စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ၊တင်သွင်းမှု၊ပိုများလာ

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ၊တင်သွင်းမှု၊ပိုများလာ

ပိုးသတ်ဆေးဥပဒေကို ပြင်ဆင်ပြောင်းလဲပြီး နောက်တွင်လည်း နိုင်ငံတကာမှ စိုက်ပျိုးရေးသုံး
ဆေးများ တင်သွင်းလာမှု နည်းပါသွားခြင်းမရှိဘဲ နိုင်ငံတကာအဆင့်မီ ပိုးသတ်ဆေးကုမ္ပဏီများ
က မြန်မာပြည်တွင် ဈေးကွက် ပိုမိုရှာဖွေလာကြ ကြောင်း စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများ
က ပြောသည်။

"မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ တခြားနိုင်ငံ တွေမှာလည်း ဒီဥပဒေကိုပြင်ဆင်ပြီးတာ ကြာပါ ပြီ။
ဥပဒေပြင်ဆင်တာနဲ့ တင်သွင်းမှုက ရပ်တန့် သွားမှာမဟုတ်ပါဘူး။ ကျွန်မတို့က အရည် အသွေးမီ
တဲ့ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေး တွေကို တင်သွင်းတာဖြစ်တဲ့အတွက် ဘာမှ ပြဿနာမရှိ
ပါဘူး" ဟု Bayer Thai ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ Ms. Celina Chew က ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ခါ ပြည်တွင်း ဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်သည့် JJ-Pun နှင့် ဂျာမနီ
အခြေစိုက် ကမ္ဘာ့အဆင့် (၁) ပိုးသတ် ဆေးကုမ္ပဏီဖြစ်သည့် Bayer Crop Science တို့ လက်တွဲ
ကာ စိုက်ပျိုးရေးသုံးပစ္စည်း ခြောက် မျိုးကို ဆိုင်ခွဲပေါင်း ၂၅ ဆိုင်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်
စတင်ဖြန့်ချိမည်ဖြစ်ကြောင်း JJ-Pun မှ အရောင်းမန်နေဂျာ ဒေါ်ခင်စန်းမြင့် က ပြောသည်။

"မြန်မာပြည်မှာ လက်ရှိသုံးစွဲနေတဲ့ ပိုးသတ် ဆေးတွေရဲ့ ၉၀ ရာခိုင်နှုန်းကတော့ အိမ်နီးချင်း
တိုင်းပြည်တွေက တင်သွင်းနေတာပါ။ ကျွန်တော်တို့က မြန်မာပြည်က တောင်သူတွေကို
ထိရောက်မှုရှိပြီး အရည်အသွေးမြင့်တဲ့ စိုက်ပျိုး ရေးသုံး ပစ္စည်းတွေကို ရောင်းချပေးပြီး သုံးစွဲပုံ
နည်းလမ်းတွေကိုပါ စနစ်တကျ ပညာ ပေး အစီအစဉ်တွေနဲ့ ပြသပေးသွားမှာပါ " ဟု JJ-Pun မှ
အထွေထွေမန်နေဂျာ Philipp Hoffmann က ပြောသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အနောက် နိုင်ငံများက အော်ဂဲနစ် စိုက်ပျိုးရေးသွင်းအားစုများကို
သာ အသုံးပြုရန် ကြိုးစားနေကြသော် လည်း လက်ရှိစီးပွားရေး ပွင့်လင်းလာချိန်မှ စတင်၍ မြန်မာ
နိုင်ငံသို့ နိုင်ငံတကာမှ စိုက်ပျိုး ရေးသုံးပစ္စည်းများ အမြောက်အမြား တင်သွင်း ရန်ကြိုးပမ်းလာမှု
အပေါ် စိုက်ပျိုးရေး ပညာရှင် အများစုက အရည်အသွေးကို သေချာစွာစစ်ဆေး တင်သွင်းရန်နှင့်
ဓာတုဓာတ်ကြွင်း အနည်းဆုံး ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုရန် ယခု နှစ်ဆန်းပိုင်းတွင် ပြု
လုပ်ခဲ့သော သီးနှံ ကာကွယ် ရေးဖိုရမ်တွင် သတိပေး ပြောကြားခဲ့သည်။

"အော်ဂဲနစ် သုံးတာကတော့ အကောင်းဆုံး ပါပဲ။ ဒါပေမဲ့ အော်ဂဲနစ်တစ်မျိုးတည်းကိုပဲ သုံးမယ်
ဆိုရင်တော့ ကျွန်တော်တို့ ဈေးကွက် လိုအပ်ချက်ကို ဘယ်လိုမှ ပြည့်မီအောင် ဆောင်ရွက်နိုင်မှာ
မဟုတ်ပါဘူး။ လူဦးရေနဲ့ အစားအစာစားသုံးမှုနှုန်းက တဖြည်းဖြည်း များလာတော့ ပတ်ဝန်းကျင်
ထိခိုက်မှုအနည်းဆုံး နဲ့ အရည်အသွေး ပြည့်မီတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေကိုတော့ ရွေးချယ်
သုံးစွဲဖို့ လိုမယ်လို့ ထင်ပါတယ်" ဟု JJ-Pun မှ မန်နေဂျာ ဦးစိုးမိုးမင်းဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး