တိုးတက်လာသော နည်းပညာနှင့် စီးပွားရေးအသိုင်းအဝိုင်းက မြန်မာအမျိုးသမီး စီးပွားရေး
စွမ်းဆောင်ရှင်များကို အခွင့်အလမ်းကောင်း များ ဖန်းတီးပေးနိုင်နေချိန်တွင် ရှေးရိုးဆန်သည့်
ရိုးရာမိသားစု အစဉ်အလာများက စီးပွားရေး ကဏ္ဍတိုးတက်ရန် ဆောင်ရွက်ရာတွင် အဟန့်
အတားဖြစ်စေနိုင်ကြောင်း ဒီဇင်ဘာလ ၆ ရက် နေ့က ပထမရက်အဖြစ် ကျင်းပခဲ့သော
Myanmar Women's Forum တွင် ထိပ်တန်းအမျိုးသမီးစွမ်းဆောင်ရှင်များက ပြောသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ် သည့်အလျောက် တိုင်းပြည်တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်
အောင် စွမ်းဆောင်နေရာတွင် နိုင်ငံ့ လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ ပါ၀င်မှု
အခန်းကဏ္ဍက အလွန်အဓိကကျကြောင်း မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှ
ဒုဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
"တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အမျိုးသမီး တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မေ့ထားခဲ့လို့မရ ပါဘူး။
ကျွန်မတို့လူဦးရေသန်း ၆၀ ရှိတာမှာ အမျိုးသမီးတွေကိုမေ့ထားရင် လူသန်း ၃၀ ရဲ့ စွမ်းဆောင်နိုင်
မှုတွေကို မေ့ထားသလိုဖြစ်နေပါ လိမ့်မယ်။ အမျိုးသမီးတွေဟာ အရည်အချင်းနဲ့ စီးပွားရေး
လုပ်ငန်းတွေမှာ ပါ၀င်နိုင်စွမ်း ရှိနေပေမဲ့ ယခင်ရိုးရာအမူအကျင့် တချို့ ကြောင့် နောက်မှာချန်
ထားခံနေရတုန်းပါပဲ" ဟု ၎င်းက ပြောသည်။
"တချို့နေရာတွေမှာ အမျိုးသမီးတွေဟာ ကိုယ့်အရည်အချင်းရှိသလောက် နေရာမရဘဲ ပါ၀င်
ခွင့်မရတာတို့၊ ကန့်သတ်ခံရတာတို့ ရှိနေ သေးတယ်။ ဒါက လူမှုအသိုင်း အဝိုင်းကြီးတစ်ခု လုံးရဲ့
ယဉ်ကျေးမှုလွှမ်းမိုးတာကို ပြင်မှရမယ်။ ဥပဒေနဲ့ လက်တွေ့မကိုက်ညီတာတွေ ရှိနေ တယ်"ဟု
၎င်းကပြောသည်။
ထိုသို့ ပြုပြင်ရာတွင် စင်ကာပူနိုင်ငံကဲ့သို့ အမျိုးသမီးစွမ်းဆောင်ရှင်များဖြစ်ရန် မြေတောင်
မြှောက်ပေးနိုင်မည့် ဥပဒေမျိုး ရေးဆွဲဆောင် ရွက်ပါက ယခုထက်ပို၍ မြန်မြန်ဆန်ဆန်တိုး
တက်လာနိုင်ကြောင်းလည်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။
Inle Lake View Hotel နှင့် Sandar Tour ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ခင်စန္ဒာဝင်းက
လည်း ရှေးရိုးစွဲအမူအကျင့်များက အမျိုးသမီး များအား အမျိုးသားများနှင့် တန်းတူ ရင်ပေါင်
တန်းရာတွင် အခက်အခဲဖြစ်စေကြောင်း ပြော သည်။ သို့သော် တိုးတက်လာသော နည်းပညာ
နှင့် ငွေကြေးဆိုင်ရာအခွင့်အလမ်းများက အမျိုးသမီးစွမ်းဆောင်ရှင်များအတွက် အခွင့်အလမ်း
ကောင်းများ ဖန်တီးပေးနိုင်ကြောင်းနှင့် အမျိုးသားများ၏ ပံ့ပိုးပေးမှုများလိုအပ်ကြောင်း
ဒေါ်ခင်စန္ဒာဝင်းက ပြောသည်။

















