ခရီးသည် တင်ဟိုင်းလပ် ယာဉ်များပြေးဆွဲခွင့်ကို မတ်လကုန်အထိ တိုးမြှင့်

ခရီးသည် တင်ဟိုင်းလပ် ယာဉ်များပြေးဆွဲခွင့်ကို မတ်လကုန်အထိ တိုးမြှင့်

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည် တင်ဟိုင်းလပ် ယာဉ်များပြေးဆွဲခွင့်
ကို မတ်လကုန်အထိ တိုးမြှင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် မိုးသီဟကျော်ကပြောသည်။

"ခရီးသည်တင်ဟိုင်းလပ် ယာဉ်တွေ ပြေးဆွဲခွင့်ကို ဒီလတစ်လအတွက် ထပ်တိုးပြီး တော့ခွင့်ပြု
လိုက်တယ်။ ဟိုင်းလပ်ယာဉ်တွေနေရာမှာ အစားထိုးပေးမယ့် ယာဉ်တွေ အဆင်သင့်မဖြစ်သေး
တာတစ်ကြောင်းအပြင် ခရီးသွားတွေ အတွက်လည်း အခက် အခဲဖြစ်နေတာ တစ်ကြောင်းကြောင့်
ဖြစ်ပါတယ်။ ဟိုင်းလပ်ယာဉ် လုပ်သားတွေရဲ့ အခက်အခဲလည်းရှိကောင်းရှိပါလိမ့်မယ်။ မီနီဘတ်စ်
တွေ အစားထိုးဖို့အတွက် လည်း စီစဉ်နေပါတယ်" ဟု အဆိုပါအရာရှိကဆိုသည်။

ဟိုင်းလပ်ယာဉ်များကို စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင် ပြေးဆွဲရန် သတ်မှတ် လိုက်သည့်
အဓိကအကြောင်းရင်းမှာ ခရီးသွားပြည်သူများအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရန်အတွက်ဖြစ်ပြီး
ယခင်က စစ်ကျန်ဘတ်စ်များနေရာတွင် ဟွန်ဒိုင်းကား များအစားထိုးပြေးဆွဲခဲ့သကဲ့သို့ပင် ဟိုင်းလပ်
ယာဉ်များအစား မီနီဘတ်စ်ယာဉ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်သည်။

"ဟိုင်းလပ်တွေမှာ အဓိကဖြစ်နေတာက ခရီးသည်တွေကနောက်တွယ်စီးတယ်။ ဘေးတွယ်စီးတယ်။
ခေါင်မိုးပေါ်မှာပစ္စည်းတင်တယ်။ ပြီးတော့ ဟိုင်းလပ်တွေက နှစ်ပေါင်း ၃၀ ကျော် ၄၀ နားဖြစ်နေပြီ။
တကယ်တမ်းမှာယာဉ်ရဲ့ သက်တမ်းကကျော်သွားပြီ။ ဒါပေမယ့် ဟိုင်းလပ်က ခရီးသည်တင်ယာဉ်
ဖြစ်တဲ့အတွက် ဆက်ပြီး ပြေးခွင့်ပေးထားတယ်။ တကယ်ကသူတို့ရဲ့သက်တမ်းက ယာဉ်အိုယာဉ်
ဟောင်းအပ်နှံခွင့်မှာပါနေပြီးသားဖြစ်ပါတယ််" ဟု ရဲအုပ် မိုးသီဟကျော်ကပြောသည်။

ခရီးသည်တင်ဟိုင်းလပ်ယာဉ်လိုင်းမှာ စုစုပေါင်း ၄၆ လိုင်းရှိပြီး ယာဉ်စီးရေ ၈၀၄ စီးခန့်ရှိကြောင်း
သိရသည်။ ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းပြေးဆွဲခွင့်ကို
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်ခါ သတ်မှတ်ထားခြင်းဖြစ်သော်လည်း အကြောင်းကြောင်းကြောင့်
ယခုလကုန်အထိ သက်တမ်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ပြေးဆွဲခွင့်ရှိပြီး အကယ် ၍ 'က' ကုန်စည်
လိုင်စင်သို့ ပြောင်းလဲလျှောက်ထားပြီး ကုန်စည်တင်ဆောင်ပါကလည်းခွင့်ပြုကြောင်းသိရသည်။

"ဟိုင်းလပ်ယာဉ်တွေကို အပ်ချင်တဲ့သူတွေအတွက် ဟိုင်းလပ်ယာဉ်တွေအစား မီနီဘတ်စ်ယာဉ်
တွေ အစားထိုးဝယ်ယူတာနဲ့ပတ်သက်လို့ ကားတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ တိုင်ပင်ပြီး သက်သာ
သောနှုန်းထားနဲ့ရောင်းချရေးအပြင် အရစ်ကျစနစ်နဲ့ ရောင်းချပေးရေးအတွက် တောင်းဆိုသွားမယ်။
ပြီးတော့ စီအင်န်ဂျီရရှိရေးကိုပါ စီစဉ်သွားဖို့ရှိပါတယ်" ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်း
ရေးကော်မတီ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။

ယခုလက်ရှိတွင် ပဲခူးမှ ရန်ကုန်မြို့တွင်းသို့ပြေးဆွဲနေသော ဟိုင်းလပ်များမှာ ထောက်ကြံ့ ၅၁
ယာဉ်ကြီးဂိတ်၊ မှော်ဘီတိုက်ကြီး၊ သာယာဝတီဘက်မှလာသော ဟိုင်းလပ်များသည် ထောက်ကြံ့
မရောက်ခင် လှော်ကားလမ်းခွဲ၊ အမှတ် ၂ လမ်းမှ ယာဉ်များသည် ရှမ်းတဲကျေးရွာအထိပြေးဆွဲရန်
ခွင့်ပြုထားသည်။

သန်လျင် ကျောက်တန်းဘက်မှလာသော ယာဉ်များမှာ သန်လျင် မြို့အထိ၊ လှိုင်သာယာထန်း
တပင်မှ ယာဉ်များသည် ဒဂုံဧရာအဝေးပြေး၊ တွံတေးမှ လှိုင်သာယာသို့ ပြေးဆွဲနေသောယာဉ်
များမှာ ပန်းလှိုင်တံတားအဆင်း ဆောက်လုပ်ရေးရုံးအနီး စစ်ဆေးရေးဂိတ်အထိနှင့် ဒလ၊
ကော့မှူးဘက်မှလာသော ဟိုင်းလပ်မှန်သမျှကို ဒလ နာရီစင်အထိသာ ၀င်ရောက်ခွင့်ပြု
ထားသည်။

အပြည့်အစုံကို မြန်မာတိုင်းမ် ဂျာနယ်တွင် ဖတ်ရှုပါရန်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး