အာဖရိက နိုင်ငံများဖြစ်သည့် အိုင်ဗရီကို့စ်နှင့် တိုဂိုသို့ ဆန်တန်ချိန် ၁၀၀,၀၀၀ ကို ယခုလ အတွင်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူများကပြောသည်။
အဆိုပါ ဆန်တန်ချိန်တစ်သိန်းမှာ ၂၅ မှတ်အရည်အသွေးရှိကာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊
မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် ဒိုင်းမွန်းစတားကုမ္ပဏီတို့က တင်ပို့သွားမည် ဖြစ်ကြောင်း
တာဝန်ရှိသူများက ပြောသည်။
"တန်ချိန်တစ်သိန်းဆိုတော့ သင်္ဘောငါးစီး စာပေါ့။ မတ်လထဲမှာ တင်ပို့သွားမှာပါ။ ဈေးနှုန်း
ကတော့ အခုနောက်ပိုင်း ၀ယ်တဲ့နိုင်ငံအပေါ် မူတည်ပြီး ကွာခြားလာတယ်။ သူတို့ဘက်က
တောင်းဆိုတဲ့အချက်ကို ပြည့်မီဖို့ခက်ရင် ခက်တဲ့အလျောက် ဈေးကလည်းလိုက်ပြီးတက်
သွားတာပေါ့"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လယ်သမားကဏ္ဍမှ တွဲဖက်အထွေထွေ
အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကပြောသည်။
ပြည်ပသို့ ဆန်တင်ပို့ရောင်းချရာတွင် လက်ရှိ အချိန်၌ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်း ဖြစ် သည့်
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှရရှိသော ဈေးနှုန်းများမှာ ၂၅ မှတ် ဆန် မက်ထရစ်တစ်တန်လျှင်
'ကန်' ဒေါ်လာ ၃၂၀ မှ ၃၃၀၊ ၅ မှတ်ဆန်ဈေးမှာ ၄၀၅ မှ ၄၁၅ ဒေါ်လာ၊ ပေါင်းဆန်မှာ ဒေါ်လာ ၄၆၀
မှ ၄၇၀ နှင့် ဆန်ကွဲမှာ ၂၉၅ မှ ဒေါ်လာ ၃၀၀ တို့ဖြစ်ကာ တရုတ်နိုင်ငံ သို့ မူဆယ်နယ်စပ်မှတင်ပို့
သည့်ဈေးမှာ ၂၅ မှတ် ဆန် တစ်တန်လျှင် ၃၉၇ ဒေါ်လာနှင့် ၅ မှတ် ဆန်မှာ ၄၅၁ ဒေါ်လာတို့
ဖြစ်သည်။
၂၀၁၃-၁၄ဘဏ္ဍာနှစ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ဆန်တန်ချိန်တစ်သန်း ခန့်
တင်ပို့ပြီးဖြစ်ကာ ဘဏ္ဍာနှစ်အကုန်တွင် တန်ချိန် ၁ ဒသမ ၁ သန်းခန့် တင်ပို့ပြီးဖြစ်မည် ဟု
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကုန်သွယ်ရေးကဏ္ဍမှ တွဲဖက်အထွေထွေအတွင်းရေးမှူး
ဦးလူမော်မြင့်မောင်ကပြောသည်။
"ပို့ထားပြီးသမျှထဲမှာတော့ ၆၀ ရာခိုင်နှုန်း က တရုတ်ကို ပို့ထားတာပါ။ လက်ရှိအချိန်မှာ
တရုတ်ဈေးကွက်က ပုံမှန်အဆွဲကောင်းနေပေ မယ့် တရုတ်ယွမ်ငွေဈေးက ကျနေတော့ အမြတ်
နည်းသွားလို့ မြန်မာဘက်ကပို့တာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလောက်တော့မကောင်းဘူး ဖြစ်နေတယ်"
ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလအတွင်း တရုတ်တစ်ယွမ်လျှင် ၁၆၂ ကျပ်ရှိရာမှ မတ်လပထမအပတ်တွင် ၁၅၅
ကျပ်သို့ ဈေးကျဆင်းသွားခြင်းကြောင့် တရုတ် သို့ ဆန်တင်ပို့ရာတွင် အကျိုးအမြတ်လျော့နည်း
လာသဖြင့် ယခင်လကတစ်ရက်လျှင် မက်ထရစ်တန်ချိန် ၃,၀၀၀ မှ ၃,၅၀၀ အတွင်းတင်ပို့ နေရာ
မှ လက်ရှိ တန်ချိန် ၂,၀၀၀ မှ ၂,၅၀၀ အတွင်းသာ တင်ပို့နေကြောင်း မူဆယ် ဆန် စပါး ကုန်သည်
များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသောကြာက မြန်မာတိုင်း(မ်) ကို ပြောသည်။
"မြန်မာကုန်သည်တွေက မူဆယ်မှာ လှောင် ထားတဲ့ဆန်ကိုပဲ ပို့နေကြတယ်လေ။ ရန်ကုန်က
သယ်တာကို လျှော့ချလိုက်တယ်။ ဘာပဲဖြစ်ဖြစ် တရုတ်ဘက်က ၀ယ်လိုအားကတော့ ဆက်
ကောင်းနေပါတယ်"ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ တရုတ်ဘက်သို့ဆန်တင်ပို့မှုပမာဏသည် ယခင်လများကအောက် လျော့ နည်းနေသော်
လည်း ယွမ်ငွေတန်ဖိုးပြန်လည် မြင့်တက်သည်နှင့်တစ်ပြိုင်နက် တင်ပို့မှု ပြန်လည် မြင့်တက်လာ
မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက်အထွေထွေအတွင်းရေမှူးဟောင်းဖြစ်သူ
ဦးမျိုးသူရအေးက ခန်မှန်းသည်။
"လက်ရှိမှာတော့ ဒီနှစ်မှာက မိုးစပါးကရတဲ့ ဆန်ကိုပဲ ပို့နေတာပါ။ အခု နွေစပါးပေါ်တော့ မယ်ဆို
တော့ အဲဒီဆန်တွေကိုလည်း တင်ပို့ဖို့ လုပ် ကြပါလိမ့်မယ်။ မကြာခင် တရုတ်ကိုပို့တဲ့ပမာဏ ပြန်
မြင့်လာလိမ့်မယ်။ အခုက ယွမ်ငွေတန်ဖိုး နည်းနည်းကျနေတော့ အရင်လောက်မကိုက်လို့ အခြေ
အနေစောင့်နေတဲ့သဘောပါ"ဟု ၎င်းက ပြောသည်။
တရုတ်ဈေးကွက်သို့ မူဆယ်နယ်စပ်မှတင်ပို့ သည့် မြန်မာ့ဆန်ဈေးကွက်သည် ၂၀၁၂ ခုနှစ် တွင်
စတင်ပေါ်ထွက်လာခြင်းဖြစ်ပြီး ၂၀၁၂ ၁၃ ဘဏ္ဍာနှစ်အတွင်းပြည်ပသို့ ဆန်တင်ပို့မှုမှာ ၄၆ နှစ်
အတွင်းအမြင့်ဆုံးစံချိန်အဖြစ် မက်ထရစ်တန်ချိန် ၁ ဒသမ ၆ သန်းရှိပြီး ၆၀ ရာခိုင်နှုန်းမှာ တရုတ်
သို့တင်ပို့ခြင်း ဖြစ်သည်။
လက်ရှိ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်တွင်လည်း တင်ပို့ထားပြီးဆန်ပမာဏတန်ချိန် တစ်သန်းခန့် တွင်
တရုတ်သို့ ၆၀ ရာခိုင်နှုန်းတင်ပို့ခြင်းဖြစ် ကာ ၃၅ ရာခိုင်နှုန်းခန့် သည် အာဖရိကနိုင်ငံ များသို့
လည်းကောင်း၊ ့ျန် ငါးရာခိုင်နှုန်းသည် စီးပွားရေး ပိတ်ဆို့မှုများဖြေလျှော့ပြီး အခွင့်သာ လာသည့်
အီးယူနိုင်ငံများသို့လည်းကောင်း တင်ပို့ထားခြင်းဖြစ်သည်။
"လက်ရှိနှစ်မှာ တရုတ်ကိုတင်ပို့တဲ့ ပမာဏ က တရားဝင်ကိန်းဂဏန်းအရတော့ မနှစ်က ပမာဏ
အောက် နည်းသွားပေမဲ့ ပြောရရင် ကျွန်တော်တို့သိသလောက်တော့ တရားမဝင် ပို့ထားတာတွေ
ကိုပါထည့်တွက်ရင် မနှစ်က အောက်ကိုကျမနေဘူး" ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
စီးပွားရေးနျင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ မူဆယ်မှ တစ်ဆင့် တရုတ်
သို့တင်ပို့ထားသည့် ဆန် ပမာဏမှာ မက်ထရစ်တန်ချိန် ၅၅၀,၀၀၀ ခန့်ရှိသော်လည်း တရားမဝင်
တင်ပို့မှုများကိုပါထည့်သွင်းတွက်ချက်ပါက တန်ချိန် ၈၀၀,၀၀၀ ခန့်ရှိနိုင်ကြောင်း ၎င်းကပြော
သည်။
တရုတ်သို့ မူဆယ်မှတင်ပို့သည့် အဆိုပါ ဆန်ဈေးကွက်အား မြန်မာနိုင်ငံဘက်မှ တရားဝင် ခွင့်ပြု
ထားသော်လည်း တရုတ်ဘက်မှမူ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပေ။ "အခုလက်ရှိအချိန်မှာ
တော့ အဲဒီဈေးကွက်ကို တရားဝင်ဖြစ်လာစေဖို့ တရုတ်ဘက်က ပြည်နယ် အလိုက် အစိုးရတွေနဲ
့ ညှိနှိုင်းနေပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာက ပြည်နယ်တစ်ခုချင်းစီမှာ က သူ့ပေါ်လစီနဲ့သူဆိုတော့
ခက်ခဲနေတဲ့အပိုင်း တွေတော့ ရှိနေပါသေးတယ်။ ညှိနှိုင်းဆဲအဆင့် မှာပဲ ရှိနေပါသေးတယ်"ဟု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီးပွားရေး အကြံပေးပညာရှင် ဒေါက်တာမောင်
အောင်က ပြောသည်။
မတ်လဆန်းက ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပသည့် လယ်ယာသုံးပစ္စည်းပြပွဲတွင် စီးပွား ရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အီးယူဈေး ကွက် ကျယ်ပြန့်လာခြင်းကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့သည့်ဈေးကွက်အလားအလာ သည် ပိုကောင်း
လာနိုင်ကြောင်း ပြောသည်။
တရုတ်နိုင်ငံ၏ ပြည်နယ်အလိုက်အစိုးရ များသည် မြန်မာနိုင်ငံမှဆန်များတင်သွင်းနေ ခြင်းကို
တရားဝင်ခွင့်ပြုခြင်းမရှိသေးပဲ အခါ အားလျော်စွာ ဖမ်းဆီးခြင်းများရှိနေသော်လည်း ယင်းတို့ဒေသ
များတွင် ဆန်လိုအပ်ချက်မြင့်မား နေခြင်းကြောင့် ပြင်းထန်သောတားဆီးမှုများ လုပ်ဆောင်နိုင်ဖွယ်
မရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများကသုံးသပ်သည်။ တရုတ်ဈေးကွက်သို့ မြန်မာနိုင်ငံနှင့်အပြိုင်
ဆန်တင်ပို့သူများမှာ ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ဗီယက်နမ်ဖြစ်ပြီးမြန်မာ့ဆန် များကို
၀ယ်ယူလျက်ရှိသော အီးယူနိုင်ငံများ မှာ စပိန်၊ ယြ်လ်ဂျီယံ၊ ပေါ်တူဂီနျင့် နယ်သာ လန် အပါအဝင်
၁၀ နိုင်ငံခန့်ရှိသည်။

















