ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်နှင့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့်
TAG Co.,Ltd-တို့အကြား အငြင်းပွားမှုအတွက် အဆုံးအဖြတ်ပေးရန် နှစ်ဖက်ကုမ္ပဏီ က
တင်မြှောက်ထားသည့် အဖွဲ့ဝင်နှစ်ဦးပါ အနုညာတ ခုံသမာဓိအဖွဲ့၏ သမာဓိအဖွဲ့ဝင်တစ်ဦးက
ဦးပိုင်လီမိတက်သည် မလျော်ကန်သည့် လုပ်ရပ်များဖြင့် အနုညာတခုံအဖွဲ့၏ စီရင်ဆုံးဖြတ်မည့်
လုပ်ငန်းစဉ်ကို တမင်ရည်ရွယ်ကာ ဖျက်လိုဖျက်ဆီး ပြုမူခဲ့ကြောင်း ပြောသည်။
မတ်လ ၁၂ ရက်နေ့ထုတ် အစိုးရပိုင် အင်္ဂလိပ် သတင်းစာ New Light of Myanmar တွင်
ပါရှိသည့် အနုညာတခုံသမာဓိအဖွဲ့ဝင်တစ်ဦး ၏ ခုံအဖွဲ့ ဆင့်ခေါ်စာကြေညာချက်၌ ဦးပိုင်
လီမိတက်သည် ခုံအဖွဲ့က ကြားနာရန် ချိန်းဆို ထားသည့်ရက်မတိုင်မီ ကြိုတင်၍ ခုံအဖွဲ့ရုံးခန်း
ရှိ ပရိဘောဂများကိုရွှေ့ပြောင်းကာ တံခါးကို သော့ခတ်ထားခြင်းကြောင့် ခုံသမာဓိအဖွဲ့ဝင်
တစ်ဦးနှင့် TAG Co.,Ltd မှ ကိုယ်စားလှယ်တို့သည် ရုံးခန်းပြင်ပတွင် ရပ်စောင့်ခဲ့ရကြောင်း
ဖော်ပြထားသည်။
ဦးပိုင်လီမိတက်သည် ခုံသမာဓိအဖွဲ့၏ဆင့်ခေါ်မှုကို လျစ်လျူရှုကာ ၎င်းထံမှ ပဒုမ္မာ ဆပ်ပြာစက်ရုံ
ကို ငှားရမ်းထားသည့် TAG Co., Ltd နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါသဘောတူညီချက်များကို
ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ခြင်းဖြစ်ကြောင်း ခုံသမာဓိအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးမောင်မောင်
အုန်းမြိုင်က အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ အနုညာတခုံအဖွဲ့၏ ရှေ့မှောက်သို့
လာ ရောက်ခြင်းမရှိဘဲ ခုံသမာဓိအဖွဲ့ဝင် ဦးမောင် မောင်အုန်းမြိုင်နှင့် TAG Co., Ltd ကိုယ်စား
လှယ်တို့အား သော့ပိတ်ထားသော ရုံးခန်း ရှေ့တွင် မတ်တတ်ရပ်နေရစေရန် အဆိုပါ ခုံအဖွဲ့ ရုံးခန်းတံခါးမကြီးများကိုပါ သော့ခတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါကြေညာချက်တွင် "ဗိုလ်မှူးကြီး ၀င်းကြည်နှင့် ၎င်း၏ရှေ့နေတို့သည် အဆိုပါဆောင်ရွက်
မှုများကို အနုညာတခုံအဖွဲ့ကို ဖျက်သိမ်းရန်နှင့် အနုညာတအက်ဥပဒေပါ ပြဋ္ဌာန်း ချက်များကို
ချိုးဖောက်ရန် ရည်ရွယ်လျက် ဆောင်ရွက်ခဲ့သည်" ဟု ဖော်ပြထားသည်။
ဦးပိုင်လီမိတက်နှင့် TAG Co., Ltd တို့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံကို
ငှားရမ်းမှုအတွက်TAG Co., Ltd ထံမှ ငွေကြေးရလိုမှုဖြင့် ဦးပိုင်လီမိတက်၏ စွဲဆိုမှု အပေါ် အနု
ညာတခုံအဖွဲ့၏ အဆုံးအဖြတ်နှင့်ပတ်သက်၍ ထပ်မံအငြင်းပွားကာ ဦးပိုင်လီမိတက်က ခုံအဖွဲ့ကို
ဖျက်သိမ်းခဲ့သည်။
"အဆိုပါ (ခုံအဖွဲ့ ဖျက်သိမ်းကြောင်း အကြောင်းကြားသော) စာ၏ သဘောအဓိပ္ပာယ် မှာ ထားရှိ
သည့်သဘောတူညီချက်ကို တစ်ဖက် သတ် ဖျက်သိမ်းခြင်းဖြစ်သည်။ သို့ရာတွင် တည်ဆဲဥပဒေ
များက ထိုသို့ဆောင်ရွက်ခွင့် မပြုပေ" ဟု ဦးမောင်မောင်အုန်းမြိုင်က ၎င်း၏ ဆင့်ခေါ်စာတွင်
ရေးသားထားသည်။
အဆိုပါဆင့်ခေါ်စာမှာ အနုညာတခုံရုံး က ဆက်လက်ကာ တစ်ဦးတည်းစီရင်ဆုံးဖြတ် မှုမပြုမီ
ဒုတိယအကြိမ်မြောက်နှင့် နောက်ဆုံး ဆင့်ခေါ်စာဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်ထောင်စု
မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၏ အနုညာတခုံရုံးဆိုင်ရာကိုယ်စား လှယ် ထုတ်လုပ်ရေး
ဌာန၊ ဌာနမှူး ဗိုလ်မှူးကြီး ၀င်းကြည် (ငြိမ်း) ကိုယ်စား လက်ထောက်ဌာနမှူး ဦးခင်မောင်မြင့်က
TAG Company Ltd နှင့် ခုံသမာဓိအဖွဲ့ဝင်များ၏ နည်းလမ်းမကျ သော ဆောင်ရွက်ချက်
များကြောင့် အယုံအကြည် ကင်းမဲ့သည့်အတွက် အနုညာတခုံအဖွဲ့ဖြင့် စီရင်ဆုံးဖြတ်မည့်
အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ပြောသည်။
"ဦးပိုင်လီမိတက်က ဒီကြေညာချက်နဲ့ ပတ်သက်လို့ နည်းလမ်းတကျတော့ လုပ်နေတယ်" ဟု
၎င်းက ပြောသည်။ TAG Co., Ltd ကလည်း စက်ရုံငှားရမ်းခ အပါအဝင် အခြားပေးရန်ရှိသည်
များကို မပေးချေသည့်အတွက် စီရင်ဆုံးဖြတ်ရန် အနုညာတခုံအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း
ဦးခင်မောင်မြင့်က ပြောသည်။
"ဒီလူတွေက မဟုတ်တာလုပ်တဲ့အတွက် ကျွန်တော်တို့က အနုညာတနဲ့စစ်ဖို့ လုပ်လိုက် တယ်။
သူတို့က ပေးဖို့ရှိတာတွေမပေးဘူး။ အနုညာတနဲ့ စစ်နေတဲ့အချိန်မှာပဲ သူတို့က တစ်ဖက်သတ်
ဆုံးဖြတ်ပြီး လုပ်နေတဲ့အခါ ကျတော့ ဒီအတိုင်းဆိုရင် မသင့်တော်တော့ဘူးဆိုပြီး ကျွန်တော်တို့က
အနုညာတခုံရုံးကို ဖျက်လိုက်တယ်" ဟု ၎င်းက ပြောသည်။
"အဲဒီလိုဖျက်တဲ့ဟာကို သူတို့ဘက်ကတော့ လက်မခံချင်ဘူးပေါ့။ တို့ရှေ့နေနဲ့တိုင်ပင်ပြီး တော့
ဥပဒေအရဖျက်လို့ရလို့ဖျက်တယ်ဆိုပြီး အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ခုံရုံးကိုဖျက်လိုက်
တာ။ TAG ကုမ္ပဏီက တရားရုံးကိုမလာချင်လို့ ခုံအဖွဲ့ကိုရှိသေးတယ်ဖြစ်အောင် လုပ်တာ" ဟု
၎င်းက ပြောသည်။
"အခု သူတို့ကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှာ အမှုဖွင့်ထားတယ်" ဟုလည်း ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် က အဆိုပါအမှုကို မတ်လ ၁၈ ရက်တွင် စတင် ကြား
နာခဲ့သည်။
ဦးပိုင်လီမိတက်က ခုံအဖွဲ့ရုံးနေရာဖျက်သိမ်း ပြီးနောက် အသစ်ပြောင်းရွှေ့ထားသည်ဟုဆို သည့်
ခုံအဖွဲ့ရုံးနေရာသို့ မြန်မာတိုင်း(မ်) က သွားရောက်ခဲ့ရာ မည်သူမှမရှိဘဲ တံခါးသော့ ပိတ်ထား
သည်ကို တွေ့ရသည်။
နှစ်ဖက် စီးပွားရေးအဖွဲ့အစည်းတို့၏ အပြန် အလှန် ယုံကြည်မှုကင်းမဲ့ဟန်ရှိသည့် အဆိုပါဆောင်
ရွက်မှုများသည် ၁၉၄၄ ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း အက်ဥပဒေကိုအခြေခံသည့် မြန်မာနိုင်
ငံ၏ အနုညာတစီရင်ဆုံးဖြတ်မှုစနစ် ဆိုင်ရာ အခြေအနေများကို အာရုံစိုက်မိ စေသည်။
ဥပဒေနှင့် အခွန်ဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီတစ်ခုဖြစ်သည့် DFDL မှ ဒုအုပ်ချုပ်မှု ဒါရိုက်တာ
၀ီလျံဂရင်းလီးက အဆိုပါ ဥပဒေ ပြဋ္ဌာန်းသည့်ခုနှစ်အရ ဥပဒေပါ အနုညာတ စနစ်မှာ ခေတ်နောက်
ကျသော စနစ်တစ်ခုဟုဆိုနိုင်ကြောင်း ပြောသည်။
"ဒါပေမဲ့ ဒီအနုညာတစီရင်ဆုံးဖြတ်မှုစနစ် ပြုပြင်ပြောင်းလဲဖို့ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ရရှိရေးကိစ္စနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ သက်ဆိုင်ရာ က သိကြပါတယ်"
ဟု ၎င်းကပြောသည်။
"သိသိသာသာဆိုရင် ၂၀၁၂ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေ
က ပြည်ပအနုညာတ စီရင်ဆုံးဖြတ်မှု အပါအဝင် ဘယ်အငြင်း ပွားမှုဖြေရှင်းနည်းကို မဆို သုံးနိုင်
တယ်လို့ ရှင်းရှင်းပဲပြောထားတယ်" ဟု ၎င်းကပြောသည်။
နိုင်ငံတကာ အနုညာတစီရင်ဆုံးဖြတ်မှု မူဘောင်ဆိုင်ရာ စာချုပ်တစ်ခုဖြစ်သည့် နယူးယော့ခ်
ကွန်ဗင်းရှင်းကို နိုင်ငံ၏ စီးပွားရေးဆိုင်ရာအငြင်းပွားမှုဖြေရှင်းရေး နည်းလမ်းအဖြစ် ၂၀၁၃ ခုနှစ်တွင်
မြန်မာနိုင်ငံက လက်ခံလက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် ၎င်းကွန် ဗင်းရှင်းပါအချက်များကို နိုင်ငံ
အတွင်း ဥပဒေ အဖြစ် မပြဋ္ဌာန်းရသေးပေ။
၂၀၁၂ ခုနှစ် သွင်းကုန်ထုတ်ကုန်စည်းမျဉ်း များတွင် အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒ များကို
ဖော်ပြရာ၌ စီးပွားရေးဆိုင်ရာ ပြည်တွင်း အငြင်းပွားမှုများနှင့် နိုင်ငံခြား ပြည်ပအငြင်း ပွားမှုများ
တွင် ၁၉၄၄ ခုနှစ် အနုညာတ စီရင် ဆုံးဖြတ်မှုဥပဒေအရ ဆောင်ရွက်ရန်ဟု ဖော်ပြ ထားသည်။
"ဆိုတော့ နယူးယော့ခ် ကွန်ဗင်းရှင်းကို အကောင်အထည် မဖော်မချင်း ၁၉၄၄ အနု ညာတ စီရင်
ဆုံးဖြတ်မှုဥပဒေက အတည်ဖြစ် နေတဲ့ သဘောပေါ့" ဟု မစ္စတာ ၀ီလျံဂရင်းလီးက ပြောသည်။
ယမန်နှစ်က စင်ကာပူနိုင်ငံမှ အဖျော် ယမကာကုမ္ပဏီတစ်ခုဖြစ်သည့် Fraser And Neave နှင့်
ပတ်သက်၍ ဦးပိုင်လီမိတက်က အနုညာတစီရင်ဆုံးဖြတ်မှုခံယူရန် ဆောင်ရွက် ခဲ့သည်။
F&N က မြန်မာဘရူဝါရီကုမ္ပဏီတွင် ပါ၀င်သည့် ၎င်း၏ပိုင်ဆိုင်မှုကို ထိုင်းနိုင်ငံမှ ဘီလျံနာ
Charoen Sirivadhanabhakdi ထံ လွှဲပြောင်းရောင်းချပြီးနောက် ဦးပိုင်လီမိတက် က မြန်မာ
ဘရူဝါရီကို ရာနှုန်းပြည့်ပြန်လည် ပိုင်ဆိုင် ရယူနိုင်ရေးအတွက် အနုညာတ စီရင်ဆုံးဖြတ်မှုခံယူရန်
ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ TAG Co., Ltd အား မြန်မာတိုင်း(မ်)က ကြိုးစားဆက်သွယ်ခဲ့သော်
လည်း ဆက်သွယ်၍ မရခဲ့ပေ။

















