နှစ်ဆန်းတွင်၊၂၀၀၀ ပြည့်နှစ်နှင့်အထက် ကားများကိုသာ၊တင်သွင်းခွင့် ပြုမည်

နှစ်ဆန်းတွင်၊၂၀၀၀ ပြည့်နှစ်နှင့်အထက် ကားများကိုသာ၊တင်သွင်းခွင့် ပြုမည်

ကားတင်သွင်းခြင်းဆိုင်ရာ မော်ဒယ်သက်တမ်းတိုးမြှင့်မှုတွင် အခွင့်ကောင်းယူအသုံးချမှုများရှိ
နေခြင်းကြောင့် လက်ရှိကျင့်သုံးနေသည့် တစ်နှစ်ချင်းတိုးမြှင့်သည့် စနစ်အစား ၂၀၁၄ ခုနှစ်၊
ဇန်နဝါရီလမှစတင်ခါ ၂,၀၀၀ ပြည့်နှစ် မော်ဒယ်နှင့် အထက်ယာဉ်များကိုသာတင်သွင်းခွင့်ပြု
သွားတော့မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အစီအစဉ်အရ ကားတင်သွင်းခြင်း ကို ပုံမှန်
အားဖြင့် လက်ရှိနှစ်၏နောက်ပိုင်းသို့ ခြောက်နှစ်ဆုတ်ကာ ယင်းနှစ် နောက်ပိုင်း နောက်ထပ် ၁၀
နှစ်ပေါင်းကာ စုစုပေါင်း ၁၁ နှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်များကို တင်သွင်းခြင်းပြု
ခဲ့ခြင်းဖြစ်ပြီး အဆိုပါစနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

"နှစ်တိုင်း ဇန်နဝါရီလ ၁ရက်နေ့ကစပြီး တင်သွင်းရမယ့် ကားမော်ဒယ်ကို တစ်နှစ်တိုး ပြီးတော့
သတ်မှတ်တာပါ။ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်တဲ့ အစီအစဉ်အရ လက်ရှိ ၂၀၁၃ အတွက် ၉၇
ကနေ ၂၀၀၇ အတွင်းရှိတဲ့ ကား တွေနဲ့ ဘတ်စ်ကားတွေအပါအဝင် တစ်ခြားကား တွေကို လဲလှယ်
ပေးနေတယ်။ တစ်နှစ်ပြောင်း ရင် တစ်နှစ်တိုးတာဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ က ၉၆ ကနေစပြီး
၂၀၁၃ မှာ ၉၇ ဖြစ်သွားတယ်။ ပုံမှန်ဆိုရင် ၂၀၁၄ ခုနှစ်မှာ ၉၈ ဖြစ်ရမှာပါ။ ဒါပေမဲ့ အခုတော့
၂၀၁၄ ဇန်နဝါရီ ၁ ရက်နေ့က စပြီး ၂၀၀၀ ပြည့်နှစ်မော်ဒယ်ကနေ ၂၀၀၈ ခုနှစ် အထိ ကားတွေ
တင်သွင်းခွင့်ရမယ်"ဟု ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၊ အထောက်အကူပြု ရုံးအဖွဲ့တာဝန်ခံ
ဦးမင်းမင်းက ပြော သည်။

ထိုအပြောင်းအလဲကြောင့် ၂၀၁၄ ခုနှစ် အတွင်းတင်သွင်းရာတွင် အစောပိုင်းနှစ်နှစ် ဖြစ်သည့်
၁၉၉၈ နှင့် ၁၉၉၉ ခုနှစ်ထုတ် ယာဉ် များကို လျှော့ပေါ့ပေးလိုက်ခြင်း ဖြစ်သည်။ ကားတင်သွင်း
ရာတွင် ထုတ်လုပ်သည့်ခုနှစ် ကို သတ်မှတ်ထားသော်လည်း တချို့နေရာများတွင် လွဲမှားမှုများ
ရှိနေခဲ့ပြီး ဆိပ်ကမ်းတွင် ကားထုတ်ခွင့်မရသည့် ပြဿနာများရှိခဲ့သောကြောင့် သက်ဆိုင်ရာ
၀န်ကြီးဌာနက တင်သွင်း ခွင့်ပြုထားသည့် ခုနှစ်အောက် တစ်နှစ် နောက်ကျတင်သွင်းခြင်းကို
ခွင့်ပြုထားခဲ့သည်။

သို့သော် တချို့မှာ အဆိုပါအချက်ကို အခွင့်ကောင်းယူကာ မော်ဒယ်တစ်နှစ်နိမ့်ကားများ တင်သွင်း
နေကြခြင်းများရှိနေကြောင်း တာဝန်ရှိသူများက ပြောသည်။ ပုံမှန်တင်သွင်းမှုများအတွက် တစ်နှစ်
ချင်း တိုးမြှင့်သတ်မှတ်ရာတွင် ကုန်သွယ်မှု သဘော အရ အရောင်းစင်တာများနှင့် တစ်ဦးချင်းတင်သွင်းမှုများတွင်လည်း ပြည်တွင်းမှမှာယူသူနှင့် ပြည်ပမှတင်ပို့သူများအကြား
ကွဲလွဲမှုများရှိ ကြောင်း ဦးမင်းမင်းက ပြောသည်။

"တစ်ခြားနိုင်ငံက အချက်အလက်တွေအရ ၉၇ ဆိုပြီးပို့လိုက်တယ်။ မြန်မာနိုင်ငံရောက်လို့ ဆိပ်
ကမ်းမှာ အကောက်ခွန်ကစစ်တော့ ၉၆ ခုနှစ် ဖြစ်နေတယ်။ ဒါကြောင့် နစ်နာမှာစိုးလို့ တစ်နှစ်နှိမ့်ပြီး
သွင်းရင် ကင်းလွတ်ခွင့်ပေးထား တယ်။ ဒါကို တချို့သူတွေက တစ်နှစ်နောက်ကျ တယ်ဆိုရင်
ဒဏ်ကြေးမဆောင်ရဘူးဆိုပြီး ဆက်သွင်းနေကြတော့ ကျွန်တော်တို့လျှော့ပေါ့ ပေးတာက သိပ်
အထမမြောက်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် လာမယ့်နှစ်အတွက် ၂၀၀၀ လို့ သတ်မှတ်လိုက်
တယ်။ ဒါပေမဲ့ မတော်တဆ ၉၉ သွင်းခဲ့ရင်လည်း ခွင့်လွှတ်ပေးရဦးမှာပါပဲ။၂၀၀၀ ပြည့်နှစ်ကစပြီး
သွင်းရမယ်လို့ လုပ်တာတောင်မှ ၉၉ ကသွင်းလို့ရနေတဲ့ သဘောမျိုး ရှိနေသေးတာမျိုးပါ။ ဒါပေမဲ့
နှစ်နှစ်နိမ့်ရင်တော့ သိမ်းလိုက်တော့မှာပါ"ဟု ၎င်းကပြောသည်။

အခြားနိုင်ငံများတွင် သက်တမ်းငါးနှစ်ထက်ပိုသောကားများကို တင်သွင်းခွင့်ပြုခြင်းမရှိသော်လည်း
မြန်မာနိုင်ငံအနေအထားအရ ငါးနှစ်အတွင်းထုတ်လုပ်ထားသော ကားများကိုသာသွင်းပါက ကုန်
ကျစရိတ်များမည်ကို တွက်ဆကာ မြန်မြန်နှင့် ငွေကုန်သက်သာစေသောနည်းကို အသုံးပြုထား
ခြင်းဖြစ်ပြီး လက်ရှိတွင် ကားစီးရေ ၈၀,၀၀၀ ခန့် တင်သွင်းပြီးဖြစ်ကြောင်း ဦးမင်းမင်းက ပြောသည်။

"နောက်ဆိုရင် တစ်ဦးချင်းသွင်းတဲ့ အစီအစဉ်ရယ်၊ ယာဉ်အိုယာဉ်ဟောင်းရယ်ဆိုပြီး တော့ ရှိချင်
မှရှိတော့မယ်။ အခုလိုမျိုးရှုပ်ထွေး တဲ့ဟာတွေမရှိတော့ဘူး။ တစ်ခုတည်းဖြစ် သွားမယ်"ဟု
ဦးမင်းမင်းကပြောသည်။

