချို့ယွင်း ခဲ့ပါကလည်း
ကုမ္ပဏီသို့ ဖြေရှင်းချက် ပြန်လည် တောင်းဆိုရန်မှာ မဖြစ် နိုင်သောကြောင့် ထိုကိစ္စနှင့် ပတ်သက်
၍ ကားပိုင်ရှင်များက စိတ်မဝင်စား ကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်း ရှင်များက ပြောသည်။
"ကျွန်တော်တို့အနေနဲ့ အသစ်ရောင်း နိုင်တဲ့အင်အားက သိပ်မရှိသေးဘူး။ ပြီးတော့ အဟောင်းကိုပဲ
၀ယ်ကြတာများတဲ့အတွက် ဘာမှလည်းပြောလို့ မရဘူး။ ပြီးတော့ ဘာအာမခံချက်မှ လည်းမရှိဘူး။
ကားတစ်ခုခုဖြစ်သွားခဲ့ ရင် ဘာပြန်လုပ်ပေးမှာလဲ ဆိုတာမျိုး လည်း အရင်ကတည်းက မရှိတာပါ"
ဟု AS Auto မှ ဒေါက်တာခန့်ဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် အသုံးများသော Lexus အမျိုးအစားမှာ Lexus 570 ဖြစ်ပြီး လက်ရှိတွင် ကျပ်
သိန်း ၂,၀၀၀ ကျော်ခန့် ပေါက်ဈေးရှိသည်။ "တခြားနိုင်ငံတွေမှာ ရောင်းထား တဲ့ကားတွေ ဘယ်
လိုပဲဖြစ်နေနေ မြန်မာ နိုင်ငံမှာတော့ ပြန်ပြီးသိမ်းရိုး ထုံးစံ မရှိပါဘူး။ ဖြစ်လာခဲ့ရင်တောင် ပြန်ပို့ဖို့
မလွယ်ဘူး။ အင်ဂျင်မကောင်းရင် ပြင်ပြီး စီးမယ်ဆိုတဲ့သူတွေပဲ များတယ်လေ။ ပြီးတော့ ဒီအမျိုး
အစားကလည်း ကုမ္ပဏီ ပိုင်ရှင်တွေလောက်ပဲစီးကြတာ။ သွင်းလာတာကလည်း ဒူဘိုင်းနဲ့ ကနေဒါ
နိုင်ငံကသွင်းတာ ပိုများတယ်။ ဂျပန်က သိပ်မသွင်းကြဘူး။ ဒူဘိုင်းဘက်က သွင်းတဲ့ Lexus က
တော့ ဂျပန်က သွင်းတဲ့ Lexus ထက် သိန်း ၂၀၀ လောက်တော့ လျော့တယ်" ဟု ကားပွဲစား
ဦးအောင်သန်းဝင်းက ပြောသည်။
တိုယိုတာကုမ္ပဏီက Lexus အမျိုး အစားများအပြင် မြန်မာနိုင်ငံတွင် လူကြိုက်များသော Crown
အမျိုးအစား နှင့် Mark X အမျိုးအစားများကိုလည်း ၎င်းတို့နိုင်ငံတွင်း ပြန်လည်သိမ်းဆည်း ခဲ့သည်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း တိုယိုတာကုမ္ပဏီက အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင်
ရောင်းချထား သော RAV4 SUVs နှင့် Lexus HS ဆီဒင်ကားစုစုပေါင်း ၈၈၀,၅၈၄ စီးကို ယာဉ်
အန္တရာယ် လုံခြံုစိတ်ချရမှု မရှိ ခြင်းကြောင့် ပြန်လည်သိမ်းဆည်းရန် ထပ်မံကြေညာခဲ့သည်။
















