လတ်တလောဖြစ်ပွားလျက်ရှိသော စူပါဝေါလ် ရတနာအရောင်းခန်းမရှိ ဆိုင်ရှင်နှင့် ဆိုင်ငှား များ
အကြား ပြဿနာသည် တိကျသည့်ဖြေရှင်း မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ သတင်းစာများတွင်
တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် သတိပေးကြေညာစာထည့်ခြင်းဖြင့်သာ ရှည်ကြာနေပြီး ငှား
ရမ်းခွင့်သက်တမ်းထပ်မံတိုးမြှင့်ပေးထားသော ယခုလ ၃၁ ရက်နေ့အကုန်တွင် ဆိုင်ရှင်က ဥပဒေ
ကြောင်းအရ မည်သို့ဆောင် ရွက်မည်ကိုသာ စောင့်ဆိုင်းနေကြကြောင်း ဆိုင်ငှားများက ပြောသည်။
"ခုချိန်ထိတော့ သူတို့ဘက်က ဘာမှ လုပ်မလာသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း သူတို့
ဘယ်လိုတုံ့ပြန်လာသလဲဆိုတဲ့အပေါ်မူတည်ပြီး ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင် သွားမှာပါ။
လကုန်ရင်လည်း ဒီနေရာကနေ ဖယ်ပေးဖို့တော့ အစီအစဉ်မရှိပါဘူး" ဟု အမည် မဖော်လိုသူ ဆိုင်
ငှားတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် စူပါဝေါလ်ရတနာခန်းမ(၁) ၏ပိုင်ရှင်ဖြစ်သူ ဒေါ်ရှုကြည် ၏ အထူး
ကိုယ်စားလှယ်လွှဲစာရသူ ဦးမောင် မောင်လွင်က ကြေးမုံသတင်းစာတွင်ထည့်သွင်း ခဲ့သော
ခုနစ်ရက်အတွင်း တောင်းပန်စာ ထည့်ပေးရန်တောင်းဆိုမှုကို ဆိုင်ငှားများ ဘက်ကလည်း
မတောင်းပန်နိုင်ကြောင်းနှင့် အဘယ်ကြောင့် မတောင်းပန်နိုင်ခြင်းကို အချက်အလက်အပြည့်
အစုံဖြင့် ပြန်လည်ထည့်သွင်းထားကြောင်း Golden House ရတနာဆိုင်မှ ဒေါ်ခင်မာဝင်းက
မြန်မာတိုင်း(မ်) ကို ပြောသည်။
"ကျွန်မတို့ဘက်ကတော့ သူတို့တောင်းဆိုထားသလို လုံးဝမတောင်းပန်နိုင်ပါဘူး။ ဘာလို့
မတောင်းပန်နိုင်ရတာလဲ ဆိုတာကိုလည်း အချက်အလက်စုံစုံလင်လင်နဲ့ ကြေးမုံမှာ ထည့်
ထားပါတယ်။ ဒီလ ၁၈ ရက်နေ့ နောက်ပိုင်းမှာ ပါမှာပါ" ဟု ၎င်းက ပြောသည်။
ဦးမောင်မောင်လွင်၏ ရှေ့နေဖြစ်သူ ဦးချစ် ကိုကိုက "ကျွန်တော်တို့စောင့်ကြည့်နေတာ တစ်ပတ်
ကျော်သွားပြီ။ ခုချိန်ထိ ဘာမှတောင်း ပန်ထားတာ မတွေ့သေးဘူး။ ဒီတော့ ဥပဒေ အရ ဆက်
လက်ဆောင်ရွက်ရုံပဲရှိတော့တယ်။ ဘယ်လိုလုပ်မယ်ဆိုတာတော့ ပြောပြလို့ မရပါ ဘူး။ ကျွန်တော့်
ရဲ့အမှုသည်က ညွှန်ကြားတဲ့ အတိုင်း ဆောင်ရွက်သွားမှာပါ" ဟု ပြောသည်။ ယခုအခါ ခန်းမ
အတွင်းတွင် စီစီတီဗီ ကင်မရာများကို လွန်ခဲ့သော တစ်ပတ်ခန့်မှ စတင်ကာ တိုးချဲ့တပ်ဆင်ထားပြီး
ကင်မရာများ တပ်ဆင်ထားသော အကွာအဝေးမှာ အဆောက်အအုံ လုံခြံုရေးအတွက် တပ်ဆင်
ထားခြင်းနှင့်မတူဘဲ ဆိုင်ငှားများ၏ နေ့စဉ် လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်တပ်ဆင်ထား
ခြင်းမျိုးဖြစ်နေကြောင်း ဒေါ်ခင်မာဝင်းက ပြောသည်။
"သူတို့ တပ်ထားတာက အခုမြင်ရတဲ့ အတိုင်းပဲ လူကို တည့်တည့်ချိန်ထားတာလေ။ ကျွန်မတို့
ဘာလုပ်တယ်ဆိုတာကို စောင့်ကြည့်ဖို့တပ်ထားတယ်လို့ ထင်တယ်။ ကျွန်မကတော့ စိတ်ရှုပ်တာ
ကလွဲလို့ ဘာမှမကြောက်ပါဘူး။ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ" ဟု ၎င်းကပြောသည်။
ထိုသို့ စီစီတီဗီကင်မရာများတပ်ဆင်ထား ခြင်းနှင့်ပတ်သက်၍လည်း ခန်းမအတွင်းမှ လုပ်ငန်းရှင်
အများစုမှာလည်း စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပြောသည်။
"ကျွန်တော်လည်း စီစီတီဗီစတပ်ထားတဲ့ ရက်တွေတုန်းကဆို တော်တော်လေး စိတ်အနှောင့်
အယှက်ဖြစ်တယ်။ ကိုယ့်ကိုစောင့်ကြည့်နေ သလိုမျိုး ခံစားရတယ်။ မလွတ်လပ်တဲ့အပြင် နေရ
တာလည်း မွန်းကျပ်တယ်။ ကျွန်တော်တို့ ဆိုင်ငှားတွေ စုဝေးပြီး အစည်းအဝေးလုပ် နေကျ ဒီလေးထောင့်ကွက်လေးနားမှာပဲပြံုပြီး လေးခုလောက်တပ်ထားတာလေ။ ခုနည်းနည်းကြာတော့မှ
နေသားကျသွားတာ" ဟု အမည် မဖော်လိုသူ ဆိုင်ငှားတစ်ဦးက ပြောသည်။
ရတနာခန်းမ မန်နေဂျာ ဒေါ်ရည်ရည်ဆွေ က ဆိုင်ခန်းပြုပြင်မှုများနှင့်ပတ်သက်၍ သိရှိခြင်းမရှိ
ကြောင်းနှင့် ဖြစ်ပွားလျက်ရှိသော ပြဿနာများနှင့်ပတ်သက်၍ ဆိုင်ရှင်ွခင့်ပြုချက် မရှိဘဲ ဖြေဆို
ခွင့်မရှိကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
"အခု ပိုင်ရှင်က ခရီးသွားနေပါတယ်။ ကျွန်မ က အဆောက်အအုံပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဘာမှ
မသိပါဘူး။ ဖြေခွင့်လည်းမရှိပါဘူး" ဟု ၎င်းက ပြောသည်။ အဆောက်အအုံအတွင်းရှိဆိုင်ငှား
အချို့မှာ ဗိုလ်ချုပ်ဈေးအတွင်းရှိ အခြားနေရာများသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသော်လည်း အများစု
မှာ အဆိုပါစူပါဝေါလ်ခန်းမ အတွင်းတွင်သာ ဆက်လက်ရောင်းချလျက်ရှိသည်။
အဆောက်အအုံပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ပိုင်ရှင်ဘက် က မြို့တော်စည်ပင်သို့ ယခုချိန်ထိ
လျှောက် ထားခြင်း မရှိကြောင်းကို စုံစမ်းသိရှိရကြောင်း လည်း ဆိုင်ငှားများက ပြောသည်။

















