အာရှဦးဆောင်ဘဏ်တစ်ခုဖြစ်သော စင်ကာပူနိုင်ငံမှ United Overseas Bank ဘဏ်၏
အကြီးတန်း စီးပွားရေးပညာရှင်ဖြစ်သူ Mr. Suan Teck Kinကို မြန်မာတိုင်း(မ်)အကြီးတန်း
သတင်းထောက် အောင်ရှင်က တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်
ပတ်သက်သည့် ၎င်း၏ထင်မြင်ယူဆချက်ကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
* မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရောက်ခဲ့ဖူးတဲ့
လူကြီးမင်းအနေနဲ့ ဒီနေ့မြင်တွေ့ရတဲ့ မြန်မာနိုင်ငံအကြောင်း
စပြောပါလား ခင်ဗျာ။
မနေ့က ပါ့ခ်ရွိုင်ရယ်ဟိုတယ်ကနေ ရွှေတိဂုံဘုရားဘက် လမ်းလျှောက်သွားခဲ့တယ်။ လမ်း
တစ်လျှောက် တချို့နေရာတွေမှာ လမ်းဘေးစင်္ကြံတွေ ပျောက်သွားတယ်။ ဘုရားဘက် ကနေ
အပြန်လမ်းမှာလည်း တချို့နေရာတွေ လျှပ်စစ်မီးမရှိဘဲ မှောင်မည်းနေတယ်။ တစ်နေရာ မှာ
ကော်ဖီဆိုင်တွေ့တော့ လူတွေစုပြီး တီဗီထိုင် ကြည့်နေတာ တွေ့ခဲ့ရတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်
၄၀ က စင်ကာပူနိုင်ငံပုံစံမျိုးပေါ့။ ဒီနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ လုပ်စရာတွေ အများကြီး ရှိနေ
ပါတယ်။ သင့်တော်တဲ့ မူဝါဒ တွေ၊ ဥပဒေတွေလည်း အကောင်အထည် ပေါ် လာရမယ်။ ဒီအခြေ
အနေမှာ ကုမ္ပဏီတွေဘက် ကလည်း အကျိုးရှိစေရမှာ ဖြစ်ပါတယ်။ ဒါမှ လည်း ရင်းနှီးမြှုပ်နှံမှုတွေ
အများကြီး ထပ်ဖြစ် လာမှာပါ။
* ဒီလိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေ ပေမယ့် မြန်မာနိုင်ငံကို
ရောက်လာမယ့် ရင်းနှီးမြှုပ်နှံ သူတွေအတွက် အဓိက ဆွဲဆောင်မှုတွေက
ဘာဖြစ်မလဲခင်ဗျ။
မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြတယ်ဆိုတာ အရမ်းသိသာတဲ့အချက်ပါပဲ။ ဥပမာအားဖြင့်
ကျွန်တော်တို့ အခုလုပ်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆွေးနွေးပွဲဆိုရင် အစတုန်းက လူ ၁၀၀ စာ
လောက်ပဲ မှန်းထားတယ်။ ဒါပေမဲ့ စာရင်း ပေးတဲ့လူတွေ ထပ်တိုးလာလို့ ၃၀၀ လောက်ထိ
ဖြစ်နေတယ်။ ဒါကိုကြည့်ရင် စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို ဘယ်လောက် စိတ်ဝင်စား
သလဲဆိုတာ သိသာပါတယ်။ စီးပွားရေး အကြီးအကျယ် ဖွံ့ဖြိုးလာဖို့ရှိတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံသူတွေ ဘက်က အများကြီး အကောင်းမြင်ထားကြပါ တယ်။
* မြန်မာနိုင်ငံက စီးပွားရေးလမ်းကြောင်းတွေ ဖွင့်ပေးနေတယ်။
ပြုပြင်ပြောင်းလဲရေးက ခုဆိုရင် သုံးနှစ်ကျော်ကာလကို ရောက်လာပြီ။
ဒါပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ပြော လောက်အောင်
ရောက်မလာသေးဘူးလို့ဝေဖန်နေကြတာတွေလည်း ရှိတယ်။
လူကြီးမင်းအနေနဲ့ ဘယ်လို ထင်မြင်မိ ပါသလဲ။
တချို့ရင်းနှီးမြှုပ်နှံမှုတွေက ကတိအဆင့်ပဲရှိ သေးတာမျိုးပေါ့။ ဥပမာ - ကျွန်တော်က ဒေါ်လာ
သန်း ၁,၀၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထား တယ်။ လောလောဆယ်တော့ ဒေါ်လာ ၁၀ သန်း
လောက်ပဲ ရောက်သေးတယ်။ အစပိုင်းဆိုတော့ ဒီလိုပဲဖြစ်နေမှာပေါ့။ လက်ရှိအခြေအနေအရ
တော့ ရင်းနှီးမြှုပ်နှံမှုအကုန်လုံးကိုလည်း လက်ခံနိုင်တဲ့အနေအထား မရှိသေးဘူးလေ။ ရင်းနှီး
မြှုပ်နှံမှုဆိုတာ အချိန်ယူရတာမျိုးပါ။ ဒါပေမဲ့ စိတ်ဝင်စားမှုတွေနဲ့ လူတွေ အရင်ရောက်လာ ဖို့
လိုပါတယ်။ အခြေခံကျတဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်လာတာနဲ့အညီ ရင်းနှီးမြှုပ်နှံမှုတွေလည်း များလာ
မှာပါ။
* လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေမှာ
ကိန်းဂဏန်း နဲ့ လုပ်ငန်းပိုင်းကွာဟနေတာတွေကိုရော
လူကြီးမင်း ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
အစိုးရအနေနဲ့ သတိထားရမှာကတော့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်း တွေပေါ့။ ဦးစား
ပေးလုပ်ငန်းတွေ သတ်မှတ်ထား သင့်တယ်။ ရင်းနှီးမြှုပ်နှံမှု လာတဲ့အခါ ဘယ် ကဏ္ဍတွေက ဦးစား
ပေးသင့်သလဲဆိုတာမျိုး စီမံဆောင်ရွက်ထားသင့်ပါတယ်။
* မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို စိုးရိမ်နေတဲ့သူတွေလည်း ရှိနေပါတယ်။
ဥပမာ - ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေတာမျိုးပေါ့။
နိုင်ငံရေး အပြောင်းအလဲတွေက အကောင်အထည်ဖော်ပြီးသား စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုအကျိုးသက် ရောက်တာမျိုး ဖြစ်လာနိုင်သလဲ။
နိုင်ငံရေးအပြောင်းအလဲက အရမ်း အရေးကြီး သလို အကျိုးသက်ရောက်မှုလည်း ရှိနေတယ်
ဆိုတာ အသေအချာပါပဲ။ ဒါကိုလူတွေ စိုးရိမ် တတ်တာလည်း သဘာဝကျပါတယ်။ ခင်ဗျား ဒီနေ့
ရင်းနှီးမြှုပ်နှံတယ်။ နောက်နေ့ အစိုးရက ပြည်သူ ပိုင်သိမ်းမယ်။ ဒါမျိုးတွေပေါ့။ နည်းစနစ်တကျ
စည်းမျဉ်းနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အင်အားကောင်းလာဖို့ လိုတဲ့သဘောပေါ့။ အဲဒီလို
အဖွဲ့ရှိတွေ အင်အားကောင်းလာလေ ခုနကပြောသလို အများစိုးရိမ်နေတာတွေ ဖြစ်လာဖို့ ခက်ခဲ
လေပါပဲ။
* ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုခိုင်မာတဲ့အဖွဲ့အစည်းတွေ ရှိနေပြီလို့ ဆိုနိုင်မလား။
အခုမှ အစပဲရှိပါသေးတယ်။ ဒီလိုအဖွဲ့ အစည်းမျိုးတွေ ဒီနေ့၊ မနက်ဖြစ်ပေါ်ပေါက်လာဖို့ မဖြစ်နိုင်ဘူး။
ဒါကအချိန်ယူရပါတယ်။ * အာဆီယံဘက် လှည့်မေးပါရစေ ခင်ဗျာ။ အာဆီယံနိုင်ငံတွေ တစ်နိုင်ငံနဲ့
တစ်နိုင်ငံ ကူးလူးဆက်ဆံမှု၊ ပေါင်းစည်းမှုတွေ တကယ်ပဲ ဖြစ်လာနေပြီလားဗျ။ အာဆီယံပူးပေါင်း
ဆောင်ရွက်မှု၊ အာဆီယံဘုံဈေးကွက်ဆိုတဲ့နေရာမှာ ကြည့်ရမယ့် ကဏ္ဍ တွေ တော်တော်များများ
ရှိနေပါတယ်။ အာဆီယံ ဘုံဈေးကွက်က ၂၀၁၅ အကုန်မှာ စမယ်ဆိုပေမယ့် ထုတ်ကုန်ဖြန့်ဖြူးမှု၊
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သား စီးဆင်းမှုတွေ ခုကတည်းက စဖြစ်နေပါပြီ။
၀န်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ရေး၊ အာမခံလုပ်ငန်းနဲ့ ဥပဒေရေးရာဝန်
ဆောင်မှု တွေကတော့ ခက်ခဲနေတဲ့ အနေအထားမှာပဲ ရှိသေးတယ် ဆိုရမယ်။ အာဆီယံနိုင်ငံတွေ
အကြား ဘာသာစကားနဲ့ ဥပဒေရေးရာကိစ္စ မတူညီမှုတွေက ၀န်ဆောင်မှု လုပ်ငန်းတွေ စတင်နိုင်ဖို့
အတားအဆီးတွေပါပဲ။
* ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံ အနေနဲ့
လက်ရှိဆောင်ရွက်နေတာတွေအပြင် ဘယ်အချက်တွေကို
သတိထားသင့်သလဲ ခင်ဗျ။
အဓိက သတိထားရမယ့် အချက်တစ်ခုက တော့ ပြိုင်ဆိုင်မှုအခွင့်အလမ်းပါပဲ။ လုပ်ငန်း ဦးဆောင်
သူတွေအကြား၊ ကုမ္ပဏီတွေအကြား လုံလောက်တဲ့ ပြိုင်ဆိုင်မှုအခွင့်အလမ်း ရှိသင့် ပါတယ်။ အဲဒီ
လိုမှမဟုတ်ရင် ကုမ္ပဏီတချို့ ဒါမှမဟုတ် အဖွဲ့အစည်းတချို့ပဲ အခွင့်အာဏာ ကြီးမားပြီး လူထု
ကတော့ အကျိုးရလဒ် သိပ်မများနိုင်ပါဘူး။

















