၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် အနောက်ဘက် ကမ်းရိုးတန်းတစ်
လျှောက် ဂီရိမုန်တိုင်း ၀င်ရောက်တိုက်ခတ်အပြီး သုံးနှစ်ခန့် ကြာသည်အထိ မုန်တိုင်းဒဏ်သင့်
သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာအချို့တွင် လုံလောက်သည့် အထောက်အပံ့များ မရှိသည့်
အတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ထိရောက်စွာ မလုပ် ကိုင်နိုင်ခြင်းကြောင့်
စီးပွားရေးအဆင် မပြေမှုများ ကြံုတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
ဂီရိဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံရသော မြို့နယ်များဖြစ် သည့် ကျောက်ဖြူ၊
ပေါက်တော၊ မင်းပြား နှင့် မြေပုံမြို့နယ်များအတွင်းရှိ ဒေသခံ များ၏ အဓိကအသက်မွေးဝမ်း
ကျောင်း လုပ်ငန်းများဖြစ်သည့် စပါးစိုက်ပျိုးရေး နှင့် ပုစွန်မွေးမြူရေးလုပ်ငန်းများမှာ အဓိက
ကျဆင်းလျက်ရှိကြောင်း ဒေသခံလုပ်ငန်းရှင်များက ပြောသည်။
"ရွာမှာ ရေငန်ပုစွန်မွေးတဲ့လုပ်ငန်း လုပ်လာတာ ဆယ်နှစ်ကျော်ပါပြီ။ အရင်ကတော့ ပုစွန်
လုပ်ငန်းတစ်ခု တည်းနဲ့ အလျင်မီအောင်လုပ်နိုင်ပြီး စီးပွားရေးလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့
ဂီရိမုန်တိုင်းပြီးတဲ့နောက်ပိုင်း မှာ ပုစွန်လုပ်ငန်းတစ်ခုတည်းနဲ့ အဆင် မပြေတော့လို့ ပုစွန်ကန်မှာ
မိုးရာသီ ဆိုရင် စပါးစိုက်ရတယ်။ အဲဒီစပါးက လည်း ကိုယ့်မိသားစုစားဖို့နဲ့ ကိုယ့်ရွာ အတွက်ပဲသုံး
လို့ရတယ်။ပုစွန်အထွက် နှုန်းကလည်း အရင်လောက် မကောင်း တော့ဘူး" ဟု မြေပုံမြို့နယ်
ကျီးခေါင်းတောင်ကျေးရွာမှ ပုစွန်ကန်ဧက ရ၀ ပိုင်သူ ဦးဘသိန်းက ပြောသည်။
"မုန်တိုင်းနောက်ပိုင်းမှာပုစွန်လုပ် ငန်းတစ်ခုတည်းလုပ်လို့ အဆင်မပြေ တော့ဘူး။ ဒါကြောင့် ပုစွန်
တစ်သား၊ စပါးတစ်သီးဆိုပြီး ပုစွန်လုပ်ငန်းနဲ့ စပါး လုပ်ငန်းကို တွဲလုပ်နေရတယ်။ ဒီလိုတွဲလုပ်ပေ
မယ့်လည်း လုပ်ငန်းနှစ်ခု စာအတွက် အရင်းအနှီးက မလုံလောက် တော့ အကျိုးအမြတ်က ပြော
ပလောက် အောင်ကို မရဘူး။ စိုက်တဲ့စပါး ကလည်း စီးပွားဖြစ်ကို မရောင်း နိုင်ဘူး။ ကိုယ့်အိမ်ရဲ့
တစ်နှစ်ဝမ်းစာ လောက်ပဲ ရတယ်။ ပုစွန်မွေးမြူရေးက လည်း ကန်ပေါင်မမြှင့်နိုင်တော့ ရေ ကြီးရင်
ဘာမှမရတော့ဘူး" ဟု ပုစွန် မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်ဦးစိန်နုက ပြောသည်။
မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ဂီရိမုန်တိုင်းကြောင့် ဒေသခံပုစွန်ကန်များနှင့် လယ်ယာ
