ယမကာ တရားဝင်တင်သွင်းခွင့်ပြုရန် ကြန့်ကြာနေဆဲ

ယမကာ တရားဝင်တင်သွင်းခွင့်ပြုရန် ကြန့်ကြာနေဆဲ

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်၍ ပြည်ပမှ ယမကာများ တရားမဝင်တင်သွင်းသည့်လုပ်ငန်း များကို
အရေးယူ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ယမကာ တင်သွင်းမှုကို တရားဝင်ခွင့်ပြုပေးရန်ရှိသော်လည်း
လက်တွေ့တွင် ကြန့်ကြာလျက် ရှိပြီး ယမကာအသင်းအပါအဝင် ပြည်တွင်း ထုတ်လုပ်သူများ
ကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မကြာမီခွင့်ပြုပေးရန် ဆွေးနွေးမှု
များပြုလုပ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေး ဗဟိုကော်မတီက ကျပ်သန်းပေါင်းများစွာတန်ဖိုးရှိ
တရားမဝင်တင်သွင်းလာသော ယမကာ တင်သွင်းမှု ငါးခုကို ၂၀၁၃ ခု နှစ်ကုန် ပိုင်းက ဖမ်းဆီး
အရေးယူခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုများအနက် အများစုမှာ ပြည်တွင်းသို့ အဓိကတင်သွင်းသည့် လုပ်ငန်းများဖြစ်
သည့် ဂျီအမ်ဂျီ၊ ကွာတိုနှင့် ပရီမီယံစားသောက်ကုန်တင်သွင်းသည့်ကုမ္ပဏီများ ပါ၀င်သည်။
တရားမဝင်ကုန်သွယ်မှုတားဆီး တိုက်ဖျက် ရေး ဗဟိုကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူး
ဦးစိုးအောင်က စီးတီးမတ်ဆိုင်ခွဲများအပါအဝင် ဟိုတယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်
ပရီမီယံစားသောက်ကုန် ကုမ္ပဏီကတင်သွင်း လာသော အရက်ဘီယာများကို ပြီးခဲ့သည့်ဒီဇင်
ဘာလအတွင်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ထပ်မံဖမ်းဆီးမှု မပြုလုပ်တော့ကြောင်း ပြောသည်။

"အပြင်မှာသတင်းထွက်နေသလိုမျိုး ဖမ်းဆီး ခံရတဲ့ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့အမှုကို စီးပွားကူး
သန်းဘက်က ရုပ်သိမ်းပေးလိုက်တာမျိုး မရှိသေးပါဘူး။ သွင်းကုန်ပြန်ဖွင့်ပေးဖို့ မူဝါဒ ပိုင်းကလည်း
မပြီးပြတ်သေးတဲ့အတွက်ပါ"ဟု ၎င်းကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ယခုနှစ် မတ်လနောက်ဆုံးထားကာ ယမကာ
များတရားဝင်တင်သွင်းခွင့် ပေးနိုင်ရန် ရည်ရွယ်ထားသော်လည်း ယခုအထိ အကောင် အထည်
ပေါ်မလာသေးပေ။ ပရီမီယံကုမ္ပဏီမန်နေဂျာ ဒေါ်မေမျိုးဦးက ကုမ္ပဏီ တရားစွဲဆိုခံရချိန်မှစ၍
အခြား စားသောက်ကုန်များမှအပ ယမကာတင်သွင်း ခြင်းကို ရပ်ဆိုင်းထားကြောင်း ပြောသည်။

"မူဝါဒတွေလည်း မပြီးပြတ်သေးတော့ ယမကာနဲ့ပတ်သက်တဲ့ ကုန်စည်တွေကို မတင်သွင်းတော့
ဘူး" ဟု ၎င်းက ပြောသည်။

အလားတူစွာပင် အခြားကုမ္ပဏီများကလည်း ယမကာတင်သွင်းမှု ရပ်ဆိုင်းထားကြောင်း ဖေဖော်
၀ါရီလအတွင်းက ပြုလုပ်ခဲ့သော ယမကာလုပ်ငန်းရှင်များ အစည်းအဝေးတွင် ပြောသည်။ သို့သော်
ပြည်တွင်းဈေးကွက်အတွင်းရှိ စူပါ မားကက်နှင့် အရောင်းဆိုင်များတွင်မူ ယမကာ များကို ပုံမှန်
ရောင်းချလျက်ရှိပြီး စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်လျက် ရှိသည်။

စီးတီးမတ်၊ အိုးရှင်းနှင့် စိန်ဂေဟာ အစရှိသော စူပါမားကတ် များမှ တာဝန်ရှိသူများ၏ အဆိုအရ
အဆိုပါ ရောင်းကုန်များကို အခွန်လွတ်ဆိုင်များ သို့မ ဟုတ် ယင်းမှတစ်ဆင့်ဖြန့်ဖြူးရောင်းချသူများ
ထံမှ ပြန်လည်ဝယ်ယူရခြင်းဖြစ်ကြောင်း ပြော သည်။

သို့သော် ယခုနှစ်ဆန်းပိုင်းမှစတင်၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ ကြပ်မတ်မှု ကြောင့်
ဆိုင်အချို့တွင် ဈေးတက်လာသည်။ ယမကာလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဇော်ဝင်းက
တင်သွင်းခွင့်မှာ ပြည်တွင်း ထုတ် လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် စီးပွား ကူးသန်းအကြား
အသင့်တော်ဆုံးဖြစ်မည့် အခြေ အနေကို ဆွေးနွေးနေခြင်းကြောင့် တရားဝင် ဖြစ်လာရန် ကြန့်ကြာ
နေခြင်းဖြစ်ကြောင်း ပြော သည်။

အရည်အသွေးထိန်းချုပ်မှု၊ အခွန်ကောက်ခံမှုနှင့် သွင်းခွင့်လိုင်စင်ကိစ္စများကို လည်းဆွေးနွေးနေ
ကြောင်း ၎င်းကပြောသည်။

"အစိုးရဘက်ကလည်း ပြည်ပယမကာ ရောင်းချတဲ့အပေါ်မှာ အရည်အသွေးနဲ့ ဈေးနှုန်း ထိန်းချုပ်ဖို့
သင့်တော်တဲ့မူတစ်ခု ချမှတ်သင့် တယ်။ ဒီမူက တစ်ဖက်မှာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေကို
ကာကွယ်ပေးထားပြီးဖြစ် ရမယ်။ သင့်တင့်တဲ့ဈေးနှုန်းတစ်ခုသတ်မှတ်ပေးမှပဲ အရည်အသွေးထိန်း
ချုပ်နိုင်ပြီး ပြည်တွင်း လုပ်ငန်ရှင်တွေ အတွက်လည်း ထိုက်သင့်တဲ့ဈေးကွက်ဝေစုကိုရမယ်" ဟု
၎င်းကပြောသည်။

ဦးဇော်ဝင်းက ယမကာတင်သွင်းရာတွင် အခွန်ကောက်ခံမှုမှာလည်း အရေးပါသော အချက်
တစ်ခုဖြစ်ကြောင်း ပြောသည်။

"အခွန်အကောက်ကိုမြှင့်လိုက်ရင် လူမှုရေး ဆိုးကျိုးတွေ နည်းသွားမယ်။ တောအရက်တွေ ကို
ထုတ်နေကြတဲ့ အဆင့်မမီတဲ့လုပ်ငန်းတွေ လည်း အလိုလိုပပျောက်သွား မှာပါ။ ဒါပေမဲ့ တရား
မဝင်ကုန်သွယ်မှုကို ဖိတ်ခေါ်ရာလည်း ရောက်သွားနိုင်တယ်"ဟု ၎င်းက ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၏ သတ်မှတ် ချက်အရ ယစ်မျိုးခွန်များမှာ အကောက်ခွန်နှုန်း
ထားနှင့် သယ်ယူစရိတ်တို့ပေါ်မူတည်ကာ ပစ္စည်း ၏ ၅၀ ရာခိုင်နှုန်းနှင့်အထက်ကောက်ခံခြင်း
ဖြစ်ပြီး အမျိုးအစားပေါ်မူတည်ကာ အခွန်ပမာဏ ပြောင်းလဲမှုရှိသည်။

ယခုလအတွင်း ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် လည်း ယမကာနှင့် ဆေးလိပ်
စသည့် ကုန်စည် များအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံရန် လွှတ်တော်
ကိုယ်စားလှယ် တစ်ဦး ၏ အဆိုကို အခွန်ဝန်ကြီးဌာနက ပယ်ချခဲ့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်းရှိ ယမကာ လက်လီလက်ကားဖြန့်ဖြူးသူတစ်ဦးက ပြည်တွင်း
အခွန်များဦးစီးဌာန၏စစ်ဆေးမှုကြောင့် ကျပ် ၂,၂၀၀၀ တန် တစ်လီတာ ၀င်ဆံ့သည့် နိုင်ငံခြား
ဖြစ် အရက်တစ်ပုလင်းမှာ ကျပ် ၂၅,၀၀၀ အထိ ဈေးတက်သွားပြီး ဆိုင်အများစုမှာမူ အဆိုပါ
နှုန်းထားကြောင့် အခွန်ဆောင်ခြင်းမရှိကြောင်း ပြောသည်။

လက်ရှိတွင်အရက်နှင့် ဘီယာဆိုင်များမှာ ဆိုင်အမျိုးအစားပေါ်မူတည်ကာ သက်ဆိုင်ရာ မြို့နယ်
များအတွင်း ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ မြို့နယ် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး
များသို့ လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကျပ် တစ်သိန်းမှ ၁၀ သိန်းအထိ နှစ်စဉ် ပေးသွင်းနေရကြောင်း
၎င်းကပြောသည်။

"နှစ်စဉ်ကြေးအပြင် အခွန်ဆောင်ရတာလည်း ထပ်တိုးလာတယ်။ ရပ်ကွက်ထဲက ဆိုင်အများစု
က အခွန်ဆောင်တာတွေ မလုပ်တော့ဘဲ သက်ဆိုင်ရာမြို့နယ်မှူးနဲ့ညှိပြီး ဆိုင်ပေါ်တင်ရောင်းကြ
တဲ့အတွက် သူတို့ကဈေးသက်သာ တယ်။ ဒါမျိုးကိုတော့ ကျွန်တော်တို့ ယှဉ်ပြိုင် နိုင်စွမ်းမရှိဘူး"
ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး