ယာဉ်အိုယာဉ်ဟောင်းအပ် စလစ်များဖြင့် တက္ကစီယာဉ်များတွင် အသုံးပြုရန်
စီအင်န်ဂျီလျှောက်ထားမှု အချိန်ကြာမြင့်နေသည့်အတွက် သက်ဆိုင်ရာမှ တိတိ ကျကျ
ထုတ်ပြန်ပေးစေလိုကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်က သတင်းစာ ရှင်းလင်းပွဲ၌ တက္ကစီ
ယာဉ်မောင်းများကပြောသည်။
"စီအင်န်ဂျီ ရဖို့အတွက် ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနကို လျှောက်ထားတာ ကိုးလလောက်
ကြာနေပြီ။ ပုံမှန်ဆို စီအင်န်ဂျီကျဖို့အတွက် နှစ်လလောက်ပဲကြာ တာ။ လုံးဝမရတော့တာလား။
ဒါမှ မဟုတ်ဆိုင်းငံ့ထားတာလား ဆိုတာကို သက်ဆိုင်ရာက သေသေချာချာထုတ်ပြန်ပေးစေချင်
တယ်" ဟုယာဉ်မောင်းများ ကိုယ်စား တက္ကစီယာဉ်မောင်း ကိုကျော်လှိုင်စိုးကပြောသည်။
နိုင်ငံတော်အစိုးရထံ စီအင်န်ဂျီအသုံးပြုသော ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး အသစ်တင်သွင်း
လာသော ယာဉ်တွင်လည်း စီအင်န်ဂျီ အသုံးပြုရန် ပြန်လည်ခွင့်ပြုသည့်အတွက် ခရီးသည်တင်
ယာဉ်အိုယာဉ်ဟောင်း အပ်စလစ် များကို ပြန်လည်ဝယ်ယူကာ တက္ကစီယာဉ်များတွင်အသုံးပြုရန်
ပြန်လည် လျှောက်ထားခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။
လက်ရှိတွင် စီအင်န်ဂျီ ရရှိရန်စောင့်ဆိုင်းနေကြသော တက္ကစီအစီးရေမှာ ၁၅၀ စီးခန့်ရှိပြီး အချို့မှာ
လည်း စီအင်န်ဂျီ ရရှိသွားကြသောကြောင့် အများနည်းတူ စီအင်န်ဂျီ ရရှိရန်လိုလားနေကြခြင်းဖြစ်
ကြောင်းသိရသည်။
မထသ(ဗဟို) အနေဖြင့်မူ ခရီးသည်ယာဉ်အပ်နှံပြီးပါက ခရီးသည်တင်ယာဉ် ပြန်လည် တင်သွင်း
ခြင်းအတွက်သာ စွမ်းအင်ဝန်ကြီးဌာနထံမှ စီအင်န်ဂျီ တောင်းခံပေးနေခြင်းဖြစ်ကြောင်း မထသ
(ဗဟို)မှ ဥက္ကဌ ဦးလှအောင်ကပြောသည်။
" အခြေအနေ ထူးမထူးစောင့်ကြည့်ပြီး တစ်ပတ်နှစ်ပတ်အတွင်းမထူးခြားရင် သမ္မတဆီ စာတင်
မယ်။ သာကေတ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းရှေ့မှာ ဆန္ဒပြဖို့လည်းစဉ်းစားထားပါ
တယ်။ တစ်ခြားသူတွေရသလို ကျွန်တော်တို့လည်း လိုချင်တယ်။ တစ်နှစ်နီးပါး ကြာမှ မပေးတော့
ဘူးဆိုတာကတော့ မတည်မြဲတဲ့ ဥပဒေလို့ ယူဆပါတယ်" ဟု တက္ကစီယာဉ်မောင်း ဦးအုပ်စိုးက
ပြောသည်။
အများပြည်သူသုံးယာဉ်များအတွက်ပြန်လည်လျှောက်ထားမှုနည်းလာခြင်း ကြောင့် ယခုကဲ့သို့
ခရီးသည်တင်ယာဉ်ဟောင်းအပ်စလစ်များဖြင့် တက္ကစီယာဉ် များ စီအင်န်ဂျီရရှိရန်လျှောက်ထား
ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေမှ ဆိုင်းင့ံရန်ညွှန်ကြားခြင်းဖြစ်ကာ ခရီးသည်
တင်ယာဉ်တွင်အသုံးပြုရန်ပြန်လည်လျှောက်ထားပါက ခွင့်ပြုမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကိုလေးကပြောသည်။
















