ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာသည့်ခေတ်နှင့်အညီ ခေတ်မီနည်းစနစ် များဖြင့် ရောင်းဝယ်
ဖောက်ကားမှုများ ပြုသော အဆင့်မြင့် Shopping Mall, Super Market နှင့် ၂၄ နာရီဖွင့်လှစ်
သည့်စတိုးဆိုင်များ ဖွင့်လှစ်မှုများလာသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နှိုင်းယှဉ်
ကြည့်ပါက ဖွံ့ဖြိုးတိုးတက်မှု နည်းနေသေးကြောင်း လက်လီလုပ်ငန်းရှင်များက ပြောသည်။
"Shopping Mall, Super Market နဲ့ ၂၄ နာရီဖွင့်တဲ့ convenient store ဆိုင်တွေက ဒီနှစ်ထဲမှာ
တော်တော်များ လာပါတယ်။ အထူးသဖြင့် ရန်ကုန်မှာ များလာပါတယ်။ ဒါပေမဲ့ မြန်မာတစ်နိုင်ငံ
လုံး အတိုင်းအတာနဲ့ ယှဉ်မယ်ဆိုရင် ငါးရာခိုင်နှုန်းလောက်ပဲရှိ တယ်။ ရန်ကုန်မြို့မှာ ဖွင့်လှစ်နိုင်
တဲ့ အခြေအနေကတော့ ဆယ်ရာခိုင်နှုန်း လောက်ထိ ရှိလာတယ်။ ဒါအရမ်းနည်း ပါသေးတယ်။
ဒီလို ခေတ်မီစတိုးဆိုင် လုပ်ငန်း မြန်မာပြည်မှာ ဖွံ့ဖြိုး တိုးတက်လာဖို့က ရင်းနှီးမြှုပ်နှံမှုပိုင်း အတွက်
အဓိကလိုအပ်တဲ့ချေးငွေတွေ နဲ့ အတိုးနှုန်းတွေသက်သာဖို့ပါပဲ" ဟု abc Convenient store မှ
အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဒေါ်ဝေသစ်လွင်က ပြောသည်။
မော်ဒန်စတိုးများ ယခုထက်တိုးတက် များပြားလာနိုင်ရန်အတွက် လုပ်ငန်း တိုးချဲ့မှုတွင် အဓိကကျ
သည့် ရင်းနှီး မြှုပ်နှံငွေအရင်းအနှီးများအား အစိုးရ က အတိုးနှုန်း သက်သာသော ချေးငွေ များ
လွယ်ကူစွာထုတ်ချေးပေးနိုင်ပါက လာမည့်အနာဂတ်တွင် ပိုမိုဖွံ့ဖြိုး တိုး တက်လာနိုင်ကြောင်း
၎င်းကပြောသည်။
"ငွေအရင်းအနှီး အတွက်လည်း အဆင်ပြေမယ်၊ ကုန်ကျစရိတ်လည်းသက်သာမယ် နောက်ပြီး
အတိုးနှုန်းတွေကလည်း သူများနိုင်ငံတွေလို သက်သက်သာသာပဲပေးရ မယ်ဆိုရင် လက်ရှိလုပ်
နေတဲ့သူတွေရော တစ်နိုင် တစ်ပိုင် လက်လီအိမ်ဆိုင်ပိုင်ရှင်တွေ ရော အခုထက်ပိုပြီး အဆင်မြင့်
တဲ့ရောင်းချမှုပိုင်းကို ပြောင်းနိုင်ကြမှာပါ။ ဒါကို အစိုးရက ဦးဆောင်ပေးနိုင်မယ် ဆိုရင် လာမယ့်နှစ်
တွေမှာ ခေတ်မီ နည်းစနစ်တွေနဲ့ ရောင်းဝယ် ဖောက် ကားနိုင်မှုက ငါးဆယ်ရာခိုင်နှုန်းလောက်
တက်လာနိုင်ပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် လုပ်ငန်းရှင် များသည် မိမိတို့၏လက်လီဆိုင်များ အား လုပ်ငန်းတိုးချဲ့လို
ပါက နိုင်ငံတော် အစိုးရထံတွင် ပိုင်ဆိုင်မှုများအား ပေါင်နှံကာ ထိုပိုင်ဆိုင်မှုအားလုံး၏ ၅၀ ရာခိုင်
နှုန်းမှ အတိုးနှုန်း ၃၀ ရာခိုင်နှုန်း ဖြင့် ချေးငွေရယူရသဖြင့် လက်လီ လုပ်ငန်းတိုးချဲ့လိုသူများမှာ
အခက်အခဲ ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"တခြားနိုင်ငံတွေမှာ လက်လီလုပ်ငန်း တွေက နိုင်ငံတော်ကိုဘာပိုင်ဆိုင်မှုမှ ပြစရာမလိုဘဲ ချေးငွေ
ထုတ်လို့ရတယ်။ ဒီတော့ သူတို့တွေဆီမှာက တိုးတက် လာတဲ့နည်းပညာတွေနဲ့အညီ ရောင်း ၀ယ်
ဖောက်ကားမှုတွေကလည်း တိုး တက်တယ်။ ထိုင်းနိုင်ငံဆိုရင် ငါးဆယ်ရာခိုင်နှုန်းလောက် တက်
လာတယ်။ နောက်ပြီး အတိုးနှုန်းကလည်း တစ် ကနေ ငါးရာခိုင်နှုန်းပဲရှိတာဆိုတော့ ကိုယ့်နိုင်ငံနဲ့
