အာမခံလုပ်ငန်းများ နိုင်ငံတကာစံနှင့်အညီ ကျင့်သုံးသွားနိုင်ရန်လို

အာမခံလုပ်ငန်းများ နိုင်ငံတကာစံနှင့်အညီ ကျင့်သုံးသွားနိုင်ရန်လို

အာမခံဈေးကွက်အတွင်း လက်ရှိ ကျင့်သုံးနေသော မူဝါဒများ၊ တူညီသော ပရီမံယံနှုန်းထားများနှင့်
တင်းကျပ်သော လုပ်ထုံးလုပ်နည်းများကြောင့် လက်ရှိအာမခံများတွင် ယှဉ်ပြိုင်နိုင်မှု နည်းပါးနေ
သေးရာ နိုင်ငံတကာတွင်ကျင့်သုံးနေသော စံများနှင့်အညီ ဖြစ် ပေါ်လာရန် လိုအပ်နေသေးကြောင်း
အာမခံလုပ်ငန်းရှင်များက ပြောသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရပိုင် မြန်မာ့အာမခံ လုပ်ငန်းတစ်ခုတည်း ကသာ ဈေးကွက်အတွင်း
လုပ်ကိုင်ခဲ့ရာ မှ ၎င်းခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကအာမခံလုပ်ငန်း ပြီးခဲ့သည့်နှစ်၊ ဇူလိုင်လတွင်း ၌ စတင်
လုပ်ကိုင်နိုင်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီလိုင်စင် ၁၂ ခု ခွင့်ပြုထားပြီး ဖြစ်သည်။

ထို့ပြင် ပြည်တွင်းဈေးကွက် သို့ နိုင်ငံတကာမှဝင်ရောက်လာရန် စိတ်ဝင်စားလျက်ရှိပြီး ယခုနှစ်
အတွင်း အာမခံဥပဒေ ထွက်ပေါ်လာပါက အဆိုပါဥပဒေတွင် နိုင်ငံတကာနှင့်ဖက်စပ်လုပ်ငန်းများ
လုပ်ကိုင်နိုင်သည် အထိ ခွင့်ပြုပေးထားသည်။

သို့သော် မြန်မာ့အာမခံဈေးကွက် သည် ကုမ္ပဏီအချင်းချင်း ဈေးနှုန်း ယှဉ်ပြိုင်မှုရှိသော နိုင်ငံတကာ
ပုံစံနှင့် ခြားနားစွာ ပြည်တွင်းကုမ္ပဏီများ အတွက် တူညီသောဈေးနှုန်း သတ်မှတ် ချက် လုပ်ကိုင်
ခွင့်များသာ ရရှိလျက်ရှိ သည်။

ပြည်တွင်းကုမ္ပဏီများသည် သက်တမ်း အလွန်နုနယ်နေသေးပြီး ဈေးကွက်ကို ထိန်းသိမ်းသည့်
အနေဖြင့် သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ပြောသည်။

"အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ရဲ့ ကန့်သတ်ချက်အရ ပုဂ္ဂလိကလုပ်ငန်း တွေလုပ်ကိုင်ရာမှာ
မူဝါဒပိုင်းကို ပြောင်းခွင့်မရှိဘူး။ ပရီမီယံကြေးတွေ ကိုလည်း ပုံသေထားထားတယ်ဆိုတော့ ကုမ္ပဏီ
အသစ်တွေ အခက်တွေ့တယ်" ဟု ပုဂ္ဂလိကအာမခံတစ်ခု၏ အကြံပေး ပုဂ္ဂိုလ်က ပြောသည်။

ထို့ပြင် မော်တော်ယာဉ်အာမခံတစ်ခု ပြုလုပ်ရာတွင် ယာဉ်မောင်းသူ၏အသက်၊ မောင်းနှင်သည့်
ယာဉ်အမျိုး အစားများကို ယေဘုယျအမျိုးအစားအတွင်းသတ်မှတ်ပြီး ယာဉ်မောင်းသူ ၏
အသက်အရွယ်ကွာခြားမှုအပေါ် မူတည်၍ အာမခံနှုန်းထားလည်း ခွဲခြား ထားနိုင်ကြောင်း
ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ် ထားသော အာမခံလုပ်ငန်းဆိုင်ရာ
ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ထို့ပြင် အချို့သော အာမခံအမျိုး အစားများ၏ ပရီမီယံနှုန်းထားမှာအလွန်နည်းပါးသောကြောင့်
အာမခံ ကုမ္ပဏီဘက်မှ ကုန်ကျသည့်အထွေထွေ ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက တွက် ခြေ
မကိုက်ကြောင်း ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

"မြွေအန္တရာယ် အာမခံမျိုးဆို သိပ် အလုပ်မဖြစ်ဘူး။ ပရီမီယံကြေးကလည်း တစ်စောင်ကို ကျပ်
၅၀၀ ဆိုတော့ ခေတ်နဲ့ မလျော်ညီတော့ဘူး။ စာရွက် စာတမ်းခနဲ့ ၀န်ထမ်းစရိတ်တောင် မကာမိ
ဘူး။ အဲဒီအစား ကျပ် ၅,၀၀၀ လောက် ဖြစ်သင့်တယ်"ဟု ၎င်းက ပြောသည်။

ပြည်တွင်း အာမခံလုပ်ငန်းအချို့၏အဆိုအရ အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ကချမှတ်ထားသော
လျှောက်လွှာ များမှာ အရေးအသားရှုပ်ထွေးခြင်း၊ ခေတ်နှင့် လိုက်လျောညီထွေမှုမရှိ ခြင်း၊ အချို့
သော ဖောင်အမျိုးအစား များတွင် အင်္ဂလိပ်ဘာသာ တစ်မျိုး တည်းသာရှိခြင်းကြောင့် ကုမ္ပဏီနှင့်
လျှောက်ထားသူတို့အကြား နှစ်ဦး နှစ်ဖက် အခက်တွေ့ရကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင်များက
ပြောသည်။

မြန်မာတိုင်း(မ်)က ရရှိထားသော ကုမ္ပဏီတစ်ခု၏ အသက်အာမခံ လျှောက်လွှာတွင် မေးမြန်းထား
သော မေးခွန်းမျိုးများမှာ အာမခံလျှောက်ထား သူ၏ ကျန်းမာရေးနှင့် အဓိကစပ်လျဉ်း သောမေးခွန်း
များ မပါရှိသောကြောင့် ကုမ္ပဏီများအတွက် နှုန်းထားမည်မျှ သတ်မှတ်ရန် ခက်ခဲနေသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ရ,၀၀၀ ခန့်မှာ အဆုတ်ကင်ဆာကြောင့် သေဆုံးခဲ့ကြသော်လည်း လျှောက်လွှာတွင်မူ ဆေးလိပ်သောက်ခြင်းနှင့်
ပတ်သက်၍ တိကျသောမေးခွန်းများ မပါရှိပေ။ ကျန်းမာရေးထိခိုက်စေသည့် အခြား လုပ်ရပ်များ
ဖြစ်သော အရက်သောက်ခြင်းနှင့် ကွမ်းစားခြင်းကဲ့သို့ အန္တရာယ်များသော အလေ့အထများနှင့်
ပတ်သက်၍လည်း တိကျသည့် မေးခွန်းများ မေးမြန်းထားခြင်းလည်း မရှိပေ။

အဆိုပါ မေးမြန်းချက်များအရ လျှောက်လွှာအချို့မှာ ပြည့်စုံမှုမရှိခြင်း၊ နေရာတိုင်းတွင် မြန်မာဘာ
သာ အသုံး မပြုထားခြင်း၊ အသုံးအနှုန်းများ ရှုပ်ထွေးခြင်းတို့မှာ ကုမ္ပဏီနှင့် အပ်နှံ သူအကြား နား
လည်မှု ကွဲလွဲစေမည် ဖြစ်သည်။ သို့သော် ပုဂ္ဂလိကကုမ္ပဏီ အချို့က ၎င်းတို့ ကိုယ်ပိုင်ပြင်ဆင်
လိုသော လုပ်ထုံးလုပ်နည်းများကိုမူ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ခွင့်ပြုခြင်း မရှိသေးပေ။


 

ကိုယ်ပိုင် လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်သည့်တိုင် လုံခြံုရေး စံ အညွှန်းကိန်းများ အားနည်းနေပြီး
မြန်မာနိုင်ငံတွင်း စာရင်းကောက်ယူ ရန် ခက်ခဲသည့် အခြေအနေမှာလည်း အခက်အခဲတစ်ခု ဖြစ်
နေသေးကြောင်း အာမခံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

"ယာဉ်မတော်တဆမှုတွေ ဒီမှာအများကြီးဖြစ်နေပေမယ့် အချက်အလက်တွေအားလုံး ပြုစုထား
တာမျိုး မရှိသလို တစ်ဖက်မှာလည်း မီးအာမခံ မျိုးဆိုရင် အဆောက်အအုံတွေမှာ ရေဖျန်းစနစ်တွေ
မပါတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့်မီးလောင်ပြီ ဆိုရင် တခြားနိုင်ငံတွေမှာထက် ပို ဆုံးရှုံးမှုများ
တာတွေ ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ယင်းအချက်အလက် များနှင့်ပတ်သက်၍ ယခုနှစ်အတွင်း အာမခံအသင်း ပေါ်ပေါက်
လာပါက စာရင်းကောက်ယူနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။ အာမခံလုပ်ငန်း ကြီး
ကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ယခုနှစ် အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ
များနှင့် ပူးပေါင်းကာ ပုဂ္ဂလိကကုမ္ပဏီများ၏ အစည်းအဝေး များမှ တင်ပြချက်များအရ ဖြေလျှော့
ပေးရန် ရှိကြောင်း ပြောသည်။

"မူဝါဒတွေ ဖြေလျှော့ပေးဖို့ရှိသလို တစ်ဖက်မှာလည်း ကုမ္ပဏီတွေကို အာမခံအမျိုးအစားတွေ အခု
ထက်ပိုပြီး ချထားပေးဖို့ရှိတယ်။ ဘယ်အချိန် ဆိုတာတော့ အတိအကျမပြောနိုင် သေးဘူး"ဟု
၎င်းက ပြောသည်။

ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတစ်ခု မှ အသက်အာမခံ သီးသန့်သာ လုပ် ကိုင်သော ကုမ္ပဏီ
အတွက်မူ ကျပ် ခြောက်ဘီလျံသာ ရင်းနှီးရသော်လည်း အထွေထွေအာမခံ လုပ်ကိုင်လိုလျှင်
စတင်တည်ထောင်ချိန်က ရင်းနှီး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်သို့ ကျပ် ၄၆ ဘီလျံ
စာရင်းပေးသွင်းရသည်။

အဆိုပါငွေ၏ ၆၀ ရာခိုင် နှုန်းကို လုပ်ငန်းအထွေထွေစရိတ်အတွက်သုံးစွဲခွင့်ရှိပြီး ကျန် ၄၀ ရာခိုင် နှုန်းမှာ လျော်ကြေးငွေများပေါ်ပေါက်လာပါက ဖြေရှင်းပေးနိုင်ရန် မြန်မာ့အာမခံတွင်
အပ်နှံထားရသည်။

"အသက်အာမခံမျိုးမှာဆိုရင် တချို့ ကုမ္ပဏီတွေက ဆေးစစ်တဲ့ ကုန်ကျ စရိတ်ကို ကုမ္ပဏီငွေထဲ
ကစိုက်ထုတ်ပြီး ၀န်ဆောင်မှုပေးတာမျိုးရှိတယ်။ ကုမ္ပဏီ ရဲ့ တိုက်ရိုက်ကုန်ကျစရိတ်မှာ သွင်းထား
တယ်။ ဒီထဲကနေကျခံလို့ မရပါဘူး။ ကုမ္ပဏီအချင်းချင်း မပြိုင်လို့လည်း မရဘူး။ ဒါပေမဲ့ ဘောင်
လွတ်တဲ့ ပြိုင် ဆိုင်မှုမျိုးလည်း မဖြစ်သင့်ဘူး"ဟု ပြည်တွင်း ပုဂ္ဂလိကအာမခံလုပ်ငန်းတစ်ခုမှ တာ
၀န်ရှိသူက ပြောသည်။

"ပုဂ္ဂလိကကုမ္ပဏီတွေ အတွေ့အကြံု နည်းနေသေးတော့ အာမခံဆိုတာကို သိအောင်စမ်းသပ်
ပေးတဲ့သဘောပါ။ အများနဲ့ဆိုင်တဲ့လုပ်ငန်းတွေကို အရင် စမ်းသပ်ပေးထားတယ်။ ခြောက်လက
နေ တစ်နှစ်လောက်အထိ စောင့်ကြည့် ပြီး အများသဘောကျတဲ့ အာမခံ အမျိုးအစားတွေကို
ထပ်ပြီးခွင့်ပြုပေးဖို့အစီအစဉ်ရှိတယ်လို့ ကြားရပါတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိကလုပ်ငန်းအသီး သီးသို့ ၀င်ရောက်သော အမြတ်ငွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ
နှစ်အတွင်း မြန်မာ့အာမခံသို့ ၀င်ရောက်သော 'ကန်' ဒေါ်လာ ၄၇ သန်းနျင့် နငိင်းယှဉ် လိုက်ပါက
လွန်စွာနည်းပါးလျက် ရှိသည်။

ပုဂ္ဂလိကကုမ္ပဏီများအတွက် ယခု နှစ်အတွင်း လက်ရှိချမှတ်ထားသောအာမခံအမျိုးအစား
ခြောက်မျိုးမှ ၁၀ မျိုးသို့ တိုးမြှင့်ချထားပေးရန်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း၏ လက်ထောက်
အထွေထွေမန်နေဂျာ ဦးလွင်ဦးက ပြောသည်။

"စည်းမျဉ်းတွေ သိပ်ချမှတ်ထားတော့လည်း ကုမ္ပဏီတွေဘက်က လိုက် နိုင်မှာမဟုတ်ဘူး။
သိပ်ဖွင့်ပေးလိုက် ပြန်ရင်လည်း ဈေးကွက် ပျက်ပြား သွားမယ်"ဟု ၎င်းကပြောသည်။ ယခုနှစ်
အတွင်း ပေါ်ထွက်လာဖွယ်ရှိ သည့် အာမခံဥပဒေသစ်တွင်လည်း ပုဂ္ဂလိကလုပ်ငန်းများအတွက်
ဖြေလျှော့ပေးထားမှုများ ပါ၀င်ကြောင်း လည်း ဦးလွင်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး