၂၀၁၄ ခုနှစ်ကုန်နှင့် ၂၀၁၅ ခုနှစ် ဆန်းပိုင်းတွင် စတင်တော့မည့် မြန်မာ နိုင်ငံ၏ စတော့ဈေးကွက်
အတွက် ဘဏ် လုပ်ငန်းအထောက်အပံ့များလုပ်ဆောင် ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဒိုင်ဝါ
သုတေသနအဖွဲ့၏ အကြီးတန်း ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ မာဆာဟီရို အူရှီယာမက
ပြောသည်။
စတော့ဈေးကွက်စတင်ရန် အရေး ကြီးအချက်တစ်ခုဖြစ်သည့် ငွေချေး စာချုပ်ကုမ္ပဏီများအတွက်
ရှယ်ယာ ၀ယ်ယူသူနှင့် ရောင်းချသူ listed company များအကြား ငွေသားရှင်း လင်းမှုလွယ်ကူ
စေရန် ငွေပေးချေမှု ဘဏ် (Settlement Bank) များထူ ထောင်ရန်လိုကြောင်း ၎င်းက
ပြောသည်။
ထို့ပြင် ဘဏ်များအနေဖြင့် ငွေချေး စာချုပ်ကဲ့သို့သောကုမ္ပဏီမျိုးကို လက် အောက်ခံဌာနတစ်ခု
အဖြစ် ဖွဲ့စည်းရန်လိုအပ်နေကြောင်း ၎င်းက ပြောသည်။ "ဒိုင်ဝါအနေနဲ့ ဘဏ်တွေကို ငွေချေး
သက်သေခံလက်မှတ် ကုမ္ပဏီလိုမျိုး လက်အောက်ခံ အဖွဲ့အစည်းတစ်ခုထူထောင်ဖို့ အကြံပေး
ထားပါတယ်။ စတော့ဈေးကွက် ဖြစ်ပေါ်လာပြီး နောက်ပိုင်းကျရင် ဒီလိုငွေချေးစာချုပ် ကုမ္ပဏီအရေအတွက်က နှစ်ဆသုံးဆ လောက် မြင့်တက်သွားနိုင်တဲ့အတွက်ကြောင့်ပါ" ဟု
မစ္စတာ မာဆာဟီရိုက ပြောသည်။
အဆိုပါလုပ်ငန်းများအတွက် ဘဏ် များကို ရည်ညွှန်းရခြင်းမှာ ဘဏ်များ သည် ငွေချေးသက်သေ
ခံလက်မှတ် ကုမ္ပဏီထူထောင်ရန် အသင့်တော်ဆုံး စီးပွားရေးလုပ်ငန်း ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း
၎င်းက ပြောသည်။
"သူတို့မှာ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ၊ ကွန်ပျူတာနည်းစနစ်တွေရှိသလို ဘဏ်
အချင်းချင်း ကွန်ရက်နဲ့ ဘဏ်ခွဲဖွင့်နိုင်တာမျိုးစတဲ့ အချက်တွေမှာ ကျန်လုပ်ငန်းတွေထက် သာ
တယ်"ဟု ၎င်းက ပြောသည်။
"ဒီမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်မှုဘဏ်လိုမျိုး နိုင်ငံပိုင်ဘဏ် မျိုးကပဲ ငွေပေးချေ
မှုဘဏ်အသွင်လုပ် ဆောင်နေတာမျိုးရှိတယ်။ ဒီလိုလုပ် တာ ကောင်းတဲ့အချက်ပါ။ ပုဂ္ဂလိက
ဘဏ်တွေမှာလည်း အစိုးရအနေနဲ့ ဘယ်ဘဏ်မျိုးက ဒီကုမ္ပဏီတွေအတွက် ငွေပေးချေမှုလုပ်
ဆောင်ဖို့ သင့်တော်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပေးဖို့ လိုအပ်နေသေးတယ်"ဟု ၎င်းက ပြော
သည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ဆောင်ရွက်နေမှုများအရ ဘဏ်တစ်ခုနှင့် တစ်ခုအကြား ငွေပေး
ချေမှု၊ ငွေ စာရင်းရှင်းလင်းမှုများ လုပ်ဆောင်နေ သော်လည်း ငွေချေး စာချုပ်ကုမ္ပဏီ များအတွက်
မူ လုပ်ဆောင်ခြင်း မရှိသေး ချေ။ ထို့ပြင် အဆိုပါငွေပေးချေမှုစနစ် မှာ manual settlement သာ
ဖြစ်ပြီး အွန်လိုင်းငွေပေးချေမှုမှာမူ စတော့ ဈေးကွက်စတင်မည့် အချိန်ပိုင်းမှသာ ပေါ်ပေါက်လာနိုင်
မည် ဖြစ်သည်။
အရေးကြီး အချက်တစ်ခုအနေဖြင့် မြန်မာ အစိုးရအရာရှိများအနေဖြင့် အစုရှယ်ယာ ကုမ္ပဏီ
များကြားတွင် အများလက်ခံနိုင်မည့် သဘောတူဆန္ဒ သို့မဟုတ် ဥပဒေကဲ့သို့သော သတ်မှတ်
ချက်မျိုး အမြန်ဆုံးတည်ဆောက်ပေး ရန်လိုအပ်ပြီး ယင်းအဆင့်ပြီးမှသာ ဒိုင်ဝါအနေဖြင့် လိုအပ်
မည့်ထောက်ပံ့ မှုများ ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း မစ္စတာ မာဆာဟီရိုက
ပြောသည်။
"ဒီအချက် တည်ဆောက်နိုင်ဖို့က အရေးအကြီးဆုံး အချက်ပဲလို့ ခံယူပါ တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အရာရှိတွေအနေနဲ့ ငွေရင်းငွေနှီးဈေးကွက်တစ်ခုထူထောင်ဖို့ ဒီလိုအများသဘော
ဆန္ဒမျိုးရဖို့ အတော်လေးဆောင်ရွက်ခဲ့ရတယ်လို့ ကျွန်တော်တို့နားလည်ထားပါတယ်"ဟု ၎င်းက
ပြောသည်။
ထို့ပြင် အစိုးရဘက်က ငွေချေးသက်သေခံလက်မှတ်စင်တာ တည်ဆောက်ပြီးချိန်တွင် ဒိုင်ဝါအဖွဲ့
အစည်းဘက်မှ ယင်းအထောက်အကူများပေးနိုင်မည်ဖြစ်သော်လည်း အချိန်ယူရမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
ဒိုင်ဝါသည် Ace Data System နှင့် ပူးပေါင်းကာ DIRACE Technologies ဖက်စပ်ကုမ္ပဏီကို
ထူထောင်ထားပြီး ယင်းစနစ် လုပ်ဆောင်ရန်အတွက် ၀န်ထမ်းများကို သင်ကြားပေးနေ ကာ အဆို
ပါသင်တန်းကို ၂၀၁၄ နှစ် လယ်ပိုင်းနောက်ဆုံးထားကာသင်ကြား မည် ဖြစ်သည်။
"ပြီးပြည့်စုံတဲ့ စတော့အိတ်ချိန်း ဖြစ်လာဖို့က အချိန်ပေးဖို့ လိုအပ်ပါ တယ်။ အစုရှယ်ယာကုမ္ပဏီ
တွေပေါ်ပေါက်ဖို့နဲ့ တခြားလုပ်ဆောင်ချက်တွေအတွက် အချိန်ပေးဖို့ လိုအပ်တယ်။ ဒိုင်ဝါဘက်က
အတော်များများပြင်ဆင် ပြီးပြီဆိုပေမယ့် မြန်မာဘက်က အများ ဆန္ဒပေါ်ကို အခြေခံပြီး ဘာတွေ
ထပ် ဖြည့်ရမယ်ဆိုတာကို စဉ်းစားရမယ်။ အခြေခံအဆောက်အအုံ ပြည့်ပြည့်စုံစုံ နဲ့ စတော့ဈေး
ကွက်တစ်ခုကို စတင်ဖို့ ၂၀၁၅ အောက်တိုဘာလလောက်မှာ အသင့်တော်ဆုံးလို့ ယူဆရပါတယ်"
ဟု ၎င်းက ပြောသည်။

















