မြို့ပတ်ရထားတွဲများပေါ်တွင်၊ကြော်ငြာများ ပြန်လည်အသုံးပြုပြီ

မြို့ပတ်ရထားတွဲများပေါ်တွင်၊ကြော်ငြာများ ပြန်လည်အသုံးပြုပြီ

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ် ကားများနှင့် တက္ကစီများနည်းတူ မြို့ပတ်ရထားများတွင်
လည်း ကုန်ပစ္စည်း ကြော်ငြာများအသုံးပြုရန် မြန်မာ့ မီးရထားက တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ လေးခု
မှ တင်ဒါအောင်မြင်ခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

"ကြော်ငြာတွေက တော်တော်လေး တော့ ကန့်သတ်ချက်ရှိတယ်။ ဒါပေမဲ့ အထိုက်အလျောက်
တော့ ပိုက်ဆံရ တယ်။ ကြော်ငြာခရတဲ့ပိုက်ဆံကိုလည်း နိုင်ငံတော်ကိုပဲ အပ်လိုက်မှာ"ဟု ရထား
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ မီးရထား၊ အောက်မြန်မာပြည်မှ အထွေ ထွေမန်နေဂျာ ဦးထွန်း
အောင်သင်းက ပြောသည်။

မြန်မာ့မီးရထား၊ တိုင်းအမှတ် (၇) နယ်မြေအတွင်း ပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားများအရှုံး
ပေါ်နေမှုကိုကာမိစေရန်အတွက် မြို့ပတ်တွဲဆိုင်း များကိုအသုံးပြုကာ ကြော်ငြာလုပ်ငန်းကိုလုပ်
ကိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် နိုင်ငံပိုင်သတင်း
စာများ၌ တင်ဒါယှဉ်ပြိုင်မည့်သူများကို မြန်မာ့မီးရထားက ဖိတ်ခေါ်ခဲ့သည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဖွင့် လှစ်ခဲ့သောတင်ဒါကို ကုမ္ပဏီငါးခု ၀င်ရောက် ယှဉ်ပြိုင်
ခဲ့သည်။ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာတွင် တင်ဒါကော်မတီအဖွဲ့က အဲကွန်းတွဲ ငါး တွဲပါ တစ်ဆိုင်း
ကို တစ်နှစ်စာ ကြမ်းခင်း ဈေးအဖြစ် ကျပ် ၉,၇၅၀,၀၀၀ သတ် မှတ်၍ တင်ဒါဖွင့်လှစ်ခဲ့ရာ ၀င်ရောက်
ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီငါးခုအနက်မှ Myanmar Distribution Group က ကျပ် ၂၀,၀၁၀,၀၀၀
ပေးကာ တင်ဒါ အောင်မြင်ခဲ့သည်။

RBE/RBT တွဲဆိုင်းများအတွက် ကြမ်းခင်းဈေးအဖြစ် တစ်တွဲလျှင် တစ်လ စာ ကျပ် ၅၆,၂၅၀ ဖြင့်
တစ်နှစ်စာ ကျပ် ၆၇၅,၀၀၀ သတ်မှတ်၍တင်ဒါ ဖွင့်လှစ် ခဲ့ရာ ကုမ္ပဏီသုံးခုက ၀င်ရောက် ယှဉ်ပြိုင်
ခဲ့ပြီး တစ်နှစ် ကျပ် ၁,၄၅၈,၀၀၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ကြသည်။

ထိုကဲ့သို့အောင်မြင်ခဲ့သော ကုမ္ပဏီများ အနက် New Life Advertising Group က တွဲဆိုင်း
ငါးဆိုင်း၊ Paing & Paing ကုမ္ပဏီက တွဲဆိုင်းတစ်ဆိုင်းနှင့် ABC Media Group က တွဲဆိုင်း
တစ်ဆိုင်း အသီသီး လုပ်ကိုင်ခွင့်ရရှိခဲ့ သည်။

ရိုးရိုးရထားတွဲဆိုင်း ၁၄ ဆိုင်း အတွက် တင်ဒါ အဆိုပြုလွှာတင်သွင်းသူ မရှိခဲ့ဘဲ တင်ဒါအောင်မြင်
သည့် ကုမ္ပဏီလေးခုကို နိုဝင်ဘာလ ၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ ပြင်ဆင်ကာလ အဖြစ်သတ်
မှတ်ကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ၂၀၁၄ ခုနှစ်၊ နို၀င်ဘာလ ၁၄ ရက်နေ့အထိ
တစ်နှစ် သက်တမ်းသတ်မှတ်ကာ လုပ်ကိုင်ခွင့် ပြုခဲ့သည်။

"မီးရထားမှာ အရင်ကကြော်ငြာဖူး တယ်။ ဆေးနဲ့ရေးတာဆိုတော့ ရထား ကိုယ်ထည်သံသားတွေ
ပျက်စီးလို့ ဒါကြောင့်ရပ်လိုက်တယ်။ လက်ရှိမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာဆိုရင်
ဘတ်စ်ကားတွေမှာ ကြော်ငြာ ကြတယ်။ ကြော်ငြာခကတော့ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး
ကုမ္ပဏီဆိုရင် ဘတ်စ်ကားကြီးတွေအတွက် တစ်နှစ် ကို ကျပ် ၄၀၀,၀၀၀ လောက်ရတယ်။
ပုဂ္ဂလိက တက္ကစီတွေဆိုရင် တစ်နှစ် ကျပ် ၂၀၀,၀၀၀ လောက်ရတယ်။ မြို့ပတ် ရထားမှာ
တစ်စင်းမှာ ငါးတွဲ ခြောက်တွဲ ပါတဲ့ တွဲဆိုင်း ၁၄ ဆိုင်းလောက် ရှိတယ်။ အာရ်ဘီအီးတွဲဆိုင်း
ကတော့ နှစ်တွဲ၊ သုံးတွဲပဲ ရှိတယ်။ တွဲအမျိုးအစားအလိုက် တင်ဒါခေါ်လိုက်တာပါ" ဟု
ဦးထွန်းအောင်သင်းကပြောသည်။

၁၉၉၄၊ ၁၉၉၅ ခုနှစ်များက ဗန္ဓုလ အင်တာနေရှင်နယ်လီမိတက်က လူသုံး ကုန်ပစ္စည်းများနှင့်
အချိုရည်ကြော်ငြာ များကို ရထားတွဲကိုယ်ထည် အပြင်ဘက်ပိုင်းတွင် သင်္ဘောဆေးဖြင့် ဒီဇိုင်း
ရေးဆွဲ၍ ကြော်ငြာခဲ့ပြီး တွဲအတွင်းပိုင်းတွင်မူ ကြော်ငြာခဲ့ခြင်းမရှိပေ။ ထို့ပြင် ကြော်ငြာဒီဇိုင်း
ရေးဆွဲရာတွင်လည်း ရထားတစ်စင်းတွင်ပါရှိ သည့်တွဲများအားလုံးကို ရေးဆွဲကြော်ငြာခဲ့ပြီး
ကုန်ပစ္စည်းတစ်မျိုးတည်းကိုသာ ကြော်ငြာခဲ့သည်။ သို့သော် ဆေးရောင်များ ညီညာမှုမရှိခြင်း၊
အမြင်ရှုပ်ထွေးခြင်းတို့ကြောင့် ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း မြို့ပတ်ရထားတွဲဆိုင်းများတွင်
ကြော်ငြာခြင်းမရှိခဲ့ပေ။

အများပြည်သူ သယ်ယူပို့ဆောင်ရေးဘတ်စ်ကားများတွင် ကြော်ငြာကပ်ခြင်းအတွက် တစ်နှစ်လျှင်
ကျပ် ၅၀,၀၀၀ နှင့် တက္ကစီယာဉ်များတွင် ကြော်ငြာကပ်ခြင်းအတွက် တစ်နှစ်လျှင် ကျပ် ၁၅,၀၀၀
အခွန်ကောက်ခံပြီး ရထားများတွင် ကြော်ငြာခြင်းအတွက် စည်းမျဉ်းစည်းကမ်းများအရ အခွန်
ကောက်ခံနိုင်ပြီး လက်ရှိတွင်မူ ကောက် ခံမည့်နှုန်းထားကို မညှိနှိုင်းရသေးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတား ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်၍ Myanmar Distribution Group က ၎င်းတို့ တင်ဒါအောင်မြင်
သော အဲကွန်း ရထားတွဲတွင် ကုမ္ပဏီ၏ထုတ်ကုန် ပစ္စည်းဖြစ်သော Gold Roast ကော်ဖီမစ်ကြော်
ငြာကို တပ်ဆင်ထားပြီး ဖြစ်သည်။

RBE/RBT တွဲဆိုင်းများ တွင် Paing & Paing ကုမ္ပဏီက Ayeyarwaddy Legend နှင့် Travel
& Tour ကုမ္ပဏီ၏ အမှတ်တံဆိပ်ဖြင့် တပ်ဆင်ပြီးဖြစ်ကာ ABC Media Group က 5 Network
ရုပ်သံလိုင်းကို တပ်ဆင်သွားမည် ဖြစ်သည်။ တွဲဆိုင်း ငါးဆိုင်းတင်ဒါအောင်မြင် သော New Life
Advertising Group ကလည်း လာရောက်အပ်နှံမည့်ကုမ္ပဏီ များ၏ ကုန်အမှတ်တံဆိပ်ကို လာ
မည့်ရက်များတွင် တပ်ဆင်သွား မည်ဖြစ်ကြောင်းပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး