၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးတွင် အဓိကပို့ကုန်များဖြစ်သည့် ပဲမျိုးစုံနှင့် ဆန်တင်ပို့မှု
ကျဆင်းသွားခဲ့သော်လည်း ကျန်ရှိသည့် နှစ်လ အတွင်း ကုန်သွယ်မှုပမာဏလျာထားချက် ၂၅
ဘီလျံပြည့်မီရန် အလားအလာကောင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာန၊ စားသုံးသူရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြောသည်။
ယခုဘဏ္ဍာနှစ်အတွက် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ရ ရက် အထိ
ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန် ဒေါ်လာ ၂၁ ဘီလျံ ကျော်ရရှိထားပြီးဖြစ်ရာ လျာထား
ချက်ပြည့်မီရန် ဒေါ်လာ လေးဘီလျံ ခန့် လိုအပ်နေခြင်းဖြစ်သည်။ "ပုံမှန်ကတော့ ၂၅ ဘီလျံလျာ
ထားတယ်ဆိုပေမယ့် တကယ်တမ်းမှာ ၂၂ ကျော်ကျော် ၂၃ ဘီလျံလောက်ပဲရတတ်တာများပါ
တယ်။ လျာထားချက်ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ခန့်မှန်းထားတာမျိုးပါ။ ရနိုင်ထာထက်
ပိုမှန်းထားမှ ကာမိမှာပါ။ ဒါပေမဲ့ ကျန်နှစ်လ အတွင်းမှာတော့ လျာထားချက်ပြည့်မီနိုင်ပါတယ်"
ဟု ဦးစိုးဝင်းက ပြောသည်။
ယခုဘဏ္ဍာနှစ်အတွင်း မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်းအပါအဝင် စုစုပေါင်း နယ်စပ်
ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်
ရရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ခုနစ်ဘီလျံကျော်ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ ပို့ကုန်ပမာဏဖြစ်ပြီး သွင်းကုန်ပမာဏ မှာ နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ
၅ ဘီလျံနှင့် ပင်လယ်ရေကြောင်းမှ ၁၀ ဘီလျံကျော်ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလ
အတွင်း ပဲမျိုးစုံနှင့် ဆန် တင်ပို့မှု ကျဆင်းသွားခဲ့ပြီး နောက်ဆုံးလက်ကျန် လများဖြစ်သည့်
ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း ဆန်စပါးတင်ပို့မှုနှင့် ပဲမျိုးစုံတင်ပို့ မှု ဆက်လက်ကျဆင်း
သွားပါက လျာထားချက် ပြည့်မီရန် ခက်ခဲနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့က ပြောသည်။
ယခုနှစ် ပဲပေါ်သည့်ရာသီတွင် ပဲအထွက်နှုန်းကျဆင်းသွားခဲ့ခြင်းကြောင့် ပဲတင်ပို့နိုင်မှုကျဆင်း
သွားခဲ့ပြီး ပဲမျိုးစုံမတ်ထရစ်တန်ချိန် တစ်သိန်းခန့်သာတင်ပို့နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့်
နှမ်းကုန်သည်များ အသင်းကထုတ်ပြန်သော စာရင်းများတွင်ဖော်ပြသည်။
"ဒီလမှာ ပဲတင်ပို့မှု ကျသွားတယ်ဆိုပေမယ့် အခုဘဏ္ဍာနှစ်တစ်ခုလုံး ဖေဖော်ဝါရီလ ၁၅ ရက်ထိ
ပဲမျိုးစုံမက်ထရစ်တန်ချိန် ၁၁ သိန်းကျော်တင်ပို့ထားပြီးပါပြီ။ မနှစ်က ဒီရာသီဆို တန်ချိန် ၁၂ သိန်း
လောက်ပို့ထားပြီဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဘဏ္ဍာရေးနှစ်ကုန် အထိ တန်ချိန် ၁၂ သိန်းလောက်ပဲ
ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်" ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေး
မှူး ဦးမင်းကိုဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။
ဆန်တင်ပို့မှုတွင်လည်း တရုတ်နိုင်ငံက ယခုဖေဖော်ဝါရီလအစောပိုင်းက ထိုင်းနိုင်ငံမှ ဆန်တန်ချိန်
တစ်သန်းကျော် ၀ယ်ယူမည့် စာချုပ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် မြန်မာ နိုင်ငံမှ ဆန်ဝယ်ယူမှုမြင့်
တက်လာမည်ဟု ကုန်သည်အချို့က ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့တွင် ဆန်ဈေးနှုန်းမှာ
ကျဆင်းသွား ခဲ့ပြီး တရုတ်နိုင်ငံ၏ ဆန်ဝယ်လိုအားလည်း ကျဆင်းသွားခဲ့ကြောင်း ဆန်ပို့ကုန်
လုပ်ငန်းရှင် များထံမှ သိရသည်။
ယခုကဲ့သို့ ဆန်သစ်ပေါ်ချိန် ကာလတွင် နယ်စပ်ဝယ်လိုအား ဆက်လက် ကျဆင်းသွားမည်ဆိုပါက
ဆန်တင်ပို့သည့် ဈေးနှုန်းများစွာ ကျဆင်းသွားနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။ ထို့အတူ စီးပွား
ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် အချို့ နယ်စပ်ကုန်သွယ်ရေးစခန်းများ
၏ ကုန်သွယ်မှု ပမာဏလည်း ကျဆင်းသွားခဲ့သည်။
နယ်စပ် ကုန်သွယ်မှုတွင် မြိတ်ကုန်သွယ်ရေးစခန်း၊ နဘုလယ်(ထီးခီး) ကုန်သွယ်ရေးစခန်းနှင့်
မောင်တောကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်မှုပမာဏသည် ယမန်နှစ်နှင့် နှိုင်းယှဉ် လျှင်
ကျဆင်းသွားခဲ့ပြီး မြဝတီ၊ ကံပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ တမူးနှင့် မောင်တော အစရှိ သည့်
ကုန်သွယ်ရေးစခန်းများ၏ ပို့ကုန်ပမာဏ သည် ယမန်နှစ်အောက် ကျဆင်းသွားခဲ့သည်။
ယခုနှစ်ဘဏ္ဍာရေးကာလ ၁၀ လကျော် အတွင်းရရှိခဲ့သည့် စုစုပေါင်းကုန်သွယ်မှု ပမာဏတွင်
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုမှရရှိသည့်ပမာဏသည်
အများဆုံးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်
ဖော်ပြသည်။
ယင်းပမာဏတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ
သည် အမေရိကန်ဒေါ်လာ သုံး ဘီလျံကျော်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းကုန်သွယ်မှုပမာဏသည်
လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် ကုန်မျိုးစုံ တင်ပို့မှုမှရရှိခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်ကာလ
တူဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏ ထက် အမေရိကန်ဒေါ်လာ ရ၆၉ သန်း ပိုမိုရရှိခဲ့
ခြင်းဖြစ်သည်။

















