စုဖြိုးဝင်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးနေရာ တွင် တတိယနေရာ၌ရှိနေသည့်
ဟောင်ကောင် က ယခုနှစ်အတွင်း ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံမှု များကို ထပ်မံပြုလုပ်သွားရန်
စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကောင်စီ ဒုတိယ
အလုပ်အမှုဆောင် ဒါရိုက်တာ Ms. Margaret Fong က မတ်လ ၃၁ ရက်နေ့က ပြောသည်။
ယခုအချိန်ထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၂ သန်းရှိပြီး ၂၀၀၉
ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား ငါးနှစ်တာ ကာလအတွင်း ၆၂ ရာခိုင်နှုန်းထိ မြင့်တက်လာ ကာ
လက်ရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်နေသော အထည်ချုပ်ကဏ္ဍတွင်သာမက
ကဏ္ဍစုံတွင် ထပ်မံရင်းနှီးမြှုပ်နှံ နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ စည်ပင်သာယာနှင့်
ကုန်သည်စက်မှုအသင်းချုပ် တို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း Ms.Fong က
ပြောသည်။
"ကျွန်မနဲ့အတူ ဟောင်ကောင်က ထိပ်တန်းလုပ်ငန်းရှင်တွေက ၂၀၁၂ မှာ အစိုးရသစ်က ထပ်မံ
ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ဥပဒေသစ်နဲ့ပတ်သက်ပြီး ကဏ္ဍစုံမှာရင်းနှီး မြှုပ်နှံဖို့
ဘယ်လိုအခွင့်အလမ်းတွေရှိဦးမလဲ ဆိုတာကို လာရောက်လေ့လာတာပါ။ သီလဝါ အထူးစီးပွား
ရေးဇုန်ကိုလည်း သွားရောက် လေ့လာပြီး အထည်ချုပ်သာမက ကျောက်မျက် ရတနာ၊
စက်ယန္တရား စတဲ့ကဏ္ဍတွေမှာ ရင်နှီး မြှုပ်နှံနိုင်ဖို့ ဘယ်လို ထုတ်လုပ်မှုဆိုင်ရာ ၀န်ဆောင်မှုတွေ
ပေးနိုင်မယ်ဆိုတာကို ကြည့်မှာပါ "ဟု ၎င်းကပြောသည်။
ရင်းနှီးမြှုပ်နှံလိုသူများ၏ အဓိကစိုးရိမ်မှုများဖြစ်နေသည့် မြေဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ် ဓာတ်အား
လုံလောက်စွာမရရှိမှုနှင့် ကျွမ်းကျင် လုပ်သားရှားပါးမှုတို့အတွက် သီလဝါအထူး စီးပွားရေးဇုန်
အတွင်းရှိ မြေများကို ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးသွားမည်ဖြစ် ကြောင်း၊ လျှပ်စစ်
ဓာတ်အားလုံလောက်မှု ရှိစေ ရန် လျှပ်စစ်ဓာတ်အားပေးစက်များ ထပ်မံ တပ်ဆင်ရန်နှင့် လုပ်သား
များကို သင်တန်းများ ပို့ချမည့် အစီအစဉ်များရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု
လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။
"ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေအတွက် ကတော့ မြန်မာနိုင်ငံဟာ မစိမ်းတဲ့ တိုင်းပြည်
တစ်ခုပါ။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကစလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့တဲ့လုပ်ငန်းတွေ မှာ
၀င်ရောက်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံအနက် မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၇၇ ဘီလျံ တန်ဖိုး
ရှိတဲ့ စီမံကိန်းပေါင်း ၆၈ ခုနဲ့ နံပါတ်သုံး နေရာမှာရှိနေတာလည်းဖြစ်ပါတယ် " လို့ ၎င်းက
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ကလည်း ခွင့်ပြုပြီးဖြစ်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု
စုစုပေါင်း ၆၁ ရာခိုင်နှုန်းမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းတွင် ရှိနေခြင်းဖြစ်ပြီး အထည်ချုပ်၊
ဖိနပ်နှင့် ပလတ်စတစ်ထုပ်ပိုးမှုစက်ရုံအများဆုံး တည်ရှိရာနေရာလည်း ဖြစ်ကြောင်းနှင့် ရန်ကုန်
တိုင်းဒေသကြီးအတွင်း ခွင့်ပြုခဲ့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၈၇ ခုတွင် ဟောင်ကောင် က
၁၈ ခုပါ၀င်ပြီး ရန်ကုန် င်္ီှု ၏ လေးရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်ကြောင်း ပြောသည်။
"ရန်ကုန်တိုင်းဒေသကြီးက နိုင်ငံလုံး စီးပွား ရေးဆိုင်ရာ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းကျော်ပါ၀င် ပြီး
လေကြောင်းနဲ့ ဆိပ်ကမ်းလမ်းကြောင်းတွေ ရှိရာ အရေးပါတဲ့နေရာတစ်ခုလည်း ဖြစ်ပါ တယ်။
လုပ်ငန်းလည်ပတ်မှု၊ ထုတ်လုပ်ဖြန့်ဖြူးမှု နဲ့ ၀န်ဆောင်မှုတွေဟာ ရန်ကုန်တိုင်း ဒေသကြီးရဲ့
စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန် အရေးပါတဲ့ ကဏ္ဍတွေဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
Ms.Fong ကလည်း ဟောင်ကောင်ဪမြန်မာ ကုန်သွယ်မှုပမာဏမှာ ၂၀၁၁ မှ ၂၀၁၂ အတွင်း
တွင် ၁၂ ရာခိုင်နှုန်း၊ ၂၀၁၂ မှ ၂၀၁၃ အတွင်း ၂၄ ရာခိုင်နှုန်းနှင့် ၂၀၁၃ မှ ယခုလက်ရှိအချိန် ထိ
၁၆ ရာခိုင်နှုန်းအသီးသီး တိုးမြှင့်ခဲ့သည့် အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်သည့်အလား အလာ
ကောင်းများရှိနေပြီး ၂၀၁၄ ခုနှစ်အတွင်း တွင်လည်း ၁၀ ရာခိုင်နှုန်းအထက် ထပ်မံတိုးမြှင့် နိုင်ရန် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။
















