၀ိုင်၊ အရက်၊ ဘီယာမျိုးစုံ စသောယမကာ တင်သွင်းခွင့်ကို အစိုးရက ခွင့်ပြုပေးရန်စီစဉ်လျက်ရှိရာ
အရည်အသွေးနိမ့်ပြီးဈေးသက်သာ သော ပစ္စည်းများ ၀င်ရောက်လာပါက ပြည်တွင်း ထုတ်
ယမကာလုပ်ငန်းများ နစ်နာမှုမရှိအောင် ထိန်းချုပ်သွားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ယမကာ
ထုတ်လုပ်ဖြန့်ဖြူးသူများအသင်းမှ တာဝန်ရှိသူများက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယမကာ များတရား
၀င်တင်သွင်းခွင့်ကို မတ်လမကုန်မီနောက်ဆုံးထားကာ ခွင့်ပြုပေးရန်ရှိကြောင်းနှင့် အရက်၊ ဘီယာ
နှင့် ၀ုိင်သုံးမျိုးစလုံး တစ်ပြိုင်နက် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ် အတွက် သွင်း
ကုန်စာရင်းတွင် ယမကာကို ထည့်သွင်းသွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။
"ဘယ်လိုပြန်ဖွင့်ပေးဖို့ဆိုတာကို အသင့်တော် ဆုံးဖြစ်မယ့် လုပ်ထုံးလုပ်နည်းတွေ အတည်ပြုနေ
ရတာဖြစ်တဲ့အတွက် ကြန့်ကြာသွားတာပါ။ မူလကဝိုင်တစ်ခုတည်းကို အရင်ဆုံးခွင့်ပြုမှာ ဖြစ်ပေ
မယ့် အခုတော့ အားလုံးကိုတစ်ပြိုင်နက် ခွင့်ပြုပေးသွားမယ်။ အမြန်ဆုံးဖြစ်မှာပါ"ဟု ၎င်းက
ပြောသည်။
စက်တင်ဘာလအတွင်းမှစတင်ခါ ဒီဇင်ဘာ သုံးလကျော်ကာလအတွင်း တရားမဝင် ကုန်သွယ်
မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ဗဟို၏ မိုဘိုင်းတင်း က ပင်လယ်ရေလမ်းနှင့် မြဝတီလမ်းကြောင်း
မှ ခွင့်ပြုချက်မရှိပဲဝင်ရောက်လာသော ကျပ်သိန်း ထောင်ချီတန်ဖိုးရှိသည့် ယမကာများကို ၀င်
ရောက်ဖမ်းဆီးခဲ့သည်။
ဈေးကွက်ထဲတွင် နေရာပေါင်းစုံမှ ၀င်ရောက် လာသောယမကာအတုများရှိနေပြီး ယင်းတို့မှာ
အခွန်လွတ်ဆိုင်များမှ ၀ယ်ယူသောယမကာဈေးနှုန်းထက်ပင် သက်သာနေကြောင်း ပွဲသို့ တက်
ရောက်လာသူ ယမကာလုပ်ငန်းရှင်များက ပြောသည်။ IBTC ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေး
မှူး ဦးအောင်မိုးကျော်က အသင်းအနေဖြင့် အနည်း ဆုံး တန်ဖိုးတစ်ခု သတ်မှတ်ပြီး တစ်ပုလင်း
လျှင် ခြောက်ဒေါ်လာနှင့် အောက်ရှိသော အရက်ကိုထပ်မံတင်သွင်းခွင့်မပြုတော့ရန် အဆိုပြုသွား
မည်ဖြစ်ကြောင်း ပြောသည်။
"တစ်လုံးကို တစ် ဒေါ်လာ၊ နှစ် ဒေါ်လာ တန်ဝင်လာတာကို နိုင်ငံတော်က မလိုလား ပါဘူး။ အဲဒီ
အတွက် လူမှုရေးပြဿနာတွေ အများကြီးဖြစ်နေတော့ ကျွန်တော်တို့ အဖွဲ့က တစ်ပုလင်းကို
ခြောက်ဒေါ်လာအထက်ပဲ တင်သွင်းခွင့်ပြုသင့်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနကို အကြံပြု
တောင်းဆိုသွားမှာပါ"ဟု ၎င်းက ပြောသည်။
ဈေးကွက်အတွင်း နာမည်ရတံဆိပ်ဖြစ်သည့်ဘူးခွံထဲတွင် အရည်အသွေးနိမ့်ပစ္စည်းများ သွတ်
သွင်းထားခြင်း၊ တံဆိပ်တစ်ခုတည်းတွင် နိုင်ငံ ပေါင်းစုံမှ တင်သွင်းကြောင်း အစရှိသည့်ပြဿနာ
များ ကြံုတွေ့နေရကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော ယမကာထုတ်လုပ်ဖြန့်ဖြူးသည့်ပြည်တွင်း စက်ရုံပေါင်း
၂၅ ရုံခန့်ရှိကာ၊ အဆိုပါစက်ရုံများ တွင် လုပ်ကိုင်နေသည့် အလုပ်သမား အရေအတွက်မှာ
၁၂,၀၀၀ ဦးခန့်ရှိကာ အဆိုပါ စက်ရုံများအနက် IBTC ကုမ္ပဏီက ထုတ်လုပ်သော Grand
Royal ၀ီစကီစက်ရုံတစ်ခုတည်းတွင်ပင် လုပ်သားဦးရေ ၄,၀၀၀ခန့်ရှိသည်။
ABC ဘီယာနှင့် High Class ၀ီစကီတို့ကို ထုတ်လုပ်သော ကုမ္ပဏီမှ ဒါရိုက်တာဦးဝင်းဇော် က
"ကျွန်တော်တို့အရက်ချက်ဖို့အတွက် ကုန်ကြမ်းကို ကန်ထရိုက်ချုပ်ပြီး ပြောင်းစိုက် ခိုင်းထားတဲ့
တောင်သူအရေအတွက် ၁၀,၀၀၀ ကျော်လောက်ရှိပါတယ်။ တကယ်လို့သာ ပြည်ပ ကနေ
ဈေးပေါပေါနဲ့အရက်တွေ လှိမ့်ဝင်လာရင် ကျွန်တော်တို့ ထုတ်လုပ်သူတင်မကပဲ သူတို့ကိုပါ
ထိခိုက်မယ့် အနေအထားပါ"ဟု ပြောသည်။
IBTCကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မိုးကျော်က ပြည်တွင်းယမကာ ထုတ်လုပ်
သည့် ကုမ္ပဏီများသည် အလုပ် အကိုင် ဖန်တီးပေးထားမှုများစွာ ရှိနေသည့်အတွက် ယင်းတို့ကို
အကာအကွယ်ပေးမည့် အစီအမံတစ်ခုကို အစိုးရက ချမှတ်ပေးသင့် ကြောင်း ပြောသည်။
"စကော့ဝီစကီက စကော့တလန်ကလွဲရင် ဘယ်နေရာမှ ပုလင်းသွင်းလို့မရပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံ
မှာ ဖြစ်နေပါတယ်။ ဒါကြောင့် အရည်အသွေးထိန်းချုပ်မှုနဲ့ပတ်သက်လို့ ဒီမှာရှိတဲ့ အက်ဖ်ဒီအေ
တွေက အရည်အသွေးနိမ့်တာတွေ ကို ဘယ်သူကအရေးယူမှာလဲ။ ပစ္စည်းတစ်ခု တည်းကို
ထိန်းချုပ်ရတာမဟုတ်ပဲ လာသမျှကိုထိန်းရတာဖြစ်တဲ့အတွက် အရည်အသွေးပိုင်း မထိန်းချုပ်နိုင်
ရင် ပြဿနာရှိတယ်"ဟု ၎င်းက ပြောသည်။
အဖျော်ယမကာများမှာ မြန်မာနိုင်ငံ၏ နယ်စပ်လိုင်းတစ်လျှောက် တရားမဝင် ကုန် သွယ်မှု
လမ်းကြောင်းများမှ ၀င်ရောက်ခြင်း ရှိသကဲ့သို့ ပြည်တွင်း၌လည်း အတုထုတ်လုပ် ရောင်းချ
နေမှုများကြံုတွေ့နေရကြောင်း ၎င်းက ပြောသည်။
ယုဇနပလာဇာရှိ မပို မချို ယမကာအရောင်း ဆိုင်မှ ဒေါ်ချိုချိုက ရောင်းချသူများသည် အခွန် ပြည့်အဝပေးဆောင်ပြီး ရောင်းချခွင့်အမြန်ဆုံး ပေးမှသာ ရောင်းချသူဈေးကွက်မှာ မျှမျှတတ
ဖြစ်လာမည်ဖြစ်ကြောင်း ပြောသည်။
"အရည်အသွေးကောင်းအရက်တွေကို ပြည်တွင်းမှာ အတုရောင်းနေတာကြတော့ ဘယ်လိုလုပ်
မလဲ။ အစစ်ပဲရောင်းတဲ့ဆိုင်တွေ မှာကျတော့ အမြဲတမ်းဈေးများနေတယ်။ ပြည်တွင်းမှာ အတု
ရောင်းနေတာတွေကို စိစစ်ပေးဖို့လိုတယ်။ ပြည်ပကသွင်းတာတွေကိုစစ်ဆေးသင့်သလို ပြည်
တွင်းမှာအတုထုတ်နေတာတွေကိုလည်း စစ်ဆေးသင့်တယ်။ အစစ်ရောင်း တဲ့သူတွေက ဘာ
မှလုပ်လို့မရဘူး။ အခွန်ကို လည်း တိတိကျကျပေးသွင်းပြီး တရားဝင်ဖြစ်အောင် လုပ်ချင်တယ်။
ကျွန်မတို့အခွန်ဆောင်ဖို့ အရေအတွက်တွေ အကုန်ပေးထားပေမယ့် ဘာမှအကြောင်းပြန်မလာ
ဘူး။ အဲဒီတော့ ဘာမှ လုပ်လို့မရတော့ဘူး ထိုင်ပဲနေရတယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အရည်အသွေးထိန်းချုပ်မှုရှိစေရန် ယမကာတံဆိပ်တစ်ခုချင်းစီအတွက် သွင်းသူ
တစ်ဦးသာ သီးသန့်သတ်မှတ်ပြီး သွင်းရန်၊ သို့မဟုတ် ဈေးကွက်အပြိုင်ဖြစ်အောင် အားလုံး
ခွင့်ပြုချက်ရယူပြီး မည်သို့တင်သွင်းမည်ကိုဆုံးဖြတ်သင့်ကြောင်း ဦးအောင်မိုးကျော်က ပြော
သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယမကာအရောင်း ဆိုင်မှ ဦးသိင်္ခက "တင်သွင်းတဲ့စနစ်မှာ ဖြန့်ဖြူး
သူ အနေနဲ့သွင်းတာ ပိုပြီးတာဝန်ခံမှုရှိတယ်လို့ ထင်ပါတယ်။
အားလုံးကို တံခါးဖွင့်ပေးပြီးမှ သွင်းခိုင်းလိုက်မယ်ဆိုရင် တကယ်တာဝန်ခံ မယ့်သူက အားနည်း
သွားမယ်။ စားသုံးကုန် ဖြစ်တဲ့အတွက် တာဝန်ခံပြီးတစ်ခုတည်းသွင်းဖို့၊ ဈေးကွက်မှာ လုံလောက်
အောင် ဖြန့်ဖြူးနိုင်တဲ့ ၀န်ဆောင်မှုတွေနဲ့ သွင်းသင့်တယ်လို့ ထင်ပါ တယ်။ တစ်ဦးတည်းသွင်း
လိုက်ရင်ပစ္စည်းပြတ် တာ၊ ဈေးကစားတာမျိုး မဖြစ်အောင်တာဝန်ခံ နိုင်မယ်ဆိုရင် တစ်ဦးတည်း
သွင်းတာက ပိုပြီး ကောင်းမယ်လို့ယူဆပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကလည်း ပြည်တွင်းယမကာသောက်သုံးမှုမှာ အာဆီယံနိုင်ငံ
များနှင့်ယှဉ်လျှင် အနည်းဆုံးဖြစ် သော်လည်း တစ်နှစ်ထက်တစ်နှစ် သောက်သုံးမှု ပမာဏ မြင့်တက်
လာနိုင်သောကြောင့် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ခွင့်ကို ဘီယာ
စက်ရုံတစ်ခု ထက်ပို၍ ပေးသွားမည် ဖြစ်ကြောင်းပြောသည်။
"ဘီယာစက်ရုံကို ဒီနှစ်ထဲမှာ အများဆုံးနှစ်ရုံ ထက်ပိုပြီး ခွင့်ပြုပေးမှာမဟုတ်ပါဘူး။ ပြည်တွင်း
လိုအပ်ချက်အရပါ"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှူးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်နိုင်ဦးက ပြောသည်။
ယမန်နှစ်မှ စတင်ခါ ခွင့်ပြုပေးခဲ့သည့် Carlsberg နှင့် Heniken တို့မှာ ပြည်တွင်း ကုမ္ပဏီနှင့်
ပူးပေါင်းလုပ်ကိုင်ရန်ဝင်ရောက်လာ ခဲ့ပြီး ယခု ၂၀၁၄ နှစ်လယ်ပိုင်းတွင် စက်ရုံ ဖွင့်လှစ်နိုင်တော့
မည်ဖြစ်သည်။
အဆိုပါအချိန်တွင် ပြည်တွင်းထုတ်လုပ်သူ များမှာ ဘဏ်အတိုးနှုန်းမရရှိမှု၊ ကုန်ကြမ်းဈေးနှုန်း
ချိုသာစွာမရရှိနိုင်မှုနှင့် အခြေခံအဆောက်အအုံ မပြည့်စုံမှုစသည့် ပြဿနာများ ကြံုတွေ့နေရ
သည့်အပြင် အာဆီယံစီးပွားရေးအဖွဲ့အစည်းသဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် ပြိုင်ဆိုင်
ခွင့်ပေးမည့်အချိန်ကို စိုးရိမ်နေရ ကြောင်း ထုတ်လုပ်သူများက ပြောသည်။
အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံများတွင် ဘာသာရေးအရ
တင်သွင်းခွင့် တင်းကျပ်ပြီး အခွန်နှုန်း များစွာတင်ထားကာ တစ်ဖက်တွင်မူ ထိုင်းနှင့် ဖိလစ်ပိုင်
ကဲ့သို့သောနိုင်ငံများမှာ တင်သွင်းမှုအတွက်ဖြေလျှော့ပေးထားကြောင်း ဦးအောင်မိုးကျော်က
ပြောသည်။
"ထိုင်းနဲ့ ဖိလစ်ပိုင်တို့မှာ ဖြေလျှော့ထားတာတွေရှိပေမယ့် ပြည်တွင်းလုပ်ငန်းတွေကိုအကာ
အကွယ်ပေးထားတယ်။ ထိုင်းနိုင်ငံမှာလည်းအရက်တင်သွင်းမှုက ပုလင်း ၁၀၀ ဆို ၁၅ ပုလင်း
လောက်ကခိုးသွင်းတာပါ။ ဒါပေမဲ့ နိုင်ငံတော်က မိလိုက်တာနဲ့ ဆုကြေးကို သေချာပေးလို့ဖမ်းချင်
တဲ့သူတွေချည်း ဖြစ်နေတယ်။ တရားဝင်နဲ့ ၀င်လာတဲ့ပစ္စည်းက ၈၀ ရာခိုင်နှုန်းရှိတဲ့အတွက် နိုင်ငံ
တော်အနေနဲ့လည်း အခွန်ရတယ်"ဟု ၎င်းက ပြောသည်။
ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းရာတွင် ပြည်တွင်းထုတ်ကုန်များအား ထိခိုက်မှုမရှိစေရန် အကန့်
အသတ်များ ပြုလုပ်ခြင်းသည် အခြားသော နိုင်ငံများတွင်လည်း လုပ်လေ့ရှိသည် ဟု ကုန်သွယ်
ရေးဝန်ကြီးဌာန၏ အရာရှိဟောင်း တစ်ဦးဖြစ်သူ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
"ဟောင်ကောင်မှာဆိုရင်လည်း သူ့ဆီမှာအထည်အလိပ်တွေထုတ်လုပ်တော့ ပြည်တွင်း က
တင်သွင်းတဲ့ အဝတ်အထည်တွေအပေါ် ကန့်သတ်ပြီး ဘယ်အမျိုးအစားဆို ဘယ်လောက် ပမာဏ
ထက် ပိုမသွင်းရဆိုတာမျိုးတွေ လုပ်ပါ တယ်။ ပြည်တွင်းကထုတ်လုပ်မှုက အလုပ်အကိုင်ပေးနိုင်
တဲ့အတွက် သူတို့ကို ကုန်သွယ်မှု ထက်ပိုပြီး ဦးစားပေးရမယ်ဆိုတဲ့ အမြင်မျိုး ကတော့ မှန်ကန်
ပါတယ်။ ဒါပေမဲ့ အကန့် အသတ်လုပ်တဲ့နေရာမှာကတော့ စနစ်တကျနဲ့ လုပ်မှ လက်တွေ့မှာ
အကျိုးများနိုင်ပါလိမ့်မယ်။ ဘယ်ဈေးအောက် မသွင်းရဆိုတာမျိုးလုပ်ရင် သွင်းတဲ့သူက ဈေးလျှော့
သွင်းတာမျိုးက ဖြစ်လာ နိုင်တယ်။ ဒီတော့ နိုင်ငံတကာကုန်ဈေးနှုန်းတွေ ကို အမှန်နဲ့ အနီးစပ်ဆုံး
ဖြစ်အောင် မျက်ခြည် မပြတ် စောင့်ကြည့်လေ့လာမယ့် ပို့ကုန်သွင်းကုန် ကြီးကြပ်ရေး အဖွဲ့အစည်း
မျိုး ဖွဲ့စည်းထားပြီး လုပ်တာမျိုးဆိုရင်တော့ ရမယ်ထင်တယ်"ဟု ပြောသည်။
"တချို့နိုင်ငံတွေမှာ အဖျော်ယမကာကို အခွန် ၃၀၀ ရာခိုင်နှုန်းလောက်အထိ ကောက်ကြတယ်။
ဒီလိုကောက်တာတောင် ပိုသွင်းလာ နေသေးရင် ၄၀၀၊ ၅၀၀ ရာခိုင်နှုန်းလောက် အထိ မြှင့်ကောက်
လိုက်တယ်။ ဒီခေတ်ကြီး ထဲမှာ မတင်သွင်းနဲ့ဆိုပြီး ပိတ်ထားတာမျိုး ကတော့ အံမဝင်တော့ပါဘူး။
အရာရှိကြီးတွေကို ပေးတဲ့ လက်ဆောင်ခြင်းတွေထဲမှာ သိန်းနဲ့ချီ တန်ဖိုးရှိတဲ့အရက်ပုလင်းတွေပါ
နေတာ အများ အမြင်ပဲလေ။ အရက်သောက်တဲ့သူကိုလည်းမသောက်နဲ့လို့ ပြောလို့ရတာမှ မဟုတ်
တာ။ ဒီဟာမသောက်ရရင် ဟိုဟာသောက်မှာပဲလေ။ဒီတော့ နိုင်ငံတကာမှာလိုပဲ စနစ်ကျတဲ့ပုံစံနဲ့
လိုင်စင်ကို ပေးသင့်တယ်"ဟု ဦးလှမောင်က ပြောသည်။
မြန်မာနိုင်ငံတွင်မူ ဟိုတယ်လုပ်ငန်းလိုင်စင် ရှိသူများနှင့် လေဆိပ်များအတွင်းရှိ Duty Freeဆိုင်များကို
သာ ခရီးသွားလုပ်ငန်းအတွက်ဝန်ဆောင်ပေးရန် အဖျော်ယမကာများကိုတင်သွင်းခွင့်ပေးထားပြီး
ယင်းတို့ကိုလည်း ဟိုတယ်နှင့် လေဆိပ်ပရဝုဏ်များအတွင်းတွင် သာရောင်းချခွင့်ပေးထားကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
"အခွန်တွေ တအားမြှင့်လိုက်တာမျိုးကိုတော့ ကျွန်တော်သိပ်မထောက်ခံချင်ဘူး။ ဒါမျိုးက မှောင်ခို
ကိုအားပေးသလိုဖြစ်သွားနိုင် မယ်လို့ ထင်တယ်။ မှောင်ခိုနည်းလမ်းနဲ့ သွင်းတာထက် ဒီမှာလာပြီး
စက်ရုံထောင်ပြီး ထုတ် လုပ်တာမျိုးဆိုရင်တော့ မပြောလိုဘူးလေ။ ဒီလိုလုပ်ခွင့်ပေးနေပြီလေ" ဟု
ပြောသည်။
မြန်မာနိုင်ငံတွင် ယခင်က အဖျော်ယမကာ ကို ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ရာမှ ၂၀၁၂ ခုနှစ်၊
ဧပြီလတွင် အခွန်စနစ်သစ်ဖြင့် ၅၀ ရာခိုင်နှုန်း ကောက်ခံလျှက်ရှိသည်။

















