မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းဆီးခွင့်ကို ပြန်လည်သုံးသပ်မည်

မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းဆီးခွင့်ကို ပြန်လည်သုံးသပ်မည်

၂၀၀၄ ခုနှစ်ခန့်မှ စတင်၍ မြန်မာ့ရေပိုင်နက်အတွင်း တရားဝင်ငါးဖမ်းဆီးခွင့်ရရှိထားသော
ထိုင်းငါးဖမ်းလုပ်ငန်းများ၏ ငါးဖမ်းဆီးခွင့်မှာ လာမည့် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်
ကုန်ဆုံးမည်ဖြစ်သည့်အတွက် ဆက်လက်ဖမ်းဆီးခွင့်တောင်းဆိုခဲ့သည့်အပေါ် ဒေသခံ
တိုင်းရင်းသား ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များက ကန့်ကွက် တင်ပြခဲ့ခြင်းကြောင့်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ တို့
အနေဖြင့် ယင်းအခြေအနေအပေါ် သုံးသပ်ကာ ဆုံးဖြတ်ချက်ချသွားမည် ဖြစ်ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

"တိုင်းရင်းသားငါးဖမ်းလုပ်ငန်း ရှင်တွေ တင်ပြတာကို ၀န်ကြီးဌာနမှာ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ဖို့
ရှိပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကနေရတဲ့ ရလဒ် ပေါ်မူတည်ပြီး အဖြေထုတ်မှာပါ။ ဒီအဖြေကို
နိုင်ငံတော်အစိုးရကိုလည်း ဆက်လက်တင်ပြသွားမှာပါ" ဟု နေပြည်တော် မွေးမြူရေး၊ ရေလုပ်
ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးမြင့်သူက မြန်မာတိုင်း(မ်) ကို ပြောသည်။

အဆိုပါ နိုင်ငံခြားငါးဖမ်းရေယာဉ် ငါးဖမ်းလုပ်ကိုင်ခွင့် (Fishing Right) သည် ၁၉၉၀ ပြည့်နှစ်က
ပြဋ္ဌာန်းခဲ့သည့် ပင်လယ်ငါးဖမ်းဥပဒေတွင် ပါ၀င်ခဲ့ပြီး ယခုအခါတွင် နိုင်ငံခြားငါးဖမ်း ရေယာဉ်များ
ငါးဖမ်းဆီးခွင့်အားဖျက်သိမ်းမည်ဆိုပါက ယင်းဥပဒေပါ ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည့်အတွက်
နိုင်ငံတော်အစိုးရအဖွဲ့၏ ဆုံးဖြတ်မှုလည်း လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်း
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"နိုင်ငံခြား ငါးဖမ်းရေယာဉ် ငါးဖမ်းလုပ်ကိုင်ခွင့်ကမြန်မာ့ရေလုပ်ငန်း ခေတ်လောက်ကတည်းက ရှိခဲ့
တာ။ နိုင်ငံခြားဝင်ငွေရရှိရေးကို အဓိကထား ပြီးငါးဖမ်းဆီးခွင့်ကို ပေးခဲ့တယ်။ အဲဒီ အတွက်လည်း
ဥပဒေရှိခဲ့တယ်။ ဖမ်းဆီး ခွင့်တွေပေးတိုင်းလည်းဥပဒေနဲ့အညီ လုပ်ရတယ်။ နိုင်ငံခြားငါးဖမ်းဆီးမှု
ထဲ မှာ ထိုင်းနိုင်ငံက အများဆုံးပဲ။ တခြား နိုင်ငံတွေလည်းရှိပေမယ့် သူတို့တွေက နောက်ပိုင်း
ဆက်မလုပ်တော့ဘူး။ အခု ငါးဖမ်းဆီးခွင့်ကလည်း ထိုင်းနိုင်ငံက ကုမ္ပဏီနှစ်ခုနဲ့ လုပ်ထားတဲ့အထဲ
ကမှ Ryuji International က နောက်ထပ်ငါးနှစ်ဖမ်းဆီးခွင့်ကို တောင်းတာ။ အခု ဖမ်းဆီးခွင့်က
လည်း မကုန်သေးဘူးဆိုတော့ ဒါကိုမကြာခင်မှာ ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်နေကြပါတယ်"
ဟု ၎င်းက ပြောသည်။

နိုင်ငံခြား ငါးဖမ်းရေယာဉ်များအား ငါးဖမ်းဆီးခွင့် ပေးသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်
အခွန်ငွေ နှစ်စဉ်ဒေါ်လာ ၁၂ သန်းခန့်ရရှိသော် လည်း တိုင်းရင်းသား ငါးဖမ်းလုပ်ငန်းရှင်များ
အနေဖြင့် အကျိုးယုတ်လျော့မှု များစွာရှိကြောင်း မြန်မာနိုင်ငံ ပင်လယ် ငါးဖမ်းလုပ်ငန်းရှင်များ
အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအောင်သန်းဦးက ပြောသည်။

"ပြည်ပ ငါးဖမ်းယာဉ်တွေကိုဖမ်းဆီး ခွင့်ပြုတဲ့အတွက် အခွန်ဝင်ငွေတွေ ရရှိပေမယ့်လည်း
ကျွန်တော်တို့လို တိုင်းရင်းသား ငါးဖမ်းလုပ်ငန်းရှင် တွေမှာလည်း အကျိုးယုတ်လျော့မှုတွေ
အများကြီးရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားငါးဖမ်းရေယာဉ်တွေ က သတ်မှတ်ထား
တဲ့လှေအစင်းရေ ထက်မက နံပါတ်တူတွေပြုလုပ်ပြီး ဖမ်းဆီးပါတယ်။ သူတို့ အဲဒီလိုဖမ်းတဲ့
အတွက် ဖမ်းဆီးမိတဲ့ကုန်ချိန်ကို အမှန် အကန်မသိနိုင်သလို နိုင်ငံအနေနဲ့ လည်း ပြည်ပပို့ကုန်
ရငွေလည်း မရနိုင်ပါဘူး။ နောက်ပြီး ပြည်တွင်းကုန် စီးဆင်းမှုလည်း မရရှိပါဘူး။ ပြည်တွင်းက
အအေးခန်း စက်ရုံတွေအတွက်လည်း ကုန်ကြမ်းမရရှိနိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

ထိုင်း၏ အချက်အချာကျသော စီးပွားရေးလုပ်ငန်းဖြစ်သည့် ရေလုပ်ငန်းမှ ထိုင်းငါးဖမ်းစက်လှေတစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - www.flickr.com

တိုင်းရင်းသားပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့်လည်း ယခုအခါတွင် ပင်လယ်ပြင်မှဖမ်းဆီး
ရရှိသည့်ငါးသယံဇာတမှာ လျော့နည်းလာသည့်အတွက် အဆိုပါ နိုင်ငံခြား ငါးဖမ်း စက်လှေများ
ကမ်းနီးအတွင်းသို့ ၀င်ရောက်ဖမ်းဆီးမှုများ၊ သတ်မှတ်ထားသည့် ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီး
မှုမရှိခြင်းများကြောင့် ငါးဖမ်းဆီးရာတွင် ပိုမို၍အခက်အခဲများကြံုရ ကြောင်း ၎င်းကပြောသည်။

"အရင်တုန်းကတော့ ပြည်တွင်းငါးဖမ်းဆီးမှုက အရေအတွက်နည်းတော့ မသိသာပေမယ့် အခု
အခါမှာ တော့ ပြည်တွင်းငါးဖမ်းဆီးမှုကလည်း များလာသလို ပြည်ပနိုင်ငံတွေရဲ့ စည်းကမ်းမရှိတဲ့
ငါးဖမ်းဆီးမှုတွေ ကြောင့် မြန်မာ့ပင်လယ်ပြင်က သယံဇာတတွေကလည်း တော်တော် လျော့နည်း
လာပါတယ်။ အခု နောက်ပိုင်း မှာ ငါးရရှိနှုန်းက အရမ်းကို နည်းလာပါပြီ။ အဲဒါကြောင့် ၂၀၁၄ ခုနှစ်
မှာ နိုင်ငံခြားငါးဖမ်းစက်လှေတွေ ငါးဖမ်းဆီးခွင့်ကုန်ဆုံးရင် ဆက်လက်မပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါ
တယ်" ဟု ၎င်းကပြောသည်။

ယင်းသို့ နိုင်ငံခြားငါးဖမ်းရေယာဉ် များ၏ စည်းကမ်းဖောက်ဖျက်မှုများ အတွက် ကောက်ခံထား
သည့် ဒဏ်ကြေး ငွေမှာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၁၇၆,၃၀၀ ခန့် ရရှိခဲ့
ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြသည်။ မြန်မာ နိုင်ငံ၏ ပင်လယ်ပြင်ငါးဖမ်း
ဆီးရရှိနှုန်း မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်နာရီ ဖမ်းဆီးရရှိနှုန်းမှာ ၁၅၀ ကီလိုဂရမ်ခန့် ရရှိပြီး
ယခုအခါတွင် ၈၀ ကီလိုဂရမ်ခန့် သာ ဖမ်းဆီးရရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး
လက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးခင်မောင်အေးကပြောသည်။

"တိုင်းရင်းသားလုပ်ငန်းရှင်တွေရဲ့ တင်ပြချက်ကလည်း မှန်ကန်ပါတယ်။ အခုပင်လယ်ပြင် ငါးဖမ်း
ဆီးရရှိမှု နှုန်းက ကျဆင်းလာတယ်ဆိုတော့ ဒီကိစ္စကို ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်သွား
မှာပါ" ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း တိုင်းရင်းသား လုပ်ငန်းရှင်များ
၏ တင်ပြမှုအပေါ် အကောင်းဆုံးဆုံးဖြတ် ချက်ချနိုင်ရန်အတွက် ကူညီသွားမည်ဖြစ်ပြီး လွှတ်တော်
တွင်တင်ပြရန်လိုအပ်ပါက ဆွေးနွေးပေးသွားမည်ဖြစ် ကြောင်း စက်တင်ဘာလအစောပိုင်းက လုပ်
ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ပင်လယ်ကမ်းဝေး
ငါးဖမ်းလုပ်ငန်းရှင် များအသင်းက နိုင်ငံတော်အနေဖြင့် ငါးသယံဇာတ လျော့နည်းလာမှု ကြောင့်
တိုင်းရင်းသား ငါးဖမ်း လုပ်ငန်းရှင်များအား ငါးဖမ်းရေယာဉ် တည်ဆောက်ခြင်း၊ တင်သွင်းခြင်း၊
လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ခြင်း ပိတ်ပင်ထားသည့်နည်းတူ နိုင်ငံခြား ငါးဖမ်းလုပ်ငန်းရှင်များ၏
ငါးဖမ်းဆီးခွင့်ကိုလည်း ရပ်နားထားသင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ငါးဖမ်းကုမ္ပဏီသုံးခု မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးခဲ့ပြီး ၂၀၀၉
ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီတစ်ခု နုတ်ထွက် ခဲ့ကာ Ryuji International နှင့် Sandaroon
Fishing Company နှစ်ခုသာ ဆက်လက်ဖမ်းဆီးခဲ့သည်။

နိုင်ငံခြား ငါးဖမ်းစက်လှေများသည် မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် ၁၂ မိုင် အကွာ အပြင်ဘက်
တွင် ဖမ်းဆီးခွင့်ရှိပြီး နိုင်ငံခြားငါးဖမ်းရေယာဉ် ၆၂ စင်း ခန့် ရှိသည်။ အဆိုပါ ငါးဖမ်းရေယာဉ် များ
၏ ကုန်ထွက်ကို ကော့သောင်းချက်ပွိုင့်မှ စစ်ဆေးကာ စာရင်းရယူလျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး