ကိုယ်တိုင်အခွန်စည်းကြပ်သည့် စနစ် ယခုလတွင် စတင်ကျင့်သုံး

ကိုယ်တိုင်အခွန်စည်းကြပ်သည့် စနစ် ယခုလတွင် စတင်ကျင့်သုံး

ကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်ဖြင့် ပေးဆောင်သွားရမည့် အခွန်ထမ်းကြီးများ ဆိုင်ရာ
အခွန်ရုံးကို ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့ပန်းဆိုးတန်းလမ်း အမှတ် ၁၂၈/၁၃၂ တွင် စတင်
ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းကုမ္ပဏီ ၆၀၀ မှ ရ၀၀ ကြားရှိ အခွန်ထမ်းကြီးများ အဆိုပါရုံးတွင် လာရောက်
ပေးဆောင်ရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးဇေယျကြည်ညွန့်က ပြောသည်။

ထိုသို့အခွန်ပေးဆောင်ရမည့်ကုမ္ပဏီများ စာရင်းတွင် သုံးနှစ်ဆက်တိုက်အခွန်အများဆုံး
ပေးဆောင်ခဲ့သည့် ကုမ္ပဏီများ၊ အုပ်စုနှင့် အများပိုင်ကုမ္ပဏီများ၊ ဘဏ်နှင့် ငွေကြေး အဖွဲ့ အစည်း
များ၊ ဆက်သွယ်ရေး၊ လေကြောင်းလိုင်း များနှင့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ အများစု
ပါ၀င်ကြောင်း ၎င်းကပြောသည်။

"အခုဖေါ်ပြခဲ့တဲ့ကုမ္ပဏီတွေအပြင် Volunteer အနေနဲ့ နောက်ဆုံးဘဏ္ဍာရေး ရှင်းတမ်းနဲ့
အတူ တင်ပြလျှောက်ထားလာတဲ့ ကုမ္ပဏီတွေကို လက်ခံပြီး ချမှတ်ထားတဲ့ စံနှုန်း တွေနဲ့ ကိုက်
ညီရင် အခွန်ထမ်းအဖြစ် လက်ခံ မှာပါ။ ဒါပေမဲ့ အရမ်းသေးတဲ့ကုမ္ပဏီလေးတွေ ကိုတော့ လော
လောဆည်ထည့်သွင်းကောက်ခံဖို့ အဆင်မပြေသေးဘူး" ဟု ၎င်းကပြောသည်။

အလတ်စားနှင့် အငယ်စားများဆိုင်ရာအခွန် ရုံးကိုမူ လက်ရှိရုံး၏ လုပ်ကိုင်နိုင်မှုရလဒ်အပေါ်
မူတည်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အခွန်ရုံးကစည်းကြပ်သောစနစ်အရ
လုပ်ငန်း များမှာ ဘဏ္ဍာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ကြေညာလွှာနှင့် နှစ်ချုပ်စာရင်းများတင်သွင်း
ကာ သက်ဆိုင်ရာအခွန်ရုံးကစစ်ဆေးပြီး အခွန် တွက်ချက် စည်းကြပ်ခြင်းဖြစ်သည်။

ကိုယ်တိုင် အခွန်စည်းကြပ်စနစ်မှာမူ အခွန်ထမ်းက မိမိ ၀င်ငွေနှင့် အသုံးစားရိတ်ကို မိမိဖာသာ
တွက် ချက်ပြီး အခွန်ရုံးသို့ အခွန်ပေးသွင်း ကြေညာ လွှာ တင်ရမည်ဖြစ်သည်။

"အခွန်ရုံးကလည်း စာရင်းတွေ အချက် အလက်တွေရထားပြီးဖြစ်မယ်ဆိုတော့ သူရဲ့အရင်
အခွန်ပေးဆောင်မှု အခြေအနေအားလုံး ချိန်ထိုးကြည့်ပြီး သူ့ရဲ့ပေးဆောင်မှုကမှန်ကန်တယ်လို့
ယူဆတယ်ဆိုရင် တစ်ခါတည်းလက်ခံ လိုက်မယ်။ မဟုတ်ရင် အခွန်စာရင်းစစ်မယ်"ဟု
၎င်းကပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ရုံး များတွင် ရေးသွင်းမှတ်သားသည့်မှတ်ပုံတင်စာအုပ်
စနစ်အပြင် ကွန်ပျူတာစနစ်လည်းထားရှိပြီး ပြန်လည်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း
ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောသည်။

"နောက်ပိုင်း အခွန်ရုံးတွေမှာ ခေတ်မီ software တွေသုံးမယ်ဆိုရင် ပိုပြီးမှန်ကန်တိကျ လာမှာပါ။
လက်ရှိမှာ software နဲ့လုပ်နေ ပေမယ့် မီးကလည်း ပျက်တာရှိတယ်"ဟု ၎င်းက ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ဥပဒေပြင်ဆင် ပြီးချိန်တွင် ယင်းနှင့်လိုက်လျောညီထွေသော
နည်းဥပဒေမှာလည်း သုံးလအတွင်း ထွက်ရှိ လာမည်ဖြစ်သည်။

"အသစ်ထွက်လာတဲ့အခွန်ဥပဒေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်များမှာပါတဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့်
ထိထိရောက်ရောက် ဖြစ်အောင်လုပ် ရမှာပါ။ နိုင်ငံကအခွန်နဲ့တည် ဆောက်တဲ့နိုင်ငံ ဖြစ်အောင်
လူတိုင်းကလည်းပေးချင်လာအောင် အခွန်ဝန်ထမ်းတွေကလည်း အခွန်ကောက်ခံ ရရှိမှုကို
အစိုးရဦးစီးဌာနတစ်ခုဆိုတာထက် ၀န်ဆောင်မှုပေးတဲ့ ဌာနတစ်ခုဖြစ်အောင် ကြိုးစားပြီး
ဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး