မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ထန်းကိုင်း ရေနံမှော်နှင့် ဒဟတ်ပင် ရေနံမှော်များ
တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လုပ်ကိုင်သူအများစုမှာ စားဝတ်နေရေး အဆင် မပြေမှုများ
ကြောင့် ၀င်ငွေရလွယ်သည့် ရေနံ မှော် လုပ်ငန်းခွင်သို့ ပြောင်းရွှေ့လုပ်ကိုင်လာခြင်းဖြစ်ကြောင်း
ရေနံမှော်လုပ်သားများက ပြောသည်။
မင်းလှမြို့နယ်အနီးရှိ ထန်းကိုင်းရေနံမှော် မှာ ၂၀၀၆ ခုနှစ်ခန့်က ပေါ်ပေါက်ခဲ့သည့် လက်ယက်တွင်း
ရေနံမှော်တစ်ခုဖြစ်ပြီး လက်ရှိ အချိန်တွင် ရေနံအထွက်နှုန်း ကျဆင်းလာခဲ့ သော်လည်း လာရောက်
လုပ်ကိုင်သူ များပြား နေဆဲ ဖြစ်သည်။
"အရင်တုန်းကတော့ မိရိုးဖလာ တောင်သူ လုပ်ခဲ့တယ်။ရာသီဥတုကြောင့် လုပ်ရတာအဆင်မပြေ
တော့ လူပြောသူပြောများတဲ့ ရေနံမှော်ကို လိုက်ပြီးလုပ်ကြည့်ဖြစ်တယ်။ ငွေပိုငွေလျှံ များများစား
စား မစုနိုင်သေးပေမယ့် လတ်တလောစားဝတ်နေရေးတော့ အဆင်ပြေပါတယ်" ဟု ထန်းကိုင်း
ရေနံမှော်တွင် လာ ရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဦးတင်လှိုင်က ပြောသည်။
မင်းဘူးမြို့နယ်၊ ကဒီးကျေးရွာဇာတိဖြစ်သူ ဦးတင်လှိုင်သည် ရေနံတွင်း ခုနစ်ကျင်းတူးခဲ့ရာ ငါးကျင်း
အောင်မြင်ခဲ့ပြီး လက်ရှိတွင် ၎င်းပိုင်လက်ယက်ရေနံတွင်းများမှ တစ်နေ့လျှင် ရေနံတစ်ပေပါခွဲနှုန်း
ထွက်ရှိသည့်အတွက် နေ့စဉ်ဝင်ငွေ ကျပ် ၁၀၀,၀၀၀ ကျော်ရရှိကြောင်းလည်း ၎င်းက ပြောသည်။
သားသမီးသုံးဦးနှင့် ညီဖြစ်သူ အပါအဝင် မိသားစုလိုက် ပြောင်းရွှေ့လာရောက်လုပ်ကိုင် ခဲ့ပြီး ရေနံ
မှော် စတင်လုပ်ကိုင်စဉ်က နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီး အရင်းအနှီး စုဆောင်းမိသော
အခါမှ ကိုယ်ပိုင်ရေနံတွင်းတူးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ရွှေမည်းဟု တင်စားခေါ်ဝေါ်ကြ
သည့် မြေအောက် ရေနံမြေ ရှာဖွေတူးဖော်ရေးတွင် မကြာခဏ အရှုံးပြတတ်သော်လည်း များသော
အားဖြင့် အခြားအလုပ်အကိုင်များထက် အဆင် ပြေကြောင်း ထန်းကိုင်းရေနံမှော်မှ ရေနံလုပ်သား
တစ်ဦးဖြစ်သူ ဦးမျိုးလွင်က ပြောသည်။
"ဒီကိုရောက်တာ ခုနစ်လရှိပြီ။ စားဝတ်နေရေး တော့ အဆင်ပြေပါတယ်။ အရင်ကတော့ အရောင်း
အဝယ်လုပ်ပါတယ်။ အရင်းနည်းနည်းနဲ့လည်း လုပ်နိုင်တဲ့အတွက် ရေနံမှော်မှာ လာလုပ်ဖြစ်တာပါ။
ချမ်းသာနိုင်တဲ့ အဆင် တော့ မဟုတ်သေးပါဘူး။ ခုတော့ သား နှစ်ယောက် ကျောင်းစရိတ်ကို မှန်
မှန်ထောက် ပေးနိုင်တယ်" ဟု နတ်မောက်မြို့နယ်၊ သားမြှား ရွာဇာတိ ဦးမျိုးလွင်က ပြောသည်။
ရေနံမှော်အတွင်း လက်ယက်ရေနံတစ်တွင်း အတွက် ရင်းနှီးမြှုပ်နှံရမည့် ပမာဏမှာ မြေတန်ဖိုး၊
တွင်းတူးဖော်ရေး ကိရိယာနှင့် စက်ပစ္စည်းများ အပါအဝင် အနည်းဆုံး ငွေကျပ် ဆယ်သိန်းခန့်ရှိပြီး
အနိမ့်ဆုံးပေ ၄၀ မှ အများဆုံး ပေ ၁,၀၀၀ အတွင်း ရေနံတူးဖော် တွေ့ရှိနိုင်ကြောင်း ရေနံမှော်
လုပ်သားများက ပြောသည်။
"ရေနံမှော်ထဲမှာ လက်ရှိပေါက်ဈေးကတော့ ဂါလန် ၅၀ ၀င် ရေနံတစ်ပီပါကို တစ်သိန်း နှစ်သောင်း
ရှိတယ်။ တွင်းကောင်းရင် ခပ်ခါစမှာ ပီပါနဲ့ချီပြီး ထွက်နိုင်တယ်။ နောက်ပိုင်းကျရင် တော့ အထွက်
နှုန်းလျော့လာတာပေါ့။ အနည်း ဆုံးတစ်နေ့ တစ်ဂါလန် နှစ်ဂါလနရတဲ့အထိ ရေနံ ခပ်ယူကြတယ်"
ဟု ဦးတင်လှိုင်က ပြောသည်။
ကိုယ်ပိုင်ရေနံတွင်း မတူးနိုင်သူများမှာ နေ့စားအလုပ်သမားအဖြစ်လုပ်ကိုင်ပါက ရေနံမှော်အတွင်း
နေ့စဉ်ဝင်ငွေ အနည်းဆုံး ကျပ် ၅,၀၀၀ အထိ ရရှိနိုင်ကြောင်းလည်း ၎င်းက ပြောသည်။"အရင်လ
တွေတုန်းက တစ်နေ့ကို တစ်သိန်းခွဲ ဖိုးလောက် ရောင်းရတယ်။ ခုတော့ ခုနစ်သောင်းခွဲ လောက်ပဲ
ရောင်းရတော့တယ်။ ဆိုင်အရင်းအနှီး က ၁၀ သိန်းလောက်တော့ရှိမယ်။ မြေနေရာ က တစ်လကို
လေးသောင်းပေးရတယ်။ တခြား မီးဖိုး၊ ရေဖိုးနဲ့ဆိုရင်တော့ အဆင်ပြေရုံတော့ ရှိပါတယ်" ဟု
ထန်းကိုင်းရေနံမှော် အတွင်းရှိ 'ရန်ကုန်ထမင်းဆိုင်' ပိုင်ရှင် ကိုသိန်းထွန်းက ပြောသည်။
၎င်းသည် ယခင်က ရေနံမှော်များတွင် ကိုယ်တိုင် လက်ယက်တွင်း တူးခဲ့သော်လည်း အဆင်မပြေ
သည့်အတွက် ရေနံမှော်တွင်းအလုပ်နှင့် ဆက်စပ်လျက်ရှိသည့် ထမင်းဆိုင်ဖွင့်လှစ်ခဲ့ကြောင်း
ပြောသည်။
"တစ်ကျင်းကို တွင်းတူးခ တစ်သိန်းနှစ်သောင်း ခွဲ ရတယ်။ အကျယ် သုံးလက်မ အနက် ပေ ၃၀
ကျင်းပေါ့။ ခြောက်ယောက်တစ်ဖွဲ့ လုပ်တယ်။ တစ်နေ့ကို တစ်ယောက် နှစ်သောင်းလောက်
ရတယ်" ဟု ရေနံတွင်းတူး အငှားလိုက်နေသူ တစ်ဦးဖြစ်သူ ကိုညိုဝင်းသန့်က ပြောသည်။
စကုမြို့နယ်၊ တောချောင်းကုန်းရွာတွင် ယခင်က တောင်ယာလုပ်ငန်း လုပ်ကိုင်သည့် ကိုညိုဝင်း
သန့်သည် လုပ်ငန်း အဆင်မပြေသဖြင့် ရေနံမှော်ရောက်လာပြီး ရေနံတွင်းတူးသမားတစ်ယောက်
အဖြစ် အငှားလိုက်နေခြင်းဖြစ်ကြောင်း ပြောသည်။ မင်းလှမြို့နယ်အတွင်း ရေနံမုဆိုးများ လက်
တလော မျက်စိကျနေသည့် ရေနံမှော်သစ်တစ်ခု မှာ ဒဟတ်ပင်ရေနံမှော် ဖြစ်သည်။
ထန်းကိုင်း ရေနံမှော်မှ မိုင် ၂၀ အကွာတွင်ရှိသည့် ဒဟတ်ပင် ရေနံမှော်တွင် လာရောက်လုပ်ကိုင်
သူ များပြား လာနေသည့်အတွက် လက်ရှိအချိန်တွင် လုပ်ကွက်များတိုးချဲ့နေရကြောင်း ထိုဒေသ
မှ လုပ်သားများက ပြောသည်။ ဒဟတ်ပင်ရေနံမှော်တွင် မူလက လုပ်ကွက် (၁)၊ (၂) နှင့် (၃)
သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ လုပ်ကွက်သစ်များအဖြစ် အမှတ် (၄) နှင့် (၅) ကို ထပ်မံ
တိုးချဲ့လာခဲ့ခြင်း ဖြစ်သည်။
"ဒီရေနံမှော်တစ်ခုတည်းကကို တစ်နေ့ ရေနံဂါလန် သိန်းနဲ့ချီထွက်တယ်" ဟု ဒဟတ်ပင်ရေနံ မှော်
ရှိ လမ်းမကြီးတစ်ခုပေါ်တွင် စားသောက် ဆိုင်ငယ် ဖွင့်လှစ်ရောင်းချလျက်ရှိသူ ပေါင်းတည် မြို့သား
ဦးဝိုင်းက ပြောသည်။
ဒဟတ်ပင်ရေနံမှော်တွင် လာရောက်လုပ်နေသည့် ကိုဖိုးထူးက "ခုလောလောဆယ်တော့ ဒတ်ပင်
(ဒဟတ်ပင်) ရေနံမှော်က တခြားရေနံမှော်တွေထက် ပိုထွက်တယ်။ တွင်းအနက်က တော့ ပျမ်းမျှ
ပေ ၄၀၀ ကျော်လောက်ပဲ။ အများ ကြီး မပိုသေးပေမယ့် အိမ်ကို ပုံမှန်ထောက်ပ့ံနိုင်တယ်။ စားဝတ်
နေရေး အဆင်ပြေပါတယ်" ဟု ပြောသည်။
စလင်းမြို့နယ်၊ ကံကုန်းကျေးရွာတွင် တောင်သူအလုပ်ဖြစ် အသက်မွေးခဲ့သူ ကိုဖိုးထူးသည် ရေနံ
မှော်တွင် လာရောက်လုပ် ကိုင်နေခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း ပြောသည်။

















