မာဇဒါကားများ မြန်မာ ဈေးကွက်သို့ ကိုယ်စားလှယ်ဖြင့် တရားဝင်တင်သွင်းမည်

မာဇဒါကားများ မြန်မာ ဈေးကွက်သို့ ကိုယ်စားလှယ်ဖြင့် တရားဝင်တင်သွင်းမည်

မြန်မာ့ကားဈေးကွက်တွင် တိုယိုတာနှင့် နစ်ဆန်း ကားများနည်းတူ နှစ်ပေါင်းများစွာ လူသိများခဲ့
သော မာဇဒါကားများကို တရားဝင်တင်သွင်းရောင်းချရန် Automobile Alliance Co.,Ltd (AA)
က မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံမာဇဒါကုမ္ပဏီနှင့် သဘောတူစာချုပ်
ချုပ်ဆိုခဲ့သည်။

"မာဇဒါကုမ္ပဏီက ၁၉၂၀ ထဲက စခဲ့တာပါ။ လာမယ့် ၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ တစ်ဦးတည်း
ကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ မာဇဒါကားတွေကို တာဝန် ယူရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
မာဇဒါကားတွေကို စီးမယ့်သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစား ချက်ကို မပြတ်ပေး
မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ ပြီးတော့ ပတ်ဝန်းကျင် ကို ထိခိုက်မှုအနည်း
ဆုံးဖြစ်အောင် ထုတ်လုပ် ထားပြီး ဆန်းသစ်တဲ့မော်ဒယ်နဲ့ ဒီဇိုင်းတွေကြောင့် လက်ရှိကားဈေးကွက်
ကိုကိုင်လှုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်" ဟု မာဇဒါ ကုမ္ပဏီ ၏ အကြီးတန်းတာဝန်ခံ
Mr.Inoue Hiroshi က ပြောသည်။

မာဇဒါကားများမှာ မြန်မာနိုင်ငံဈေးကွက် တွင် တိုယိုတာနှင့် နစ်ဆန်း ကားများနှင့် ယှဉ်ပါ က
လူကြိုက်နည်းနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။

"မာဇဒါက အရင်ကတည်းက ဈေးကွက်ထဲကို သိပ်မဝင်ဘူး။ အစိုးရဌာနတွေမှာ အများဆုံး သုံး
တာတော့ တွေ့ရတယ်။ လုပ်ငန်းသုံး အနေနဲ့ သုံးနိုင်တဲ့ ကန်တာလိုကားမျိုးတွေဆိုရင်တော့
ရောင်းရတယ်။ ဒါပေမဲ့ တိုယိုတာနဲ့ နစ်ဆန်းတို့နဲ့ ယှဉ်လိုက်ရင်တော့ သိပ်လူကြိုက်မများဘူး။
အင်ဂျင်ကသိပ်အကြမ်းမခံဘူးလို့ ပြောကြ တယ်။ ဒါပေမဲ့ ကြိုကြားကြိုကြားတော့ ရောင်းရပါ
တယ်။ လက်ရှိဈေးကွက်ထဲမှာတော့ မာဇဒါ ဒီမီယိုလေးတွေ ရောင်းရပြီးတော့ ဈေးနှုန်းကတော့
သိန်း ၁၀၀ ၀န်းကျင်လောက်ရှိ တယ်" ဟု ကားဝယ်ရောင်း ဦးအောင်သန်းဝင်း က ပြောသည်။

AA ကုမ္ပဏီသည် မာစီဒီးကားများအတွက် လည်း တစ်ဦးတည်းကိုယ်စားလှယ်ယူထားခြင်းဖြစ်ပြီး
ထပ်မံ၍ မာဇဒါ အမျိုးအစားကို တင်သွင်း ခြင်း ဖြစ်သည်။ "မာစီဒီးနဲ့ ယှဉ်ရင်တော့ ဈေးနှုန်းနဲ့
ပတ်သက် ရင် ဦးတည်ချက်ထားတာခြင်း ကွာပါတယ်။ အရင်က ကားအဟောင်းတွေကိုပဲ အများ
ဆုံး သုံးနေကြတဲ့အနေအထားကနေ ဈေးကွက်က ပြောင်းလာတော့မှာဖြစ်တဲ့အတွက် ဒီလိုမျိုး
တင်သွင်းလာတာပါ။ ကားအဟောင်းတွေ ၀ယ်တဲ့အခါမှာ ၀န်ဆောင်မှုမရကြဘူး။ ကျွန်တော်တို့
က ၀န်ဆောင်မှုကို အဓိကအလေးထားပြီး တိုယိုတာနဲ့ နစ်ဆန်းကို ယှဉ်ပြိုင်သွားမှာပါ။ ကားအသစ် ဈေးကွက်ကလည်း ရှေ့လျှောက်ကောင်းလာဦးမှာ ဖြစ်တဲ့အတွက် အများကြီး
မျှော်လင့်ချက်ရှိပါတယ်။ မြန်မာ နိုင်ငံနဲ့ အံဝင်မယ့် မော်ဒယ်တွေကိုရွေးချယ် ပြီး တင်သွင်း
သွားမှာပါ" ဟု AA ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မိုးကျော်က ပြောသည်။

မာဇဒါကား ယာယီအရောင်းပြခန်းကို ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်မည်
ဖြစ်ပြီး ပြုပြင်ရန်အတွက် ဆားဗစ်စင်တာကို ရွာမကျောင်းလမ်း၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်
သွားမည်ဖြစ်သည်။ အရောင်း ပြခန်းသစ်ကိုမူ ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်သွားမည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး