မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက်ကို ၂၀၁၄ ဒုတိယနှစ်ဝက် တွင်စတင်ရန် မျှော်မှန်းထား
သော် လည်း စတင်ချိန်တွင် ပြည့်စုံသောအခြေအနေသို့ ရောက်ရှိလာနိုင်ဦးမည် မဟုတ်သေးကြောင်း
ဘဏ္ဍာရေး ဒုတိယ ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ထိုကိစ္စကို အကောင်အထည်ဖော် ရန် လုပ်ငန်းကြီးငါးရပ်ကို တစ်ပြိုင်နက် လုပ်ဆောင်နေပြီး ကြီး
ကြပ်ရေးအဖွဲ့ ဖွဲ့ရန်၊စတော့ဈေးကွက်အဆောက်အအုံ ပြင်ဆင်ရန်၊ အဆိုပါအဆောက် အအုံတွင်
အိုင်တီနှင့် အိုင်စီတီနည်းပညာများတပ်ဆင်ရန်၊ ယင်းအတွက်ဝန်ထမ်းများကို သင်ကြားပေးရန်နှင့်
စတော့အိတ်ချိန်းတွင် လာရောက် ၀ယ် ရောင်းကြမည့် အများပိုင်ကုမ္ပဏီများ ကို သတ်မှတ်ချက်
များနှင့် ညီညွတ်အောင် ပညာပေးခြင်း စသည်တို့ကို လုပ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါ ကိစ္စအတွက် ဂျပန်
နိုင်ငံ၏ ဒိုင်ဝါသုတေသနအဖွဲ့အစည်းနှင့် ဂျာမနီအဖွဲ့ အစည်းများက အကူအညီပေးနေကြောင်း
လည်း ၎င်းကပြောသည်။ "စတော့အိတ်ချိန်းဆိုတာ တခြား နိုင်ငံတွေမှာ နှစ်ပေါင်းများစွာတည်
ဆောက်ခဲ့ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကနေ ၁၀၀ အထက်ပေါ့။ ကျွန်တော်တို့က
အခုမှစပြီးလုပ်နေတာ ပါ။ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အချိန် နှစ်နှစ်ခွဲ
ဒါမှမဟုတ် ၃၉ လအတွင်းမှာ ဒါကြီးကို ပြီးပြည့်စုံအောင်လုပ်မယ်လို့ ပြောရင်တော့ လိမ်တာပဲ"ဟု
၎င်းကပြောသည်။
"အဲလို ကျွန်တော်မပြောလိုပါဘူး။ ဒီနှစ်မှာစပြီး အခြေခံလိုအပ်ချက်တွေတည်ဆောက်မယ်။ သတ်
မှတ်ထားတာကစပြီး လုပ်ဆောင်မှာက နောက်နှစ်ဒုတိယ နှစ်ဝက် နောက်ပိုင်း၊ ဒါမှမဟုတ် ၂၀၁၅
ဘက်ကို ကူးရင်လည်း ကူးသွားမယ်။ အခုက စဖို့ပဲ။ ပြီးပြည့်စုံဖို့ကတော့ နှစ်ပေါင်းများစွာအချိန်ယူ
ရဦးမယ်"ဟု ၎င်းက ပြောသည်။ မြဝတီဘဏ်ရုံးချုပ်အား စတော့ အိတ်ချိန်း အဆောက်အအုံအဖြစ်
အသုံးပြုရန် ရည်ရွယ်ထားပြီး မွမ်းမံ ပြင်ဆင်သည့်အပိုင်းပြုလုပ်ရန်နှင့် တစ်ချိန်တည်းမှာပင် နိုင်ငံခြား
အဖွဲ့ အစည်းများ၏ အကူအညီနှင့် အိုင်စီတီ လိုအပ်ချက်များတပ်ဆင်ရန် လုပ် ဆောင်လျက်ရှိသည်။
ထို့ပြင် ငွေချေးသက်သေခံလက်မှတ် များ လဲလှယ်ရောင်းချခွင့် ဥပဒေကို ဇူလိုင်လ ၃၁ ရက်နေ့တွင်
ပြဋ္ဌာန်းခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်တာဝန်ရှိသူများနှင့် ကုမ္ပဏီများပါ၀င် သည့် ကြို
တင်ပြင်ဆင်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။
"စတော့အိတ်ချိန်းဆိုတာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတလျှောက်မှာဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။
အဲဒါကိုလုပ်ဖို့ နံပါတ်တစ်က သူ့ကိုအထောက် အကန်ပေးမယ့် ဥပဒေလိုပါတယ်။ ဥပဒေပြဋ္ဌာန်းပြီး
ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်ပြီးလုပ်လို့ရပါပြီ။ အကောင်အထည် ဖော်ဖို့အတွက် ဥပဒေပြု
တဲ့အခါမှာ အခုထက်ပိုပြီး အသေးစိတ်သွားမယ့် နည်းဥပဒေတွေ ကို ရေးဆွဲနေပါတယ်။ အတိုင်း
အတာ တစ်ခုအထိ ပြီးနေပါပြီ။ ကျွန်တော်တို့ ဆီမှာ ဒါနဲ့ပတ်သက်ပြီးအတွေ့အကြံု မရှိသေးတဲ့
အတွက် နိုင်ငံခြားက ပညာရှင်တွေကို ခေါ်ယူပါမယ်။ လော လောဆယ်မှာ ဂျပန်ဘဏ္ဍာရေးဝန်ကြီး
ဌာနက ဒါနဲ့ပတ်သက်ပြီးအကြံပေးနိုင်မယ့် ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ထားပါတယ်"ဟု ၎င်း
ကပြောသည်။
လက်ရှိအနေအထားအရ အများပိုင်ကုမ္ပဏီပေါင်း ၈၀ ကျော်ခန့်ရှိနေသော် လည်း မကြာသေးမီ
ကမှစခဲ့ခြင်းကြောင့် စတော့အိတ်ချိန်းအတွင်း စံမီအောင်စေရန် အရည်အသွေးပြည့်ရန်လိုအပ်နေ
သေးကြောင်း ၎င်းကပြောသည်။
"အခု ကျွန်တော်တို့စီးပွားရေးလုပ် တဲ့အခါမှာ ဘဏ္ဍာရေးပိုင်းလိုပါတယ်။ ဒါကို ဘဏ်ကပဲချေးနေ
ရတယ်။ ဘဏ် တွေမှာလည်း သူ့အတိုင်းအတာရှိ တယ်။ အတိုးတွေ ပေးနေရတယ်ဆို တော့
ဘဏ်ကပဲငွေချေးရတယ်ဆိုတဲ့ လက္ခဏာကို ဒါတွေပေါ်ပေါက်လာ ခြင်းအားဖြင့် ပြောင်းပစ်နိုင်ပါ
တယ်။ တစ်နည်းအားဖြင့် ကုမ္ပဏီတွေအနေနဲ့ ငွေချေးဖို့လိုတယ်ဆိုရင် ဘဏ်က တစ်ဆင့် မလို
တော့ပဲ စတော့ရှယ်ယာတွေ အရောင်းအဝယ်လုပ်ခြင်းအားဖြင့် သူတို့လိုချင်တဲ့ငွေကြေးပမာဏ
ကိုရမယ်။ တစ်ချိန်တည်းမှာပဲ မိမိမှာ ငွေကြေးတွေ ပိုနေတယ်ဆိုရင် ဘဏ် တွေမှာ အပ်နေမယ့်
အစား စတော့တွေဝယ်လိုက်မယ်ဆိုရင် သူတို့လည်း အကျိုးရှိတယ်။ ရင်းနှီးမြှုပ်နှံမှုတွေရ လာမယ်။
ဘဏ္ဍာရေးမူဝါဒက လုပ်တယ် ဆိုတာလည်း ဒီဟာကိုအရေးပေးဖို့ ပါပဲ"ဟု ဒေါက်တာမောင်မောင်
သိမ်း က ပြောသည်။
Cast Consulting (Myanmar) တည်ထောင်သူနှင့် ရှေ့နေဖြစ်သူ မစ္စတာတာဆူအိုမူယောင်းက
မကြာသေးခင်က ငွေချေးသက်သေခံ လက်မှတ် မူကြမ်း ဥပဒေထွက်လာခြင်းသည်ခြေလှမ်းအစ
ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းဈေးကွက် အောင်မြင်ရန် အဓိကစိန်ခေါ်မှုကြီး နှစ်
ချက်ကို ကျော်ဖြတ်ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ပထမအချက်အနေဖြင့် နှစ်ပေါင်း ၁၀၀
နီးပါးရှိကာ ခေတ်မမီတော့သည့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ (၁၉၁၄) ကိုပြင်ဆင်ရန်ဖြစ်
သည်။
ယင်းမှာ ယနေ့ ခေတ်စီးပွားရေး ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျခြင်းမရှိတော့ သလို ပံ့ပိုးပေးနိုင်ခြင်း
လည်းမရှိတော့ ပေ။ ယင်းကြောင့် စတော့ဈေးကွက်စတင်မည်ဆိုပါက မြန်မာနိုင်ငံ ကုမ္ပဏီ များ
အက်ဥပဒေကို အရင်ပြင်ဆင်သင့်ကြောင်း ၎င်းကပြောသည်။ "ဒီအတွက်ဂျပန်နိုင်ငံက ဥပဒေ ပြင်
ဆင်မှုအပိုင်းမှာ ကူညီပေးမယ်လို့ ကြားပါတယ်။ ဒီကိစ္စသာ မှန်လို့ရှိရင် ကျွန်တော်အနေနဲ့ ပါ၀င်ကူ
ညီမှုတွေ လုပ်ပေးရမှာပါ"ဟု ၎င်းကပြောသည်။
ဒုတိယအခက်အခဲတစ်ခုမှာ မြန်မာ ကုမ္ပဏီများ ဘဏ္ဍာရေးရှင်းလင်းမှုအရည်အသွေးတစ်ရပ် ဖြစ်
သည်။ စတော့အိတ်ချိန်း၏ အဓိကကျသော အသေးစားနှင့် အလတ်စားလုပ်ငန်းရှင် များကာကွယ်
ခြင်းနှင့် စံမီကုမ္ပဏီများ ၏ တိကျသေချာသောဘဏ္ဍာရေး အခြေ အနေတစ်ရပ်ကို ဖော်ပြခြင်းသည်
မရှိ မဖြစ်လိုအပ်သည်။ သို့သော် ယင်းသို့ ဘဏ္ဍာရေးစာရင်း လုပ်ဆောင်မှုများ အတွက် မြန်မာနိုင်
ငံတွင် တင်းကျပ်သောစည်းမျဉ်းများ ဖော်ပြထားခြင်းမရှိသလိုဖြစ်နေခဲ့သည်။
"ဘာလို့ ဒီလိုစည်းမျဉ်းတွေ လုပ် မထားတာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိကကုမ္ပဏီကြီးတွေဟာ
ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်နေတာ တွေ့ရပါတယ်"ဟု ၎င်းက ပြောသည်။ "လိုအပ်တဲ့ ဘဏ္ဍာရေး
ကျွမ်းကျင်မှု တွေရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့ဆိုတာ အချိန်တစ်ခုတော့ လို လိမ့်မယ်။
ဒါကြောင့် ဘဏ္ဍာရေးရှင်းလင်းလုပ်ဆောင်နိုင်မှု အရည်အသွေးတွေနဲ့ ၂၀၁၅ မှာပေါ်ပေါက်လာမယ့်
စတော့အိတ်ချိန်းအတွက် မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်ပါလိမ့်မယ်"ဟု ၎င်းကပြောသည်။
"ဒီအချက်တွေအရပြောရရင် မြန်မာ နိုင်ငံဟာ ပထမငါးနှစ်မှာ အစမ်း သဘောမျိုးအနေနဲ့ အဓိက
ကုမ္ပဏီ နှစ်ခု သုံးခုလောက်နဲ့တင်ပဲ ဒီပုံစံ အသစ်ကိုစမ်းသပ်လေ့ ကျင့်သင့် တယ်။ ဒီတနစ်မှာ
အခြေခံအဆောက် အအုံတွေ ကောင်းကောင်းပြင်ဆင်ပြီး သွားပြီဆိုမှ တကယ်လုပ်ဆောင်နေကြ
တဲ့ စတော့အိတ်ချိန်းပုံစံမျိုး စသင့် တယ်။ ကျွန်တော် ခန့်မှန်းပြောဆိုတာ ဆိုပေမယ့် အချိန်ယူပြီး
လုပ်ဆောင်မှ သာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကို ရမယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် စတော့အိတ်ချိန်းပုံစံကို တစ်ဆင့်ချင်း ချဉ်းကပ်သွားခြင်းဖြင့် စင်ကာပူခေါင်းဆောင်သော
အာဆီယံဒေသတွင်း စတော့ဈေးကွက် အတွင်း သို့ ၀င်ရောက် လာနိုင်မည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

















