ငါးနှစ်အတွင်း စံချိန်တင်ဈေးအထိမြင့်တက်လာ သောစပါးဈေးသည် ဆက်လက်မြင့်တက်နေဆဲ
ဖြစ်ပြီး နွေစပါးရာသီဖြစ်သည့် လာမည့် ဧပြီလ အထိ ဈေးပြန်လည် ကျဆင်းနိုင်ဖွယ်မရှိသော်
လည်း တရုတ်ဈေးကွက်အနေအထားကို သတိ ထားရမည်ဖြစ်ကြောင်း ဆန်စပါးလုပ်ငန်းရှင်
များက ပြောသည်။
ပြီးခဲ့သည့်ငါးနှစ်အတွင်း မိုးစပါးစတင်ထွက် ရှိသော နိုဝင်ဘာလတွင် ဧည့်မထစပါးတင်း ၁၀၀ လျှင်
ကျပ် ၂၈၀,၀၀၀ ၀န်းကျင်ဖြင့်သာဈေးစဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေးသည် ၃၅၀,၀၀၀ ခန့်သာရှိခဲ့ရာမှ
၂၀၁၃ မိုးစပါးအထွက်ရာသီတွင် ကျပ် ၃၅၀,၀၀၀ ၀န်းကျင်ဖြင့်ဈေးစဖွင့်ခဲ့ ကာ လက်ရှိအချိန်တွင်
အမြင့်ဆုံးဈေးဖြစ်သည့် ကျပ် ၄၄၀,၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း လုပ်ငန်းရှင်များက
ပြောသည်။
"တရုတ်ဘက်က အဝယ်ဆက်မြင့်နေတာ ရယ်၊ ဒီနှစ်ထဲမှာ အီးယူကို တင်ပို့တဲ့ ဆန် ဈေးကွက်
ကလည်း ၀ယ်လိုအားမြင့်လာနေတယ်ဆိုတော့ လောလောဆယ် စပါးဈေးက ကျဦးမှာ မဟုတ်
သေးဘူ။ နွေစပါးပေါ်တဲ့ လာမယ့်ဧပြီ မှာလည်း ဒီဈေးအောက်ကျမှာမဟုတ်ဘူး" ဟု မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင် က ပြောသည်။
အစဉ်အလာအားဖြင့် တောင်သူများ၏လက် ၀ယ်တွင် စပါးအများအပြားရှိနေသော စပါးရိတ်
သိမ်းစရာသီတွင် ဈေးနှုန်းကျဆင်းမြဲဖြစ်ပြီး ကုန် သည်များထံ စပါးအများအပြား ရောက်ရှိပြီး
ချိန်မှသာ ဈေးပြန်လည်မြင့်တက်မြဲဖြစ်သော် လည်း ပြီးခဲ့သည့်မိုးစပါးအထွက်ရာသီတွင် ထူးခြား
စွာ စပါးစတင်ပေါ်ထွက်သည့်ကာလ၌ ပင် အရန်ဆန်ဝယ်ယူရေးကော်မတီကအာမခံ ဈေးအဖြစ်
တင်း ၁၀၀ လျှင် ကျပ် ၃၅၀,၀၀၀ နှုန်းထားဖြင့် ဈေးစဖွင့်ခဲ့သည်။
လက်ရှိ စပါးဈေး စံချိန်တင် မြင့်နေသဖြင့် ရေကြီး၍စပါးပျက်ကာ လွန်ခဲ့သည့်သုံးနှစ်ဆက်တိုက်
အရှုံးပေါ်ကာ အကြွေးတင်နေသော တောင်သူများသည် ပြီးခဲ့သည့် မိုးစပါးရာသီတွင် အမြတ်
အစွန်းပေါ်ခဲ့ခြင်းကြောင့် လက်ရှိနွေ စပါးစိုက်ရာသီတွင်လည်း တိုးမြှင့်စိုက်ပျိုး ထားကြောင်း
တောင်သူများက ပြောသည်။
"နာဂစ်နောက်ပိုင်း အခုစပါးဈေးက အကောင်းဆုံးဈေးပဲ။ ဒီနှစ်အမြတ်ကလေးရတော့ အရင်နှစ်က တင်ထားတဲ့အကြွေးလေး တွေကို တောင်သူတွေတော်တော်လေးပြန်ဆပ် နိုင်ကြတယ်။ ကျွန်တော့
အထင်တော့ ဧရာဝတီတိုင်းမှာ အခုထွက်မယ့်နွေစပါးကို အရင်နှစ် ကထက် ၂၀ ရာခိုင်နှုန်းလောက်
တော့ တိုးစိုက်ထားကြတယ်"ဟု ဒေးဒရဲမြို့နယ် တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးကြည်အေး
က မြန်မာတိုင်း(မ်) ကို ပြောသည်။
မြန်မာနိုင်ငံတွင်စပါးစိုက်ဧက ၂၁ သန်း ရှိ သည့်အနက် နွေစပါးစိုက်ဧကသည် လေးသန်းကျော်ခန့်
ရှိသည်။ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း(ယာယီ) ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက "နေရာ
တော်တော်များများမှာ ဒီနှစ်တော့ တောင်သူ တွေကနွေစပါးကို တတ်နိုင်သလောက် တိုးစိုက်
ထားကြတာ တွေ့ရပါတယ်။ အရင်နှစ်ကနွေစပါးစိုက်ဧကထက် ၁၀ ရာခိုင်နှုန်းလောက်တိုးစိုက်
ထားကြတယ်လို့ ထင်ပါတယ်။ တိုးချင်တိုင်းလည်း တိုးလို့မရဘူးလေ။ မြေနဲ့ငွေက လိုသေးတယ်
လေ"ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်းစပါးထုတ်လုပ်မှု မှာ တင်းသန်းပေါင်း ၁,၈၀၀ ခန့်ရှိသည်ဟု လယ်ယာ
စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ထုတ်ပြန်ထားရာ ယင်းပမာဏ၏ သုံးပုံ တစ်ပုံခန့်သည် နွေစပါးစိုက်ပျိုးခြင်းမှထွက်ရှိ ခြင်းကြောင့် နွေစပါး ပြည်တွင်းဆန်ဈေးကွက် အပေါ်
သက်ရောက်မှုမှာလည်း ကြီးမားကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။
"ဒီအတိုင်းဆိုရင် အခုလက်ရှိစပါးဈေးက လာမယ့်နွေစပါးပေါ်တဲ့အထိ ကျဦးမှာမဟုတ် ဘူး။
ဘာလို့လဲဆိုတော့ တရုတ်ဈေးကွက်က လည်း အဝယ်လိုက်နေတုန်းပဲလေ။ လာမယ့်နွေစပါးမှာ
လည်း တောင်သူတွေအကျိုးအမြတ် ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောသည်။
သို့သော် ရာသီဥတုအပြောင်းအလဲနှင့် ဈေးနှုန်း ရုတ်တရက်ကျဆင်းမည်ကို တောင်သူ များစိုးရိမ်
နေကြကြောင်း မအူပင်မြို့နယ် တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးသန်းနိုင် က ပြောသည်။
"တောင်သူတွေကနွေစပါးကို တတ်နိုင်သလောက်ကို တိုးစိုက်ထားပေမယ့်လည်း ဈေး ကျသွားမှာ
ကို စိုးရိမ်နေကြတယ်။ လက်ရှိဈေး ကမြင့်နေပေမယ့်လည်း ရေရှည်ကိုတော့ မှန်း လို့မရဘူးလေ။
ရမယ်အထင်နဲ့တော့ စိုက်ထား ကြတာပေါ့။ လက်ရှိဈေးက ကောင်းလွန်းတယ် လို့မဆိုနိုင်ပေမယ့်
လယ်သမားအတွက်မျှတယ် လို့မြင်ပါတယ်။ စပါးဈေးမြင့်လာသလို တစ်ဖက် မှာလည်း ကောက်
စိုက်ခတို့၊ သူရင်းငှားခတို့က လိုက်တက်နေကြတာပဲလေ" ဟု ၎င်းက ပြောသည်။
၎င်းကိုယ်တိုင် စိုက်ပျိုးထားသော နွေစပါး ဧက ၂၀ တွင် အထွက်နှုန်းတိုးရန်အတွက် ဓာတ်မြေဩ
ဇာ ပိုမိုသုံးစွဲထားကြောင်းလည်း ဦးသန်းနိုင်က ပြောသည်။ စပါးဈေးကောင်းမွန်နေမှုကြောင့် တောင်
သူ များ နွေစပါးကိုယခင်နှစ်များကထက်တိုးမြှင့် စိုက်ပျိုးနိုင်ကြရန် ဓာတ်မြေဩဇာများကို အကြွေး
စနစ်ဖြင့်ဝယ်ယူနိုင်ကြရန် အသင်းက အာမခံဆောင်ရွက်ပေးထားသည်ဟု မြန်မာနိုင်ငံ တောင်သူ
လယ်သမားအသင်း (ယာယီ) နှင့် ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမား အသင်းတို့၏
နာယကဖြစ်သူ ဦးမြတ်ဦးက ပြောသည်။
"လာမယ့်နွေစပါးပေါ်တဲ့အချိန်ထိ စပါးဈေး မကျဖို့ မျှော်လင့်ပါတယ်ဗျာ။ လယ်သမားတွေ ကံကောင်း
ဖို့အတွက် ရာသီဥတုမဖျက်ဖို့ကိုတော့ ဆုတောင်းပါတယ်။ သူတို့တွေ ကြွေးနွံထဲ နစ်နေတာတော့
မမြင်ချင်ဘူးဗျာ" ဟု ၎င်းက ပြောသည်။
လွန်ခဲ့သောနှစ်နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အရန်ဆန်ဝယ်ယူရေးကော်မတီအား
ဖျက်သိမ်းရန် စီစဉ်ထားပြီးဖြစ် ကာ အရန်ဆန်ဝယ်ယူခြင်းကိုလည်း ဆောင်ရွက်တော့မည်မဟုတ်
ကြောင်း အဆိုပါ ကော်မတီ၏အဖွဲ့ဝင်များက ပြောသည်။
နွေစပါးရာသီတွင် တောင်သူများအကျိုးအမြတ်ရရှိလိမ့်မည်ဟု မျှော်လင့်နေကြသော် လည်း
အဓိကဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၊ မူဆယ်သို့ တင်ပို့သည့်ဈေးကွက် အဆင်မပြေမှု ဖြစ်ခဲ့ပါက
လက်ရှိစပါးဈေးအပေါ် သက်ရောက် မှုကြီးမားစွာရှိလာနိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
၏ တွဲဖက်အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာစိုးထွန်း က ပြောသည်။
"လက်ရှိမှာတော့ စပါးဈေးကကောင်းနေ တယ်၊ အလားအလာလည်းဆက်ကောင်းနေတယ်
ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ တရုတ်ကိုပို့တဲ့ဈေးကွက်က မြန်မာဘက်က တရားဝင်ဆိုပေမယ့်
တရုတ်အစိုးရဘက်က တရားဝင် ခွင့်ပြု ထားတာမဟုတ်ဘူးလေ။ ဒီဈေးကွက်တရားဝင် ဖြစ်ဖို့
မြန်မာအစိုးရက တရုတ်အစိုးရနဲ့ ညှိနေ တာကလည်း အခုအထိတော့ ထူးထူးခြားခြား ဘာမှမကြား
ရသေးဘူး။ တကယ်လို့ တရုတ်အစိုးရကသာတောင်းဆိုရင် တရုတ်ကိုပို့ဖို့ တရားဝင် အိတ်စပို့လိုင်
စင်ပေးနေတာကို မြန်မာ ဘက်ကရပ်ပေးရမှာဆိုတော့ စပါးဈေး၊ ဆန်ဈေး က သိပ်အဝေးကြီးကို
တော့ ပြောလို့မရသေးဘူး" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် စတင်တည်ထောင်ခဲ့ကြသော တောင်သူများ အား
စိုက်ပျိုးစရိတ် ထုတ်ချေးခဲ့ကြသော ဆန်စပါးအထူးပြု ကုမ္ပဏီများသည် ၂၀၁၁ ခုနှစ် အရောက်
တွင် အရေအတွက်အားဖြင့် ၅၇ ကုမ္ပဏီအထိ ရောက်ရှိခဲ့သော်လည်း သုံးနှစ်ဆက်တိုက်ရေကြီး
ကာ စိုက်ပျိုးပြီး စပါးများ ပျက်စီးပြီး တောင်သူများ အရှုံးပေါ်၍ စိုက်စရိတ် ပမာဏအများအပြား
ပြန်မဆပ်နိုင်ခဲ့ခြင်း ကြောင့် ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီတွင် ကုမ္ပဏီနှစ်ခုသာ လုပ်ငန်းဆောင်
ရွက်မှုရှိခဲ့ကြောင်း ဆန်စပါးလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။
ပြည်ပသို့ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံမှရရှိသောဈေးနှုန်းများမှာ ပုံမှန်ကုန်သွယ်ရေးတွင် တစ်တန်
လျှင် ဧည့်မထ ၂၅ မှတ်မှာ ကန်ဒေါ်လာ ၃၁၅ မှ ၃၂၀၊ ဧည့်မထ ၅ မှတ်ဆန်မှာ ၄၀၅ မှ ၄၁၅
ဒေါ်လာ၊ ဆန်ကွဲမှာ ၂၉၅ မှ ဒေါ်လာ ၃၀၀၊ ပေါင်းဆန်မှာ ၄၆၀ မှ ၄၇၀ ဒေါ်လာတို့ဖြစ်ပြီး မူဆယ်
နယ်စပ်မှ တရုတ်သို့ တင်ပို့ရာတွင် တစ်တန်လျှင် ဧည့်မထ ၂၅ မှတ် ကို ၂,၄၈၀ ယွမ်(၄၀၄
ဒေါ်လာဝန်းကျင်)နှင့် ဧည့်မထ ၅ မှတ်ဆန်မှာ ၂,၇၄၀ ယွမ် (၄၄၆ ဒေါ်လာဝန်းကျင်) ဈေးရကြောင်း
ဆန်ကုန်သည် များက ပြောသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၂ဉာ၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်မက်ထရစ် တန်ချိန်
၁ ဒသမ ၆ သန်းပို့ခဲ့သည့်အနက် တရုတ် နိုင်ငံသို့ မူဆယ်နယ်စပ်မှ တင်ပို့ခဲ့သည့် ပမာဏ သည်
၆၀ ရာခိုင်နှုန်းပါ၀င်နေကာ လက်ရှိဘဏ္ဍာ နှစ်တွင် ဇန်နဝါရီလကုန်အထိပြည်ပသို့ တင်ပို့ ထား
သည့် ဆန်တန်ချိန် တစ်သန်းခန့်တွင်လည်း ၆၀ ရာခိုင်နှုန်းသည် တရုတ်သို့ပင်တင်ပို့ ထားခြင်း
ဖြစ်ရာ တရုတ်ဈေးကွက်အပြောင်း အလဲဖြစ်ပါက ပြည်တွင်းဆန်နှင့် စပါးဈေး ကို ကြီးမားစွာ
သက်ရောက်နိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းသည်။

















