ပြီးခဲ့သည့် လများအတွင်း ဈေးကျခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည် ဇန်ဝါရီလကုန်ပိုင်း မှစတင်ခါ
တဖြည်းဖြည်းဈေးမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင်
ကျပ် ၆၈၇,၀၀၀ ၀န်းကျင် အထိ မြင့်တက်လာခဲ့ကြောင်း ရွှေအရောင်းအဝယ် လုပ်သူများက
ပြောသည်။
လုပ်ငန်းရှင်များ၏အဆိုအရ လက်ရှိရွှေဈေး မှာ လွန်ခဲ့သည့် ၁၀ ရက်ခန့်ကဈေးဖြစ်သော ကျပ်
၆၉၁,၀၀၀ ၀န်းကျင်မှ ပြန်လည် ကျဆင်း ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ပြည်တွင်းရွှေဈေး အတက်
အကျဖြစ်ပေါ်နေခြင်းသည် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ လျင်မြန်စွာ ဖြစ်ပေါ်မှုကြောင့်ဖြစ်ကြောင်း
ပြည်တွင်းရွှေလုပ်ငန်းရှင်များက သုံးသပ်သည်။
ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် ပြည်တွင်း ရွှေ ဈေးမှာသိသာစွာကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ
လ ၂၄ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၄၄,၂၀၀ အထိ ကျဆင်းသွားခဲ့သည်။
"ဒီရက်ပိုင်းထဲမှာ ကမ္ဘာ့ရွှေဈေးက ဈေး အပြောင်းအလဲအရမ်းမြန်တယ်။ အမေရိကန် နိုင်ငံရဲ့ စီးပွား
ရေးပေါ်လစီတွေ ပြောင်းလဲသွား လို့ ကမ္ဘာ့ရွှေဈေး မတည်မငြိမ်ဖြစ်လာလာတယ် လို့ ထင်ပါတယ်။
အခုပြည်တွင်းရွှေဈေးနဲ့ ကမ္ဘာ့ ရွှေဈေးကလည်း အရင်လို ကွာဟမှုသိပ်မရှိ တော့ ကမ္ဘာ့ရွှေဈေး
အတက်အကျမြန်တာနဲ့ တန်းတူ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြောင်း လဲ နေတာပါ" ဟု
တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။
ပြည်တွင်းရွှေဈေးသည်လည်း ယခုရက်ပိုင်းအတွင်း ကမ္ဘာရွှေဈေးကြောင့် ဈေးနှုန်းမတည် ငြိမ်ဘဲ
အတက်အကျဖြင့်သာ ဆက်လက်ဖြစ် ပေါ်သွားနိုင်ကြောင်း ၎င်းက ပြောသည်။ ကမ္ဘာရွှေဈေး
အပြောင်းအလဲကြောင့် ပြည် တွင်း ရွှေဈေးမှာ ရက်ပိုင်းအတွင်း လေးရာခိုင်နှုန်း ခန့်မြင့်တက်သွား
ချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၃၁၈ ရှိကြောင်း ရွှေကျင်ရွှေ
ဆိုင်ပိုင်ရှင် ကိုဌေးက ပြောသည်။
"မြန်မာ့ရွှေဈေးက ကမ္ဘာရွှေဈေးတက်တာနဲ့ တိုက်ရိုက်ပတ်သက်နေတာဆိုတော့ ဒီရက်ပိုင်းကမ္ဘာ
ရွှေဈေးတက်လို့ လိုက်တက်နေတာပါ။ ကမ္ဘာ့ရွှေဈေးတက်တာကလည်း ကမ္ဘာ့ဘဏ်က ရွှေဝယ်
မယ်ဆိုတဲ့ သတင်းထွက်လာလို့ပါ။ ကမ္ဘာမှာ ၀ယ်လိုအားနဲ့ ရောင်းလိုအားမမျှတာ ကြောင့်လည်း
ပါတယ်။ ထုတ်လုပ်နိုင်မှု အား နည်းသွားတာကြောင့်လည်း ပါတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးက
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဈေး အပြောင်းအလဲ များနေတာပါ" ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီလကုန်ပိုင်းလောက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ
၁၃,၀၀ ခန့်ရှိပြီး ဖေဖော်ဝါရီ ၂၄ ရက် တွင် ဒေါ်လာ ၁,၃၂၀ ၀န်းကျင်အထိ ဈေးတက် လာခဲ့သည်။
အမေရိကန်နိုင်ငံဗဟိုဘဏ် ပေါ်လစီ ပြောင်းလဲမှုနှင့် အာဖရိကရှိ ရွှေမိုင်းတွင်း ပြဿနာများကြောင့်
ရွှေအထွက်လျော့နည်းလာခြင်းတို့မှာလည်း ကမ္ဘာ့ရွှေဈေးတက်ရခြင်း ၏ အဓိကကျသော
အကြောင်းအရင်းများဖြစ် ကြောင်း ဦးထုံရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက ပြောသည်။
သို့သော် ပြည်တွင်းပြည်ပ ရွှေ ဈေးကွက်တွင်မူ ရွှေကုန်ကြမ်းရှားပါးမှုများ သိသာစွာ မကြံုတွေ့ရ
သေးကြောင်း ၎င်းက ပြောသည်။ "အမေရိကန်ဗဟိုဘဏ်ရဲ့ ပေါ်လစီပြောင်း သွားတယ်။ အစက
ငွေစက္ကူလျှော့ပြီး ထုတ်မယ် ဆိုပြီး နောက်ပိုင်းမှာ ပုံမှန်ပဲထုတ်မယ်ဆိုပြီး ပြန်ပြောင်းလဲသွားတော့
ငွေကြေးဖောင်းပွလာတာပေါ့။ အဲဒါကြောင့် ရွှေဈေးတက်တာပါ။ နောက်တစ်ခုက အာဖရိကနိုင်ငံ
တွေမှာ ဖြစ်ပွား တဲ့ ရွှေမိုင်းပြဿနာတွေကြောင့်လည်း ရွှေ အထွက် နည်းနည်းလျော့သွားတယ်။
အဲဒါကြောင့် ကမ္ဘာ့ရွှေဈေး အတက်အကျဖြစ်သွား တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ရွှေကုန်ကြမ်း
တော့မရှားသေးပါဘူး"ဟု ၎င်းကပြောသည်။ ယခုရက်ပိုင်းအတွင်း ရွှေဈေး အတက်အကျ ပြောင်း
လဲမှုများသော်လည်း ရွှေဝယ်လိုအား မှာကောင်းမွန်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

