အတော်ကွာနေတယ်။ ဒီတော့ အကျိုးအမြတ်ကလည်း ဆယ် ရာခိုင်နှုန်းလောက် ကွာသွားတယ်။
အကျိုးအမြတ်နည်းရင် လုပ်ငန်းတိုးချဲ့ ဖို့ကလည်း ခက်ပါတယ်" ဟု ဒေါ်ဝေသစ်လွင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် မိရိုးဖလာရောင်းဝယ်ဖောက်ကားမှုမှာ လက်ရှိအခြေအနေတွင် အလွန်များပြား
နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၉၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ခေတ်နှင့် လျော်ညီစွာရောင်း
၀ယ်ဖောက်ကား မှု တိုးတက်ရေးမှာလည်း နိုင်ငံ၏ အပြောင်းအလဲပေါ် များစွာမူတည်ကြောင်း နိုင်
ငံတော်စီးပွားရေး အကြံပေးဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
"နိုင်ငံတော် ပြောင်းလဲလာတာနဲ့ အမျှ ဒီလိုခေတ်မီနည်းစနစ်နဲ့ ရောင်းဝယ် ဖောက်ကားမှုတွေက
လည်း တိုးတက်လာမှာပဲ။ အခုလက်ရှိအခြေအနေကလည်း တိုးတက်တယ် လို့ ပြောလို့ရပါတယ်။
နောက်လာမည့် ၂၀၁၅ နှစ်မှာ ဖြစ်ပေါ်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်းကျ ရင်လည်း
နိုင်ငံတကာက ၀င်လာမှာဆို တော့ အဲဒီအချိန်ကျရင်လည်း ဒီထက် ပိုပြီး ပြောင်းလဲလာမယ်လို့
မျှော်လင့်ပါ တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခေတ်မီ နည်းစနစ်နဲ့ ရောင်းချမှုတွေ တိုးတက် လာပေ
မယ့်လည်းမိရိုးဖလာ ရောင်း ၀ယ် ဖောက်ကားမှုတွေကတော့ ကျန်ရှိ နေဦးမှာပါ" ဟု ၎င်းက ပြော
သည်။
ထို့ပြင် နိုင်ငံတကာမှ ခေတ်မီ ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများ ဖြစ်သည့် နာမည်ကြီးလုပ်ငန်း
များ မော်ဒန်စတိုးများ ၀င်ရောက်လာပါက မိရိုးဖလာ လက်လီ အရောင်းဆိုင် လုပ်ငန်းရှင်များအနေ
ဖြင့် အကျပ်တွေ့ လာနိုင်ကြောင်း မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက
ပြောသည်။
ထိုကဲ့သို့ ခေတ်မီနည်းစနစ်ဖြင့် ရောင်းဝယ်ဖောက်ကားမှုများ ဖြစ် သည့် ခေတ်မီစတိုးဆိုင်များ၊
Super Market များအား ပြည်နယ်များနှင့် တခြားမြို့နယ်ဒေသများတွင် ဖွင့်လှစ် ရန်မှာ အခက်
အခဲရှိသည့်အတွက် ဖွံ့ဖြိုးမှု လျော့နည်းလျက်ရှိသေး ကြောင်း Junction Shopping Center
များ၏ အရောင်းမန်နေဂျာဖြစ်သူ ကိုရဲနိုင်က ပြောသည်။ "ကျွန်တော်တို့လို Shopping Mall တွေ
ကို နယ်မြို့တွေမှာဖွင့်ဖို့က မြန်မာ နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ လည်းသက်ဆိုင်သလို
နေထိုင်မှုအဆင့်၊ သက်ဆိုင် ရာဒေသက လူတစ်ဦးချင်းစီ ရဲ့ ၀င်ငွေတွေနဲ့လည်း သက်ဆိုင်မယ်
လို့ ထင်ပါတယ်။
နောက်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း အဓိကကျတဲ့အတွက် ကုန်ပစ္စည်းတင်ပို့မှုမှာလည်း
အခက်အခဲတွေရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ နေထိုင်မှုအဆင့်အတန်းက
ပြောင်းလဲလာပါပြီ။ Shopping Malူ တွေ၊ Super Market တွေနဲ့ Convenient store တွေမှာ
ဈေးဝယ်တတ်လာကြပါပြီ။ ဒါကြောင့် ပြည်နယ်နဲ့ အခြားမြို့နယ်တွေမှာလည်း အနည်းအငယ်ဖွံ့ဖြိုး
လာ ပါပြီ" ဟု ၎င်းက ပြောသည်။

















