ပြီးခဲ့သည့်လကုန်ပိုင်းမှ စတင်၍ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခဲ့ သော်လည်း ပြည်တွင်းရွှေဈေး
မှာ တရိပ် ရိပ် ကျဆင်းလာခဲ့ရာ ယခုနှစ်ဈေးမှာ ပြီးခဲ့သည့် ငါးနှစ်အတွင်း အနိမ့်ဆုံးဖြစ် ခဲ့ကြောင်း
ကျွမ်းကျင်သူများက ပြော သည်။
ကမ္ဘာ့ရွှေဈေး ဈေးကျဆင်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ပြီးခဲ့သည့်ငါးလဆက်တိုက် ကျဆင်းလာ
ခဲ့သော ပြည်တွင်းရွှေဈေးမှာ ဒီဇင်ဘာ ၃ ရက်နေ့က ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၀,၀၀၀
ရှိပြီး ထိုဈေးမှာ ငါးနှစ် အတွင်း အနိမ့်ဆုံးဈေး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း
အတွင်းရေးမှူး ဦးဝင်းမြင့်က မြန်မာ တိုင်း(မ်)ကို ပြောသည်။
လွန်ခဲ့သောငါးနှစ်က ဈေးမှာ ကျပ် ၆၆၀,၀၀၀ အထက်တွင် ရှိခဲ့ပြီး ၂၀၁၂ တွင် ကျပ် ရ၀၀,၀၀၀ နှင့်
အထက်သာရှိ ခဲ့ကာ ဩဂုတ်လတွင် ကျပ် ရ၉၃,၅၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သေးသည်။
သို့သော် ယခုနှစ်မတ်လအတွင်းက ကျပ် ရ၆၈,၅၀၀ ရှိခဲ့သောဈေးမှာ၊ဧပြီလ ကုန်တွင်စတင်
ကျဆင်းခဲ့ပြီး ယခုကဲ့သို့ အနိမ့်ဆုံးဈေး ရောက်ခဲ့ခြင်း ဖြစ်သည်။ ယခုလတွင် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲရှိခြင်းကြောင့် ပြည်ပ ဧည့်သည် အဝင်များလာကာ အပြောင်း အလဲရှိနိုင်သော်
လည်း ယခုအခြေ အနေအတိုင်း ရှိနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။
ကမ္ဘာ့ရွှေဈေး ကျဆင်းရခြင်းမှာ လွန်ခဲ့သော ရက်သတ္တပတ်များက အမေရိကန် ကြွေးမြီပြဿနာ
ကြောင့် ကျဆင်းခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက အီရန်နိုင်ငံ၏ နျူကလီးယားအရေးကိစ္စတွင် ခြောက်
နိုင်ငံသဘောတူညီ ချက်ရခြင်း၊ ရေနံစိမ်းဈေးအနည်းငယ်ကျဆင်းခြင်းတို့နှင့်လည်း ပတ်သက်
ဆက်နွှယ်မှုရှိကြောင်းလည်း ဦးဝင်းမြင့် က ပြောသည်။
"ရွှေဈေးအနိမ့်ပိုင်းမှာပဲ ဆက်လက်ဖြစ်နေဦးမယ်။ လာမယ့် သုံးလေးငါးရက် အထိ ဒီဈေးမှာပဲဖြစ်
နေလိမ့်မယ်။ အချိန်တိုကိုမှန်းတာတော့ ပိုပြီး ဓမ္မဓိဋ္ဌာန် ကျပါတယ်။ ရေရှည်ကတော့ ကမ္ဘာ့ ဖြစ်
စဉ်တွေကြားထဲမှာ ပေါ်ပေါက်လာ စရာအကြောင်းရှိတဲ့အတွက် မှန်းဆရ ခက်ပါတယ်" ဟု ၎င်း
ကပြောသည်။
၎င်းက ပြည်တွင်းရွှေ အနိမ့်ဆုံးဈေး မှာ ကျပ် ၆၅၅,၀၀၀ အထိပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းသည်။
ပုံမှန်အားဖြင့် ရွှေဈေးကျဆင်းပါက လက်လီဈေးကွက်တွင် အဝယ်လိုက်လေ့ရှိသော်လည်း ယခု
တစ်ခေါက်တွင် ၀ယ်လိုအားနည်းကြောင်း ဦးဝင်းမြင့်က ပြောသည်။
"ရောင်းလိုအား များလာတယ်။ အဝယ်မှာကျတော့ ကျသွားတယ်။ ပွင့်လင်းရာသီ ရောက်ပြီဖြစ်
တဲ့အတွက် သဘာဝတွင်းထွက် ရွှေကျင်စခန်းတွေ က ကုန်ကြမ်းတွေလည်း ဈေးကွက်ထဲ ကို
၀င်လာတယ်"ဟု ၎င်းကပြောသည်။
ပြည်တွင်း ရွှေဈေးကွက်မှ ရွှေအများ စုမှာ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ၀င်ရောက်လာသော ရွှေ
များဖြစ်ပြီး ဈေးနှုန်းကွာဟမှု ရှိပါက တရုတ်နယ်စပ်ဘက်မှလည်း ၀င်ရောက်လာ တတ်ပြီး လက်ရှိ
တရုတ်နယ်စပ် ရွှေဈေး မှာ ဈေးကွက်ပေါက်ဈေးအောက် ကျပ် ၁၀,၀၀၀ ကျော် ဈေးနိမ့်နေကြောင်း
လုပ်ငန်းရှင်များက ပြောသည်။ ကုန်သွယ်ရေး မြှင့်တင်မှုဦးစီးဌာန ၏ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က
ပို့ကုန်ရာသီဖြစ်၍ ရွှေဈေးကွက် ဈေး ကစားမှုများ လျော့နည်းလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြော
သည်။
နို၀င်ဘာလအထိ သွင်းကုန်ပမာဏ သာလွန်လျက်ရှိသော်လည်း လကုန်ပိုင်းလောက်ကစကာ
ပို့ကုန်အား ပြန်တက်လာကြောင်းလည်း ၎င်းက ပြောသည်။ "ဒေါ်လာက တက်ရိပ်ပြပြီး ပိုပိုတက်
လာတယ်။ ကုန်သည်တွေကလည်း ရလာတဲ့အမြတ်ကို သေချာတဲ့နေရာမှာပဲ ရင်းနှီးမြှုပ်နှံချင်ကြ
တယ်။ ကိုယ့်ရဲ့ကုန်အမြတ် မရမှာစိုးတဲ့အတွက် ဒေါ်လာ စုဆောင်းတာတို့၊ အိမ်ခြံမြေဝယ်ဘက်
တွေမှာ ရင်းနှီးမြှုပ် နှံတာကို ပိုပြီးလုပ်လာကြတယ်"ဟု ၎င်းက ပြောသည်။ ဒီဇင်ဘာလအတွင်း
နိုင်ငံတကာ ဧည့်သည်များ ၀င်ရောက်လာမှုမှတစ်ဆင့် နိုင်ငံခြားငွေကြေးများ ၀င်ရောက်လာ နိုင်
သော်လည်း ငွေစက္ကူ ကိုင်တွယ် သုံးစွဲမှုထက် ဘဏ်များတွင် ခွင့်ပြုထား သည့် ကတ်ဖြင့်ငွေပေး
ချေမှုသာ များ မည်ဖြစ်ခြင်းကြောင့် ဒေါ်လာ ငွေလဲနှုန်း တန်ဖိုး လျော့ကျသွားနိုင်မည်မဟုတ်
ကြောင်း ဦးဝင်းမြင့်က ခန့်မှန်းသည်။
နို၀င်ဘာလ တတိယပတ်အထိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၉၇၀ ကျော်သာရှိခဲ့သော
နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ၉၈၃ ကျပ် ဖြစ်ပြီး ၀ယ်လိုအားများနေ
ကြောင်း ကျောက်တံတားမြို့နယ်ရှိ ပုဂ္ဂလိကငွေလဲကောင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်း၌သာမက ထိုင်း၊ မလေးရှား နှင့် ဂျပန်နိုင်ငံများတွင်လည်း ဒေါ်လာဈေးမှာ လျင်မြန်စွာမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှလုပ်ငန်းရှင်များက ပြောသည်။

















