ရန်ကုန်မြို့တောင်ဘက် မိုင် ၃၀ အကွာ ကျောက်တန်းမြို့နယ်ရှိ မရမ်းဇွဲဘာကျေးရွာ တွင် သဘာ
၀ပုစွန်မွေးမြူရေးကန်များအား အဆင့်မြင့်မွေးမြူရေးဇုန်တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ
နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူများက ပြောသည်။ "မရမ်းဇွဲဘာရွာက ပုစွန်မွေးကန်တွေ
က သဘာဝမွေးကန်တွေပဲရှိတယ်။
ဒေသခံမွေးမြူရေးသမားတွေကလည်း အဆင့်မြင့်နည်းတွေနဲ့ စနစ်တကျမွေးမြူဖို့အတွက် အရင်း
အနှီးလည်း မတတ်နိုင်ကြဘူး။ လမ်းပန်းဆက်သွယ်ရေးမကောင်းသေးဘဲ လျှပ်စစ်မီးမရှိတာက
လည်း သိပ္ပံနည်းကျမွေးဖို့အတွက် အဆင်မပြေဘူး ဖြစ်နေတယ်။
ဒါကြောင့် ကျွန်တော်တို့က ဒီက ဒေသခံတွေနဲ့ နိုင်ငံတော်အတွက်ပါ အကျိုးရှိတဲ့ ရန်ကုန်မြို့ရဲ့
အနီးဆုံးတစ်နေရာမှာ မွေးမြူရေးဇုန်ကြီးတစ်ခုဖြစ်လာဖို့အတွက် ဦးဆောင် ကူညီပေးနေတာပါ"
ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးကြီးငွေက ပြောသည်။
အဆိုပါ မရမ်းဇွဲဘာ ပုစွန်မွေးမြူရေး ဒေသတွင် ဧကပေါင်း ရ,၀၀၀ ကျော်ရှိပြီး လက်ရှိလုပ်ကိုင်သူ
ဒေသခံမွေးမြူရေးသမား ၄၈ ဦးခန့် ရှိကာ ယင်းဒေသ၏အဓိက ထွက်ကုန်ဖြစ်သည့် ပုစွန်အပြင်
ငါးလင်ပန်း၊ ကကတစ်နှင့် ကဏန်း တို့မှာ ပြည်တွင်းဈေးကွက်သာမက ပြည်ပ ဈေးကွက်များတွင်
ပါ ဈေးအမြင့်ဆုံးရသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း ၎င်းက ပြောသည်။
"သဘာဝမွေးနည်းကနေရတဲ့ ဒေသထွက်ကုန် ပစ္စည်းတွေက ဒီနေ့ဈေးကွက်မှာ ဈေးအမြင့်ဆုံး
ရတဲ့ ပစ္စည်းတွေပါ။ ပုစွန်အပြင် ငါးလင်ပန်းဆို ပင်လယ်စာဈေးကွက်မှာ ၀ယ်လိုအားကောင်း
နေတဲ့ ကုန်ပစ္စည်းတွေပါ။ ဒီလိုထွက်ကုန်ကောင်း ကောင်းရတဲ့ဒေသမှာ ကျွန်တော်တို့အနေနဲ့
မွေးမြူရေးဇုန်သာ ပြုလုပ် လိုက်မယ်ဆိုရင် အောင်မြင်မှာပါ။ ဒေသခံတွေအနေနဲ့လည်း ၀င်ငွေ
တွေတိုးလာမယ့်အပြင် ပြည်ပရင်းနှီး မြှုပ်နှံတဲ့သူတွေလည်း ဒီဒေသကိုစိတ်ဝင်စား နေကြပါတယ်"
ဟု ၎င်းက ပြောသည်။
ပြည်တွင်းဈေးကွက်တွင် ပုစွန်ကျား တစ်ပိဿာ ကျပ် ၁၃,၀၀၀ ရှိပြီး ငါးလင်ပန်းမှာ တစ်ပိဿာ
ကျပ် ၂၀,၀၀၀ ကျော်ရှိကာ ကဏန်းမှာ ပြည်ပတင်ပို့ဈေး တစ်ကီလို ဂရမ်လျှင် အမေရိကန် ၁၅
ဒေါ်လာခန့် ပေါက်ဈေးအသီးသီးရှိသည်။ အဆိုပါဒေသတွင် အမှန်တကယ် မွေးမြူရေး လုပ်ကိုင်
သူများအား နိုင်ငံတော်အစိုးရက နောက်ပိုင်းတွင် လ/န ၃၀ (ခ) လုပ်ပိုင်ခွင့်များ လျှောက်ထား
ခွင့်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရကလည်း လွယ်ကူစွာ ကူးသန်း သွားလာနိုင်မည့် ကုန်
ထွက်လမ်းများနှင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ ပုစွန်မွေးမြူရေး လုပ်
ငန်းရှင်တစ်ဦးကပြောသည်။ "လောလောဆယ်တော့ ကားလမ်းက ရွာရဲ့ နှစ်မိုင်ခွဲလောက်အထိ
ပေါက်နေပါပြီ။
ကန်ပတ်လမ်းအထိ ကတ္တရာလမ်းဖောက်ဖို့ စီစဉ်နေပါ တယ်။ လျှပ်စစ်မီးကလည်း ရွာနားအထိ
ရောက် နေပါပြီ။ ကျွန်တော်တို့ကန်တွေအထိရောက်ဖို့ သိပ်မလိုတော့ပါဘူး။ လျှပ်စစ်မီးနဲ့ ကုန်
ထွက်လို့ ရမယ့်လမ်းတွေ အဆင်ပြေရင်တော့ အဆင့်မြင့် နည်းနဲ့မွေးဖို့ အဆင်ပြေတာပေါ့။ ဒါတွေ
က မရှိ မဖြစ်လိုအပ်ချက်တွေပါ" ဟု ၎င်းက ပြောသည်။
ဒေသခံ မွေးမြူရေးသမားများမှာ ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းကြောင့် အနီး
ရှိ ငါး၊ ပုစွန်ဒိုင်များတွင်သာ ရောင်း ချရသည့်အတွက် ဈေးကောင်း မရရှိခြင်း၊ လုပ်ငန်းအတွက်
အဓိကအသုံးပြုရသည့် ရေခဲ ကိုလည်း ဈေးကြီးပေးဝယ်ရခြင်းတို့ကြောင့် အမြတ်အစွန်းလျော့နည်း
ခဲ့ရကြောင်း ဦးကြီးငွေ က ပြောသည်။
"အရင်တုန်းက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့အနီးနားက ဒိုင်တွေမှာ ရောင်းရ ပြီး ပေါက်
ဈေးအမှန်မရပါဘူး။ ရေခဲကလည်း သယ်ယူစရိတ်ကြောင့် ဈေးပိုကြီးတယ်။ ကားလမ်းတွေကို
၂၀၁၄ မှာ အပြီးဖောက်ဖို့ တိုင်းဒေသကြီးက စီစဉ်ထားပါတယ်။ မွေးမြူရေး ဇုန် ဖြစ်လာခဲ့ရင်လည်း
စားသုံးမှုဖူလုံစေမယ့် ကုန်ပစ္စည်းတွေ ထုတ်ပေးနိုင်မှာပါ" ဟု ၎င်းက ပြောသည်။
မရမ်းဇွဲဘာကျေးရွာအနီးရှိ သုံးခွမြို့နယ် တွင်း၌လည်း အထွက်နှုန်းကောင်းသည့် ပုစွန် မွေးကန်
များရှိသဖြင့် အဆိုပါကန်များကိုပါ ယခု ပြုလုပ်မည့် မွေးမြူဇုန်တွင် ထည့်သွင်းစေ လိုကြောင်း
ဧက ၂၀၀ ပုစွန်ကန်ပိုင်ရှင် ဦးသိန်း ကျော်ညွန့်က ပြောသည်။
"ကျွန်တော်တို့ဒေသလည်း မွေးမြူ
ရေးလုပ်လို့ကောင်းတဲ့နေရာပါ။ ပုစွန်အပြင် ငါးပူတင်း၊ ငါးလင်ပန်းနဲ့ ငါးသလောက်တွေလည်း ရပါ
တယ်။ ကျွန်တော်တို့ဒေသမှာဧကထောင်ချီပြီး ရှိပါတယ်။ ဒါပေမဲ့ မွေးတဲ့သူက ကျွန်တော်အပါ
အဝင်နှစ်ဦးပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ဒေသကိုလည်း မရမ်းဇွဲဘာနဲ့ တစ်ဆက်
တည်းဖြစ်အောင် မွေးမြူရေးဇုန် ထည့် ကို ထည့်စေချင်ပါတယ်" ဟု ၎င်းက ပြောသည်။
မရမ်းဇွဲဘာရှိ ပုစွန်မွေးမြူရေးကန်များ၏ အထွက်နှုန်းမှာ ဧက ၁၀၀ လျှင် ပုစွန် ၁ ဒသမ ၅ တန်
ခန့်နှင့် ငါး ၄ ဒသမ ရ တန်ခန့်ထွက်ရှိပြီး ပျမ်းမျှဝင်ငွေမှာ ကျပ်သိန်း ၃၀၀ ခန့်ရှိကာ ရင်းနှီးစရိတ်
သိန်း ၂၀၀ ခန့်ရှိကြောင်း ဒေသခံပုစွန်မွေးကန်ပိုင်ရှင် ကိုခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"သဘာဝအတိုင်းမွေးတာ အဆင်တော့ပြေ ပါတယ်။ ဒါပေမဲ့ အဆင့်မြင့်သိပ္ပံနည်းကျ မွေးမယ်
ဆိုရင် ဒီထက်အကျိုးအမြတ်တွေ ရမှာဖြစ်သလို ကုန်ထွက်လည်း ဒီထက်ကောင်းပါတယ်။ အခု
အဆင်ပြေနေတယ်ဆိုတာကလည်း ငါး၊ ပုစွန် ဈေးကောင်းလို့ ခံသာနေတာပါ။ ကုန်ထွက်က
လည်း ကျွန်တော်တို့ စလုပ်တဲ့အချိန်ကလောက် မကောင်းတော့ဘူး။ ကုန်ထွက်နည်းနည်းကျ
သွားတဲ့အချိန်မှာ ပုစွန်ဈေးက ကျပ် ၁၃,၀၀၀ လောက်ရတော့ အဆင်ပြေနေပါတယ်။ အရင်တုန်း
က ပုစွန်ဈေးက ရ,၀၀၀၊ ၈,၀၀၀ ပဲရ တယ်။ ၀င်ငွေက လွန်ခဲ့တဲ့လေးငါးနှစ်နဲ့ယှဉ်ရင် သိန်း လေး
ငါးဆယ်လောက် လျော့သွားတယ်" ဟု ၎င်းက ပြောသည်။ သဘာဝနည်းဖြင့်မွေးမြူခြင်းမှ ရရှိ
သည့် အထွက်နှုန်းနှင့် အဆင့်မြင့်နည်းဖြင့် သိပ္ပံနည်းကျ မွေးမြူရေးမှရရှိသော အထွက်နှုန်း မှာ
များစွာကွာခြားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အမှူဆောင်ဖြစ်သူ ဦးဟန်ထွန်းက
ပြောသည်။
"သဘာဝနည်းနဲ့ ဧက ၁၀၀ ကို တစ်တန်ခွဲ လောက်ပဲ ထွက်တဲ့အချိန်မှာ သိပ္ပံနည်းကျ မွေးမြူရေး
က ရတဲ့အထွက်နှုန်းက ခြောက်တန် ကနေ ၁၀ တန်အထိ ရှိတယ်။ အဲလိုအထွက်နှုန်း ကလည်း
ကွာသလို မွေးမြူရေးစရိတ်ကလည်း ကွာတယ်။ သိပ္ပံနည်းကျမွေးမယ်ဆိုရင် တစ်ဟက်တာကို
ကျပ်သိန်း ၃၀၀ လောက်ပဲ ကုန်ကျစရိတ်ရှိတယ်" ဟု ၎င်းက ပြောသည်။
မရမ်းဇွဲဘာကျေးရွာရှိ ပုစွန်မွေးမြူရေး မှာ ၂၀၀၀ ပြည့်နှစ်ခန့်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်က
မွေးဧကအနည်းငယ်သာရှိခဲ့သော် လည်း လက်ရှိတွင် ဧက ရ,၀၀၀ ကျော်ပြီ ဖြစ်သည်။

















