ဧပြီ ပထမပတ်အတွင်းက မြန်မာနိုင်ငံ၏ ပဲမျိုးစုံအဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ မှ
၀ယ်လိုအားတက်လာခြင်းကြောင့် ပြည်ပ တင်ပို့သည့် ပဲဈေးနှုန်းများ မြင့်တက်လာသော်လည်း
သင်္ကြန်ပွဲတော်ရက်နီးလာခြင်းကြောင့် အရောင်းအဝယ်အေးသွားကြောင်း ပြည်ပသို့ ပဲမျိုးစုံ
တင်ပို့သော လုပ်ငန်းရှင်များက ပြောသည်။
ပြီးခဲ့သည့်မတ်လ ဒုတိယပတ်အတွင်းက ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့် ပဲမျိုးစုံ ဈေးများ
အနည်းငယ် ကျဆင်းခဲ့သော်လည်း အိန္ဒိယနိုင်ငံက ၀ယ်လိုအားများလာခြင်းကြောင့် မတ်လ
၂၀ ရက်နောက်ပိုင်းမှစတင်ပြီး ရက်ပိုင်း အတွင်း ဈေးများ ပြန်လည်တက်သွားခြင်း ဖြစ်ကြောင်း
ပဲနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမြတ်စိုးက
ပြောသည်။
"မနှစ်ကလည်း အိန္ဒိယမှာမိုးများပြီး စိုက်ခင်း တွေပျက်စီးကုန်လို့ ပဲအထွက် ကျဆင်းပြီး ပြည်တွင်း
စားဖို့မလောက်တာကြောင့် မြန်မာ နိုင်ငံက ပဲမျိုးစုံကို အားစိုက်ဝယ်ကြတယ်။ ဒီနှစ်မှာလည်း
အဲလိုမျိုးဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြတယ်။ ဒါပေမဲ့ သူတို့ဒီနှစ်စိုးရိမ်တာ က မိုးများတာ
မဟုတ်ဘူး၊ မိုးနည်းမှာကို စိုးရိမ်တာပါ။ ဒါကြောင့် ဒီနှစ်မှာလည်း ဒီက ပဲတွေကို ကြိုဝယ်ထား
တဲ့သဘောနဲ့ ၀ယ်လာကြတယ်" ဟု ၎င်းကပြောသည်။
ဧပြီလ ၁ ရက်နေ့က ဈေးကွက်အတွင်း မတ်ပဲ Fair Average Quality (FAQ) တစ်တန်
ကျပ် ၆၅၅,၀၀၀ ရှိပြီး အဆိုပါဈေးမှာ မတ်လလယ်ပိုင်းက အနိမ့်ဆုံးဈေးဖြစ်သော
ကျပ် ၅၈၀,၀၀၀ မှ တက်လာခြင်းဖြစ်ပြီး ပဲတီစိမ်း တစ်တန်လျှင် ကျပ် ၉၅,၀၀၀ မှ ၁၂၀,၀၀၀
အထိဈေးတက်လာခဲ့သည်။
ပဲစင်းငုံဈေးမှာ လည်း တစ်တန် ကျပ် ၅၅၈,၀၀၀ မှ ၆၄၂,၀၀၀ အထိဈေးတက်လာကြောင်း
လုပ်ငန်းရှင်များက ပြောသည်။ "ဒီမှာက မတ်ပဲအထွက် နောက်ကျပြီး အထွက်လည်းနည်း
တယ်။ ပြီးတော့ အိန္ဒိယ ကလည်း မိုးတွင်းမှာ မိုးမကောင်းနိုင်ဘူး။ အထွက်နှုန်း မကောင်းနိုင်
ဘူးလို့ သူတို့ ယူဆပြီး ဒီကပဲကို ပိုဝယ်လာတဲ့အတွက် ၀ယ်လိုအားတက်ပြီး ဈေးလည်းတက်
လာတာပါ" ဟု ၎င်းက ပြောသည်။
ရေကြောင်းလိုင်းမှ ကုန်စည်များ တင်ပို့ရာ တွင် ယခုအချိန်သည် သစ်လုံးများတင်ပို့မှုများ
ခြင်းကြောင့် ပဲကုန်သည်များအတွက် သင်္ဘော တင်ရန် ခက်ခဲသည့်ကာလဖြစ်သော်လည်း
အိန္ဒိယဝယ်လက်များမှာမူ ကြိုတင်စုဆောင်း သည့်အနေဖြင့် ယခုအချိန်မှစတင်ခါ ပိုမိုဝယ်ယူမှု
များလာခြင်းကြောင့် ပဲဈေးကောင်း လာခြင်းဖြစ်ကာ နောက်ပိုင်းတွင်လည်း ဈေး ဆက်လက်
တက်လာနိုင်ကြောင်း ပြည်ပသို့ ပဲတင်ပို့သည့် လုပ်ငန်းရှင်များကပြောသည်။
"အခုရက်ပိုင်းကတော့ အရောင်းအဝယ်နည်းနည်းလေးအေးနေတယ်။ သင်္ကြန်တွင်း ဆိုတော့
သင်္ဘောတင်တာမရှိတော့ဘူးလေ။ အဲဒါကြောင့်ပါ။ ဈေးကတော့ကောင်းနေမှာပါ။ သင်္ကြန်ပြီးရင်
၀ယ်တဲ့သူတွေက ပုံမှန်ပြန်ဖြစ်သွားမှာပါ။ သင်္ဘောတင်လို့ မရတော့ လို့ အဝယ် မရှိတာပါ" ဟု
ပဲတင်ပို့သူ ဒေါက်တာ မြန်လင်းကပြောသည်။
ပဲကုန်သည် ဦးမင်းကိုဦးက "မနှစ်က ဒီအချိန် ဆိုရင် မတ်ပဲဈေးက တစ်တန်ကို ကျပ် ၄၇၀,၀၀၀
၀န်းကျင်ပဲရတာ။ ဒီနှစ် ၆၄၅,၀၀၀ လောက်ရတာဆိုတော့ တောင်သူတွေအတွက်အဆင်ပြေ
တယ်။ ဒီနှစ်က မတ်ပဲတစ်မျိုးတည်းဈေးကောင်းရတာမဟုတ်ဘဲ ပဲတီစိမ်းနဲ့ ပဲစင်းငုံ လည်း
ဈေးကောင်းရတော့တောင်သူတွေ တွက်ခြေကိုက်တာပေါ့"ဟု ပြောသည်။
မြန်မာနိုင်ငံတွင်း ပဲမျိုးစုံ အဓိကစိုက်ပျိုး သည့်ဒေသများမှာ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်ပြီး ပဲမျိုးစုံကို နိုဝင်ဘာလ မှ စတင်စိုက်ပျိုး ၍
ဖေဖော်ဝါရီလလယ်ခန့်တွင် ရိတ်သိမ်းကာ ဈေးကွက်သို့ တင်ပို့လေ့ရှိပြီး အဓိကတင်ပို့သည့်
နိုင်ငံများမှာ အိန္ဒိယ၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံအပါအဝင်
၄၃ နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ပဲကုန်သည်များက ပြောသည်။

















