မော်တော်ယာဉ် မှတ်ပုံတင်နှုန်းထားများကို ဧပြီလဆန်းမှ စတင်လျှော့ချမည် ဖြစ်ခြင်းကြောင့်
ဈေးကွက်အတွင်း လက်ရှိ အရောင်း အဝယ် အေးနေသော ကျပ်သိန်း ၁၀၀ အောက် ကားများ
ဈေးကျဆင်းဖွယ်ရှိကြောင်း ကား အရောင်းအဝယ်လုပ်ကိုင်သူများက ပြောသည်။
သို့သော်လည်း ကားဟောင်းစလစ်ဈေးနှုန်း များမှာ ထိုသတင်းကြောင့် ချက်ချင်းကျဆင်း
ဖွယ်မရှိနိုင်သေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "လက်ရှိအစိုးအရသစ်လက်ထက်
ကား ဈေးကွက်ထဲမှာ အရောင်းအဝယ်လုပ်ရင် မူဝါဒ ပေါ်မူတည်ပြီးလုပ်ရတာတွေရှိတယ်။
မူဝါဒတစ်ခု ပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့ အလုပ်အကိုင်ကိုကြည့်ပြီး ဈေးကွက်မှာ
ဈေးကစားရတာတွေ ရှိတယ်။ အရင်တုန်းက ဈေးကွက်ထဲမှာ ကားတွေကနည်းနည်းပဲရှိပြီး
ဒီကားတွေ ကိုပဲ လှည့်ပတ်ပြီးရောင်းနေကြတယ်။အခု ဆိုရင် ကားစီးနိုင်တဲ့လူတန်းစားက
များလာပြီး ကားအစီးရေလဲ ပိုများလာတယ်"ဟု ကား အရောင်းအဝယ်လုပ်ကိုင်သူ ဦးထွန်းနိုင်က
ပြောသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မော်တော်ယာဉ် မှတ်ပုံ တင်ခများ
လျှော့ချလိုက်သော်လည်း အဆိုပါ လျှော့ချသည့် နှုန်းထားများကြောင့် အမြင့် ကားများထက်
အနိမ့်ကားဈေးများ ပိုမိုကျဆင်း လာဖွယ်ရှိကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းသည်။
"သက်ဆိုင်ရာက ယာဉ်မှတ်ပုံတင်ခတွေကို လျှော့ချလိုက်တဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေတော်တော်လည်း ပြန်ပြီးတော့လိုက်လာမယ်လို့ ခန့်မှန်းပါတယ်။ အခုလျှော့
ချလိုက်တဲ့ အခွန်တွေအရ အရင် တုန်းက အင်ဂျင်ပါ၀ါ ၁၃၅၀ စီစီအောက်ကားတွေဆိုရင် အခွန်
က ၃၀ ရာခိုင်နှုန်းဆောင်ရပေမယ့် နှုန်းထား အသစ်နဲ့ဆိုရင် ၁၀ ရာခိုင် နှုန်း ဖြစ်သွားတယ်။
ဒီအတိုင်းပဲ ၁၃၅၁ စီစီ ကနေ ၂၀၀၀ စီစီ တွေဆိုရင် အရင်က ၈၀ ရာခိုင်နှုန်းကနေ အခု ၅၀
ရာခိုင်နှုန်း၊ ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီတွေဆိုရင် အရင်က ၁၀၀ ရာခိုင်နှုန်းရှိပေမယ့် အခုဆိုရင်
၈၀ ရာခိုင် နှုန်းလောက် ဖြစ်သွားတယ်"ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ဦးဇော်မင်းအောင်က
ပြောသည်။
အခွန်လျှော့ချလိုက်ခြင်းကြောင့် ဈေးကွက်အတွင်း စလစ်ပေးကာ အရောင်းအဝယ်လုပ်နေ သည့်
ကားများ ဈေးနှုန်းကျဆင်းသွားခြင်း မရှိ သော်လည်း တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်း သည့်ကား
များမှာမူ တန်ဖိုးအလိုက် ကျပ် ၁၀ သိန်း ၀န်းကျင်ခန့် ဈေးနှုန်းကျဆင်းမှုများ ရှိခဲ့သည်။
ယခုထုတ်ပြန်လိုက်သည့် အခွန်ဈေးနှုန်း အပြောင်းအလဲတွင် တန်ဖိုးမြင့်ကားများလည်း ပါ၀င်ပြီး
နယ်ဝယ်လက်များသင်္ကြန်အပြီး အဆင်း များနိုင်ကြောင်း၊ ဈေးကွက်အတွင်း အင်ဂျင်ပါ၀ါ ပေါ်
မူတည်ကာ ဈေးနှုန်းပြောင်းလဲခြင်းကြောင့် အင်ဂျင်ပါ၀ါများသည့် အမြင့်ကားများ ဈေးနှုန်း ကျဆင်း
ဖွယ်ရှိသော်လည်း နယ်ဝယ်လက်များ အတွက် ကျပ်သိန်း ဆယ်ဂဏန်းအထိ သက်သာမည်ဖြစ်
သော်လည်း ဈေးနှုန်းမြင့်တက်စဉ်က ၀ယ်ယူထားသည့် မူလပိုင်ရှင်များမှာ အရှုံးဖြင့် ဆက်လက်
ရင်ဆိုင်ရနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများကသုံးသပ်သည်။
















