ကဏ္ဍစုံမှ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် များပါ၀င်သော အမေရိကန်ကုန်သည်ကြီးများ အသင်း
သည် အောက်တိုဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်လှစ်ရန် လာရောက် ဆွေးနွေးမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်လေး က ပြောသည်။
ကုန်သည်ကြီးများအသင်းနှင့်အတူ အမေရိကန် မော်တော်ယာဉ်ထုတ်လုပ်မှုကုမ္ပဏီများ၊ ကိုကာ
ကိုလာ စသည့်ကုမ္ပဏီပေါင်း ၂၀ ကျော် လာရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြင်သစ်နှင့် ဂျပန်ကုန်သည်ကြီးများအသင်းမှာမူ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ အတွက်
ရုံးခန်းလာရောက်ဖွင့်လှစ်ပြီးဖြစ်ကာ နောက်ထပ်ဥရောပနိုင်ငံမှ စီးပွားရေးအသင်းရုံးခွဲများလည်း
မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရန်ရှိကြောင်း ၎င်းကပြောသည်။
"စီးပွားရေး၊ နိုင်ငံရေးအရ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံမှုတွေက တောက်လျှောက် ရှိနေ
ပါတယ်။ ဒီလိုအသင်းအဖွဲ့ ဖွဲ့စည်းဖို့ဟာ နိုင်ငံတိုင်းမှာ လုပ်နှင့်နေကြပြီးသားပါ။ မြန်မာ ကတော့ အခုမှ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြန်ဝင်ခါစပဲရှိသေးတာပါ"ဟု ၎င်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုး ဦးစီးဌာန၏ စာရင်းများအရ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း
အမေရိကန်ဒေါ်လာ ၄၃ ဘီလျံ အနက် အမေရိကန်နိုင်ငံ၏ရင်းနှီး မြှုပ်နှံမှုမှာ ယခုနှစ်ဩဂုတ်လ
အကုန်အထိ ဒေါ်လာ ၂၄၃ သန်းသာ ရှိနေသေးသည်။
"နောက်နှစ်ဆို ပိုတောင်ဝင်လာမယ်လို့မျှော်လင့်ရပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းတွေကိုလည်း
နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးနေပြီ။ ဇွန်လတုန်းက သွားဆွေးနွေးထားတဲ့ မြန်မာနိုင်ငံကို
ဂျီအက်စ်ပီပြန်ပေးဖို့ ကိစ္စကို လည်း လွှတ်တော်အဆင့်ဆင့်တင်ပြီးဆွေးနွေး နေသလို မကြာခင်ရ
မယ်လို့မျှော်လင့်ရတယ်"ဟု ၎င်းက ပြောသည်။
