များမှာ အားလုံးနီးပါးပျက်စီးခဲ့ပြီး ယင်းပျက်စီး ဆုံးရှုံးမှုများအတွက် ယခုအချိန်ထိ ပြန် လည်ထူ
ထောင်မှုများ မပြုလုပ်နိုင်သေး ကြောင်း ဒေသခံမွေးမြူရေးနှင့် စိုက်ပျိုး ရေးလုပ်ကိုင်သူများက
ပြောသည်။
"ပုစွန်မွေးတဲ့သူတွေဆိုရင် ကန်တွေ ပြန်ပြင်ဖို့အရင်းအနှီးမရှိတော့ မြို့က လာဖွင့်တဲ့ ပုစွန်ဒိုင်
တွေမှာ ပိုက်ဆံကြို ယူပြီးတော့ ပြန်ပြင်ရတယ်။ ဒါပေမဲ့ မွေးလို့ရတဲ့ ပုစွန်တွေ အကုန်လုံးကို
ပိုက်ဆံကြိုထုတ်ထားတဲ့အတွက် သူတို့ ဆီမှာပဲ ပြန်ရောင်းရတယ်။ ရောင်းရင် လည်း လေး
လက်မအထက် အရွယ်ရှိတဲ့ ပုစွန်တစ်ပိဿာကို ကျပ် ၃၀,၀၀၀ ပေါက်ရင် သူတို့က ၂၃,၀၀၀
လောက်ပဲ ပေးတယ်။ နောက်ပြီး အလေးချိန်ကိုလည်း တစ်ပိဿာကို နှစ်ဆယ်သားပို ယူတယ်"
ဟု ပုစွန်မွေးမြူသူများက ပြောသည်။
"ကျွန်တော်တို့ စပါးစိုက်တဲ့သူတွေလည်း ဂီရိမုန်တိုင်းပြီးကတည်းက စိုက်နေကျကောက်ကြီးစပါး
ကို မစိုက်နိုင်တော့ဘူး။ ကောက်လတ်စပါးကို ပြောင်းစိုက်ရတယ်။ နောက်ပြီး လယ် တွေထဲကို
ရေငန်မဝင်အောင် ကန် ပေါင်တွေ လုပ်ရတယ်။ ကန်ပေါင် တွေကိုလည်း အမြင့်ကြီးမလုပ်နိုင်တော့
ရေကျော်တဲ့အခါကျရင် ရေငန်တွေ ၀င်ပြီး စိုက်ထားသမျှစပါးတွေ အကုန်ပျက်တော့တာပဲ" ဟု
စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ပင်လယ်ရေ မဝင်ရောက်နိုင်ရန် ကန်ပေါင်အမြင့်ကို ခြောက်ပေခွဲခန့် အထိ ပြုလုပ်ရမည်ဖြစ်သော်
လည်း အရင်းအနှီးမရှိသည့်အတွက် သုံးပေ ခန့်သာပြုလုပ်နိုင်ကြပြီး ဧက၂၀ ခန့်ရှိ သော ကွင်းတစ်
ကွင်းကိုပြုလုပ်ခမှာ ကျပ်သိန်း ၂၀ ခန့် ကုန်ကျကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"ဒီဒေသထွက်ဆန်တွေက ကိုယ့်ရွာ မှာစားဖို့အတွက်ပဲရတယ်။ ဖြစ်နိုင် ရင် ကျွန်တော်တို့ စပါးကိုပဲ
တွင်တွင် ကျယ်ကျယ် စိုက်ချင်ပါတယ်" ဟု တောင်သူတစ်ဦးက ပြောသည်။ ပုစွန်မွေးမြူသူများက
လုပ်ငန်း ကောင်းမွန်ပါက အကျိုးအမြတ်များ သဖြင့် ပုစွန်လုပ်ငန်းကိုသာ လုပ်ကိုင် လိုကြောင်း
ပြောသည်။
"ဖြစ်နိုင်မယ်ဆိုရင် ပုစွန်ပဲတွင်တွင် ကျယ်ကျယ်မွေးချင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ပုစွန်က
စပါးစိုက်တာ ထက် အကျိုးအမြတ် ပိုရတယ်။ တခြား ရွာတွေ ကလည်း စပါးစိုက်နေတာဆိုတော့
ဆန်ကဝယ်စားလို့ ရတယ်။ ပုစွန် ကိုသာ အရင်းအနှီး များများထည့်မွေးနိုင်ပြီး အခုလက်ရှိဈေးထက်
ပိုပေးနိုင်တဲ့နေရာတွေမှာသာ ရောင်း နိုင်ရင် ကျွန်တော်တို့ အခုထက် အဆင် ပြေလာမှာ"ဟု၎င်းက
ပြောသည်။

