ကားအရောင်းစင်တာများအတွက် ယာဉ်အို ယာဉ်ဟောင်း အပ်နှံပြီး ရရှိလာသောစလစ်ဖြင့် ၁၉၉၇
ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကားများကို တင်သွင်းခွင့်ပြုခဲ့ရာမှ တစ်ဦးချင်းတင်သွင်းခွင့်ရရှိသူများ
နည်းတူ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်းကားများ တင်သွင်းရောင်းချခွင့်ကို မကြာမီက စတင်
ခွင့်ပြုခဲ့သည်။

၎င်းစနစ်ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ တင်သွင်းရောင်းချခွင့်ပြုထားသည့်ကုမ္ပဏီပေါင်း ၃၅
ခု ခန့်ရှိပြီ ဖြစ်သည်။ "ကားအရောင်းစင်တာတွေကို ၂၀၀၈ ကနေ ၂၀၁၂ ခုနှစ်အတွင်းကားအစီး
ရေ ၅၀ စီကိုပေးသွင်းတာ ကုမ္ပဏီ ၃၅ ခုလောက်ရှိသွားပြီ။ ကုမ္ပဏီအကုန်တော့မရဘူး။ လုံးဝ
မရမယ့်သူတွေလည်းရှိတယ်။ အရောင်းစင်တာတွေမှာ သတ်မှတ်ထားတာက ၉၇ ကနေ ၂၀၀၇
အတွင်း ရောင်းဖို့သတ်မှတ်ထားတယ်။ ဒါပေမဲ့ သူတို့က စက်မှုဇုန်ကားတွေပါ တင်ရောင်းတော့
စည်းကမ်းနဲ့ မကိုက်ညီဘူး။ နိုင်ငံခြားကကားတွေက ရောင်းပြီးရင် ပိုက်ဆံပြန်အပ်ရမယ်။ ဒါပေမဲ့
ကောင်းကောင်းပြန်မချေသေးတဲ့သူတွေလည်းရှိသေးတယ်"ဟု ဦးမင်းမင်းက ပြောသည်။

OAC ကားအရောင်းစင်တာမှ ဦးခင်မောင် တင်က "ကားဟောင်းတွေအစား မော်ဒယ် အသစ်တွေ
ကိုသွင်းခိုင်းတာ ပြည်သူလူထု အတွက်ပိုကောင်းပါတယ်။ အရင်က အဟောင်း ပေး၊ အဟောင်း
သွင်းပုံစံမျိုး ဖြစ်နေတာလေ။ ဖြစ်နိုင်ရင်တော့ အသစ်စက်စက် ကားတွေသွင်း တာက ပိုကောင်း
တယ်။ တချို့ကတော့ ဒဏ်ကြေး ပေးပြီး တစ်နှစ်အောက်ကို သွင်းကြတယ်။ ဥပေဒေက ပြောင်း
မှာလား။ဒဏ်ကြေးပေးပြီး ဆက်သွင်းခိုင်းဦးမှာလား မသိသေးဘူး။ ကျွန်တော်တို့ကတော့ ၂၀၀၈
ကနေ၂၀၁၂ အတွင်းသွင်းခွင့်ရဖို့ မလျှောက်ထားသေးပါဘူး။ ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့ပဲ
သွင်းနေသေးတယ်" ဟု ပြောသည်။

မှန်မှန်ကန်ကန်နှင့် စနစ်တကျရောင်းချပေးနိုင်မည့် ကားအရောင်းပြခန်းများ ပေါ်ထွက်လာပါက
အခြားနိုင်ငံများကဲ့သို့ ဘဏ်များနှင့်ချိတ်ဆက်ကာ နှစ်ရှည်စီမံ ကိန်းဖြင့် အရစ်ကျဝယ်ယူနိုင်ခြင်း
များအပြင် ကားတင်သွင်း ရောင်းချခြင်းနှင့်ဆက်စပ်၍ ဘဏ်လုပ်ငန်းများ နှင့် အာမခံလုပ်ငန်းများ
ပါ ပိုမိုအားကောင်းလာ နိုင်ကြောင်းဦးမင်းမင်းက သုံးသပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး