အဆောက်အအုံ အကြီးစားပြင်ဆင်မှုပြုလုပ် မည့် ကိစ္စကြောင့် နေရာပြောင်းရွှေ့ခိုင်းရာမှစတင်ခဲ့
သည့် ပိုင်ရှင်နှင့် ဆိုင်ငှားများအကြား ပြဿနာစတင်ဖြစ်ပွားခဲ့သည် ဗိုလ်ချုပ်ဈေးရှိ စူပါဝေါလ်
ရတနာခန်းမ အငြင်းပွားမှုပြဿနာ မှာ ယခုအချိန်ထိ ညှိနှိုင်းနိုင်ခြင်းမရှိသေးဘဲ ပိုင်ရှင်ဖြစ်သူက
ဖယ်ရှားပေးခြင်းမပြုသည့်ဆိုင်ငှားများထံမှနစ်နာကြေးရလိုမှုဖြင့် ပြီးခဲ့သည့်လအတွင်းက တရားစွဲဆို
ထားသော်လည်း ထိုကဲ့သို့ တရားစွဲဆိုသည့်ကိစ္စကို ကာယကံ ရှင်ဆိုင်ငှားများက သိရှိခြင်း
မရှိကြောင်းနှင့် အမှန်တကယ် တရားစွဲဆိုပါကလည်း ရင်ဆိုင် ရန်အသင့်ရှိကြောင်း မြန်မာတိုင်း(မ်)
ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောသည်။
"တရားစွဲထားတယ်ဆိုတာ မသိပါဘူး။ ကျွန်မ တို့ဆီကို တရားဝင်အကြောင်းကြားစာလည်း ရောက်
မလာသေးပါဘူး။ လက်ရှိအချိန်ထိ ဆိုင်ခန်းတွေကို ဖွင့်လှစ်ထားပါတယ်။ ကျွန်မတို့ ဆီကိုရော၊ ရှေ့
နေဆီကိုရော ဘာမှအကြောင်း ကြားခြင်းမရှိဘဲနဲ့ ဘယ်လိုတရားစွဲလဲမသိပါဘူး။ ဘယ်လိုနည်းနဲ့မှ
လည်း အကြောင်းမကြားသေး ပါဘူး" ဟု ဆိုင်ငှားတစ်ဦးက ပြောသည်။
ရတနာခန်းမပိုင်ရှင် ဒေါ်ရှုကြူ၏ အထူးကိုယ်စားလှယ် လွှဲပြောင်းခြင်းခံထားရသူ ဦးမောင်မောင်လွင်
က ဆိုင်ငှား ၃၅ ဦးအား ပိုင်ရှင်ဖြစ်သူ ၏ ဂုဏ်သိက္ခာကျဆင်းစေသည့်အတွက် တရား မမှုဖြင့် နစ်
နာကြေးငွေ သိန်း ၆,၀၀၀ ပေးလျော် ရန် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ဇန်နဝါရီလ
၂၁ ရက်နေ့က တရားစွဲဆိုလိုက်ကြောင်း ဦးမောင်မောင်လွင်၏ရှေ့နေ ဖြစ်သူ ဦးချစ်ကိုကိုက ပြီးခဲ့
သည့် တစ်ပတ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးချစ်ကိုကို အား မြန်မာတိုင်း(မ်) က ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင်
တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းက "ဆိုင်ငှားတွေကို တောင်းပန်ဖို့ အခွင့်အရေးပေးခဲ့
တယ်။ သူတို့ဘက်က မတောင်းပန်နိုင်တော့ ကျွန်တော်တို့ အစက ပြောထားတဲ့ ဥပဒေအရ
ရင်ဆိုင်မယ်ဆိုတဲ့ အတိုင်း တရားစွဲလိုက်ပါပြီ။ တရားမကြီးအမှု အမှတ် ၁၃/၂၀၁၄ နဲ့ပါ။ ဖေဖော်
၀ါရီလ ၁၈ ရက်နေ့ကစပြီး ရုံးချိန်းစပါပြီ။ တရားပြိုင်တွေကို ဆင့်ခေါ်ထားတယ်" ဟု ပြောသည်။
ဆိုင်ငှားများဘက်ကလည်း အမှန်တကယ်တရားစွဲဆိုပါက အဆောက်အအုံပိုင်ဆိုင်မှုကို ခိုင်မာစွာ
ပြသရမည်ဖြစ်သဖြင့် ပိုင်ဆိုင်မှု အငြင်းပွားမှုကိုပါ ဖြေရှင်းပြီးဖြစ်မည်ဖြစ်ကြောင်း နှင့် အကယ်၍
ရုံးချိန်းတက်ရောက်ရမည် ဆိုပါ ကလည်း ထိုနေရာတွင်ဆက်လက် လုပ်ကိုင် လျက်ရှိသော
ကာယကံရှင်ဆိုင်ငှားများ အပါ အဝင် ကျန်ဆိုင်ခန်းများကလည်း သက်သေ ထွက်ဆိုပေးသွား
မည်ဖြစ်ကြောင်း ပြောသည်။
"သူ့ရဲ့ ပိုင်ဆိုင်မှုခိုင်မာတယ် မခိုင်မာဘူး ဆိုတာ တရားရုံးမှာ ပြရတော့မယ်။ ရုံးတက် ရမယ်ဆိုရင်
အကုန်လုံးတက်မယ်။ ဒီက တခြား ဆိုင်ငှားတွေ တော်တော် များများကလည်း ကျွန်မ တို့ဘက်
ကနေ သက်သေလိုက်ပေးဖို့အဆင် သင့်ပဲ။ တကယ်တရားစွဲမယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ အဆင်
သင့်ပါပဲ" ဟု ဆိုင်ငှားတစ်ဦး က ပြောသည်။
ဆိုင်ငှားများဖက်မှရှေ့နေဖြစ်သူ ဦးသိန်းထွန်း ကလည်း တရားရုံမှပေးပို့သည့် တရားဝင် ဆင့်ခေါ်
စာကိုလည်း လက်ခံရရှိခြင်း မရှိသေးသဖြင့် ထိုအကြောင်းကြားစာကို လက်ဝယ်ရရှိမှသာ ဆက်
လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ကို ပြောသည်။
"သူတို့ဘက်က တရားစွဲတယ်ဆိုတော့လဲ ပြန်လည်ချေပရမှာပေါ့။ လောလောဆယ်က ဘာစာမှ
မရောက်လာသေးတော့ ဘယ်နှစ်ယောက်ပါတယ်၊ ဘယ်လိုစွဲဆိုထားတယ်ဆိုတာ တွေကိုလည်း
မသိရသေးဘူး" ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စူပါဝေါလ်ရတနာခန်းမနေရာရှိ ခန်းမ (၁)နှင့် (၂) ဆိုင်ခန်း များကို ပုဂ္ဂ
လိကသို့ လွှဲအပ်ရောင်းချထားခြင်း ရှိမရှိကို သိရှိရန် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) မဲဆန္ဒနယ်
မှ ဦးဖုန်းမြင့်အောင်က အမျိုးသား လွှတ်တော်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က မေးမြန်းခဲ့သော်လည်း
သမဝါယမ ဒုတိယ ၀န်ကြီး ဦးသန်းထွန်း၏ ရှင်းလင်းဖြေကြားချက် မှာ မကိုက်ညီကြောင်း လွှတ်
တော်ကိုယ်စားလှယ် များက ပြောသည်။
"ကျွန်တော်တို့ မေးမြန်းတာတွေနဲ့ ၀န်ကြီး ပြန်ဖြေတာက အမေးနဲ့ အဖြေ ကိုက်ညီမှုမရှိ ဖြစ်နေတယ်။
အခုလက်ရှိဖြစ်နေတဲ့ စူပါဝေါလ် ရတာခန်းမအမှုဟာ သမဝါယမအသင်းရဲ့ မြေ နေရာမှာဖြစ်နေတယ်။
ဒီနေရာက အခုပုဂ္ဂလိက ပိုင်ဖြစ်နေတယ်။ အဲတာဘယ်လိုဖြစ်သွားတာလဲဆိုတာရယ်၊ အမှုဆောင်
တွေက ရောင်းချပြီး နိုင်ငံတော်ကို ပိုက်ဆံပြန်သွင်းမသွင်းရယ် စတဲ့ မေးခွန်းတွေကို မေးမြန်းတာပါ။
လိုချင်တဲ့ အဖြေမျိုးမရလို့ တရားရုံးဆုံးဖြတ်ချက်ကို တောင်းခံထားတယ်" ဟု ဦးဖုန်းမြင့်အောင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
နိုင်ငံပိုင်ပစ္စည်း ရောင်းချရာတွင် ခေတ်အဆက်ဆက်ကတည်းက နိုင်ငံတော်အဆင့်ရှိပုဂ္ဂိုလ်ကသာ
ရောင်းချခွင့်ရှိပြီး ရောင်းချပြီးပါကလည်း နိုင်ငံတော်သို့ ငွေပြန်သွင်းရန်လိုအပ်ကြောင်း ၎င်းကပြော
သည်။
"သူဖြေတဲ့အတိုင်းသာ ကြွေးရှိတိုင်း ရောင်း လို့ရတယ်ဆိုရင်တော့ တခြားဝန်ကြီးဌာနတွေ ကလည်း
နိုင်ငံတော်ကပေးထားတဲ့ အဆောက်အအုံတွေကို ရောင်းချကုန်ကြမှာပေါ့။ ကျွန်တော် က အဲဒီလို
လုပ်ခွင့်ရှိပါ့မလားလို့ မေးတာပါ" ဟု ၎င်းက ပြောသည်။
ဒုတိယဝန်ကြီး ဦးသန်းထွန်းက သမဝါယမ ၀န်ကြီးဌာနက ကြွေးမြီရှင်းလင်းရေးနှင့် ထုခွဲ ရောင်းချ
ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စူပါဝေါလ်သမဝါယမ အသင်းလီမိ
တက်မှ ဒါရိုက်တာများဖြစ်သည့် ဦးမောင်မောင်လွင်၊ ဒေါ်ရှုကြူတို့ထံ ခန်းမ (၁) ကို ငွေကျပ် သိန်း
၃၅၀ ဖြင့် လည်းကောင်း၊ ခန်းမ (၂) ကို သိန်း ၁၅၀ ဖြင့်လည်းကောင်း ရောင်းချခဲ့ခြင်းဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆိုင်ငှားများကလည်း ဆိုင်ခန်းဖွင့်လှစ်ရာ တွင် ဒေါ်ရှုကြူနှင့် ဆက်သွယ်ငှားရမ်း ဆောင် ရွက်ထား
ခြင်းမရှိကြောင်း၊ ငှားရမ်းသည့်ကိစ္စ သဘောတူပြောဆိုခြင်း လုံးဝမရှိကြောင်းနှင့် စတင်ဆောင်ရွက်
စဉ်ကပင် ဦးမောင်မောင်လွင် နှင့် မန်နေဂျာဒေါ်ရီရီဆွေတို့ နှစ်ဦးနှင့်သာဆောင်ရွက်ခဲ့သဖြင့်
ဒေါ်ရှုကြူအား ဂုဏ်သိက္ခာ ကျဆင်းရန် အကြောင်းမရှိသောကြောင့် တောင်းပန်ရန်မလိုအပ်ကြောင်း
ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာချက် ထည့်သွင်းခဲ့သည်။
"အခုလွှတ်တော်မှာ ဆွေးနွေးနေတော့ ကောင်းပါတယ်။ လွှတ်တော်မှာဆုံးဖြတ်တာ မှန်ကန်တယ်
ဆိုရင် လက်ခံမှာပါ။ ဒီအဆောက် အအုံကို အမှန်တကယ်ပိုင်ဆိုင်ခွင့်ရှိတဲ့သူဆီက ပဲ ငှားရမ်းလုပ်
ကိုင်ချင်ပါတယ်" ဟု ဆိုင်ငှားတစ်ဦးက ပြောသည်။

















