ပြည်တွင်းအာမခံလုပ်ငန်းကဏ္ဍ မတွင်ကျယ်သေးသော်လည်း ၂၀၁၅ တွင် ၀င်ရောက်လာနိုင်ဖွယ်
ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ကိုက်ညီမှုရှိအောင် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း
လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိလုပ်ကိုင်လျက်ရှိသော အာမခံ လုပ်ငန်း ၁၁ ခုမှာ ယခုနှစ်ဇူလိုင်လမှ စတင်ခဲ့ ခြင်းဖြစ်ရာ
ငွေရင်းငွေနှီးအားနည်းပြီး လုပ်ငန်း အတွေ့အကြံုလည်း နုနယ်ကာ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုများ
စွာ လိုအပ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ကျောက်တံတားမြို့နယ်ရှိ Capital Life အာမခံလုပ်ငန်းမှ ဦးရန်ပိုင်က အာမခံလုပ်ငန်း ခြောက်
မျိုးလုပ်ကိုင်ခွင့် ရသည့်အနက် အသက် အာမခံ၊ မီးနှင့် မော်တော်ယာဉ်အာမခံများ တွင်
လာရောက်ထားရှိမှုအများဆုံးဖြစ်ကြောင်း ပြောသည်။
၎င်းအပြင် အခြားအာမခံအမျိုး အစားများထပ်မံခွင့်ပြုပါက လုပ်ကိုင်မည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။
"မြန်မာ့အာမခံလုပ်ငန်းက သိရတာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ချက်ချင်းရောက် လာဦးမှာ
မဟုတ်သေးပါဘူး။ ၀င်ရောက်လာ မယ်ဆိုရင်လည်း ပိုပြီးကျယ်ပြန့်တဲ့ ဈေးကွက်မျိုး ရဖို့ မျှော်လင့်
ပါတယ်။ ပူးပေါင်းလုပ်ဆောင်ဖို့ လည်း ဆန္ဒရှိပါတယ်"ဟု ၎င်းက ပြောသည်။
သမဝါယမဘဏ်ကလည်း အာမခံလုပ်ငန်း တစ်ခုဖြစ်သည့် နိုင်ငံသားစီးပွားရေးအာမခံ ကုမ္ပဏီကို
ဖွင့်လှစ်ထားပြီး ဖြစ်သည်။ သမဝါယ မဘဏ်၏ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့် က နိုင်ငံခြား
လုပ်ငန်းများမှာ ၀င်ရောက်လာရန် အချိန်လိုအပ်သေးသည့်အတွက် ဘဏ်များတွင် လုပ်ဆောင်
သည့်ပုံစံကဲ့သို့ ပူးပေါင်းဖွင့်လှစ် ရန် စဉ်းစားထားခြင်း မရှိသေးကြောင်းပြောသည်။
"လုပ်ငန်းအခြေအနေအရ အခုမှအစပဲရှိသေးတဲ့အတွက် အများကြီးပြင်ဆင်ဖို့လိုသေးတယ်။
ဘက်စုံကမဖွံ့ဖြိုးသေးဘူး"ဟု ၎င်းက ပြောသည်။ မြန်မာ့စီးပွားရေးဘဏ်၏ တာဝန်ရှိသူတစ်ဦး
ကမူ အာမခံလုပ်ငန်းပိုမိုအားကောင်းလာစေရန်မှာ လူထုကလည်း အာမခံထားရှိသည့်အသိနည်း
ပါးမှုရှိနေခြင်းကြောင့် ၀င်ငွေအရ လိုအပ်နေသေးကြောင်း ပြောသည်။ ဖွင့်လှစ် ထားသော ပုဂ္ဂလိ
ကအာမခံလုပ်ငန်း ၁၁ ခုမှာ ပြည်တွင်းစီးပွားရေးအတွက် လုံလောက်သည့် ၀န်ဆောင်မှုမျိုး ဖြစ်
သော်လည်း မြန်မာနိုင်ငံ တွင် အစိုးရဌာနများအပါအဝင် မဖြစ်မနေ အာမခံထားရှိရမှုမျိုးသာ အများ
ဆုံးရှိနေသေး ကြောင်းပြောသည်။
"ပြည်တွင်းလုပ်ငန်းတွေကို အသက်အာမ ခံ၊ မီးအာမခံလိုမျိုးလုပ်ခွင့်ပြုမယ်ဆိုရင် နိုင်ငံခြားကိုကျ
တော့ အရင်းအနှီးများတဲ့ရေကြောင်း နဲ့ တခြားလုပ်ငန်းမျိုးတွေ ခွင့်ပြုပေးလို့ ရနိုင်တယ်"ဟု ၎င်းက
ပြောသည်။
Global World အာမခံကုမ္ပဏီ၏ အထွေ ထွေမန်နေဂျာဦးစိုးဝင်းသန့်က ပုဂ္ဂလိကကုမ္ပဏီ များ၏
သက်တမ်းမှာ လအနည်းငယ်ကြာမြင့် လာပြီဖြစ်သော်လည်း လုပ်ငန်းများအရှိန်နှေး နေသေးကြောင်း
ပြောသည်။
အဆိုပါကာလ အတွင်း ရရှိလာသောဝင်ငွေမှာ ပုဂ္ဂလိက လုပ်ငန်းများ၏ ရင်းနှီးမတည်ငွေ ကျပ်
၄၆ ဘီလျံ နှင့် ယှဉ်လျှင် မပြောပလောက်သောပမာဏ သာရှိနေသေးကြောင်း ၎င်းကပြောသည်။
"အခုလိုင်စင်ပေးထားတာ ၁၁ ခုက အသီးသီး ၀န်ဆောင်မှုပေးနေကြပေမယ့် လုပ်ငန်းက အရမ်း
အကောင်းကြီးမဟုတ်တော့ စိတ်ရှည်ရှည် စောင့်ဖို့လိုတယ််" ဟု ၎င်းက ပြောသည်။
"အခုထက် ပိုအားကောင်းလာအောင် ကြော်ငြာတာရော၊ ပညာပေးတဲ့အပိုင်းပါ နှစ်မျိုး လုံးပေါ်
မူတည်နေတယ်။ ပြည်တွင်းအာမခံလုပ် ငန်းတွေကို လူထုက ဝေဖန်အကြံပြုမှုဆိုတာ မရှိသလောက်
ပဲ"ဟု ၎င်းက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မကြာမီဝင်ရောက်လာမည်ဖြစ်ရာ ယင်းကိုယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းကုမ္ပဏီ
၁၂ ခုနှင့် မြန်မာ့အာမခံတို့ ပူးပေါင်းကာ အသင်းတစ်ခု ထူထောင်ရန်လိုအပ်ကြောင်း ဦးစိုးဝင်းသန့်
က ပြောသည်။
"ဘဏ္ဍာအခွန်ဒုဝန်ကြီးကလည်း အာမခံအသင်းကြီးပေါ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒီလို အားလုံး
ပေါင်းလုပ်လိုက်ရင် အရင်းအနှီး မှာလည်း နိုင်ငံခြားလုပ်ငန်းတွေကို ယှဉ်လို့ရ သွားမယ်။ အတွေ့
အကြံုပိုင်းမှာလည်း မြန်မာ့အာမခံရဲ့နှစ်ပေါင်း ၆၀ အတွေ့အကြံုနဲ့ ကုမ္ပဏီ တွေကခန့်ထားတဲ့
နိုင်ငံခြားကျွမ်းကျင်ပညာရှင် ဆီက အကြံဉာဏ်တွေကြောင့် ဒီလိုနိုင်ငံခြား လုပ်ငန်းတွေဝင်ရောက်
လာတာမျိုးကို ထိတ်လန့် နေစရာမလိုတော့ဘူးလို့ ထင်တယ်"ဟု ၎င်းက ပြောသည်။
မြန်မာ့အာမခံလုပ်ငန်း၏ လက်ထောက်အထွေထွေမန်နေဂျာဦးလွင်ဦးက အဆိုပါအသင်းကို ၂၀၁၄
ခုနှစ်အတွင်း ပေါ်ပေါက်လာ ရန်ခန့်မှန်းထားရာ တာဝန်ရှိသူများအနေဖြင့် အသင်းနှင့်စပ်လျဉ်းသော
စည်းမျဉ်းဥပဒေများ ထုတ်ပြန်ရန်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်သွားမည်ဟု ၎င်းက
ပြောသည်။
















