အာဆီယံအသိုက်အဝန်းအတွက် အကောက်ခွန်ဥပဒေ ပြင်ဆင်ရန်၊လို

အာဆီယံအသိုက်အဝန်းအတွက် အကောက်ခွန်ဥပဒေ ပြင်ဆင်ရန်၊လို

အာဆီယံစီးပွားရေး အသိုက်အဝန်း အကောင် အထည်ဖော်မှုကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်
နိုင်ရန် ပင်လယ်ရေကြောင်းနှင့် ကုန်းတွင်းအကောက်ခွန်ဆိုင်ရာ ဥပဒေအချို့ကို ပြန်လည် ပြင်ဆင်
သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ဒုတိယ
၀န်ကြီး ဦးစန်းလွင်က ပြောသည်။

"အဲဒီဥပဒေတွေကို မပြင်ဘူးဆိုရင် အာဆီယံ စီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု
တွေကို လုပ်လို့မရဘူး။ မြန်မာနိုင်ငံက လက်ရှိအကောင်အထည်ဖော်မှု ၈၆ ရာခိုင်နှုန်း ပြီးနေပေမယ့်
၂၀၁၅ မှာ ၁၀၀ ရာခိုင်နှုန်း ပြီးပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ အာဆီယံဒေသတွင်း
လွတ်လပ်စွာကုန်သွယ် ခွင့် ၀န်ဆောင်မှုဆိုင်ရာ ကိစ္စတွေအတွက် ဒီဥပဒေတွေက မသင့်လျော်
တော့ဘူး" ဟု ဦးစန်းလွင်က ပြောသည်။

အဆိုပါ ဥပဒေများကို မြန်မာနိုင်ငံ၌ ၁၈၇၈ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဈေးကွက် စီးပွားရေး
စနစ်ဖော်ဆောင်မှု လွယ်ကူစေရန်အတွက် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံ သည့်ဥပဒေကို
၁၉၉၂ ခုနှစ်၊ မတ်လ ၁၂ ရက် တွင် ထပ်မံအတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေအရ သွင်းကုန်ပစ္စည်းအမျိုးအစား သတ်မှတ်ပြဋ္ဌာန်းမှုနှင့် အခွန်စည်းကြပ် ကောက်ခံမှု
ကို ထုတ်ပြန်ခဲ့သည်။ ထို့အတူ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အခွန်စည်းကြပ် ကောက်ခံမှုကို ၂
ရာခိုင်နှုန်းအထိလျှော့ချပေး ခဲ့သည်။ သို့သော် တင်သွင်းခွင့်ကန့်သတ်ထား သည့် သွင်းကုန်
ပစ္စည်းများ ကျန်ရှိနေသလို၊ အရက်၊ ဘီယာ၊ ကျောက်မျက်ရတနာကဲ့သို့ အရေးကြီး ကန့်သတ်
သွင်းကုန်စာရင်းများ ခွင့်ပြုရန်ကျန်ရှိနေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး
ဌာနက ထုတ်ပြန်သော ကြေညာချက်များတွင် ဖော်ပြ သည်။

"အကောက်ခွန်ဥပဒေအများစုက ဒီနေ့ခေတ် ကုန်သွယ်မှုဆိုင်ရာ ၀န်ဆောင်မှုအခြေအနေနဲ့ဆိုရင်
ခေတ်မမီတော့ဘူး။ ဒါတွေအတွက် ကျွန်တော်တို့ ပြန်လည် ပြင်ဆင်သုံးသပ်မှုနဲ့ ပြန်လည်အတည်
ပြုပြဋ္ဌာန်းတာတွေ လုပ် ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အဲဒါတွေမလုပ်ဆောင်နိုင်ဘူးဆိုရင်
လွတ်လပ်စွာ ကုန်သွယ်မှုအတွက် ကျွန်တော်တို့ ပါ၀င်ပူးပေါင်း ဆောင်ရွက်ဖို့ အလွယ်တကူ
ဖြစ်မလာနိုင်ပါ ဘူး" ဟု ဦးစန်းလွင်က ပြောသည်။

အဆိုပါဥပဒေများ ပြန်လည်ပြင်ဆင်သုံးသပ် နိုင်ရန် အကောက်ခွန်ဝန်ကြီးဌာန အပါအဝင်
သက်ဆိုင်ရာဝန်ကြီးဌာနများက လွန်ခဲ့သော ၁၅ နှစ်ခန့်ကပင် ဆောင်ရွက်ခဲ့သော်လည်း ယခုထိ
အပြီးသတ်နိုင်ခြင်း မရှိသေးပေ။ အဓိကအားဖြင့် ပင်လယ်ရေကြောင်းနှင့် ကုန်းတွင်းအကောက်ခွန်
ဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည့် ကန့်သတ်မှုများဥပဒေ ပုဒ်မ ၁၈ နှင့် ယင်းအားကျူးလွန်လျှင်
ပုဒ်မ ၁၆၇ ဖြင့် အရေးယူသည့်ပြဋ္ဌာန်းချက်များသည် ယနေ့ ခေတ်နှင့်မလျော်ညီတော့ကြောင်း
အကောက်ခွန် ဦးစီးအရာရှိဟောင်းဦးစိုးနိုင်က ပြောသည်။

"ကျွန်တော်သိသလောက် အစိုးရက ဒီဥပဒေကိုပြင်ဖို့လုပ်နေတာကြာပြီ။ တချို့ဖြေလျှော့မှု တွေ
လည်း အခုနောက်ပိုင်းအများကြီး လုပ်လာ တာတွေ့တယ်။ ဒါပေမဲ့ တချို့အပိုင်းတွေ ဘာလို့
မပြင်နိုင်သေးလဲတော့ မသိဘူး။ ဥပမာ အပြစ် ပေးတဲ့အပိုင်းဆို ဥပဒေအဟောင်းအရ ဒဏ်ငွေ
တစ်ထောင်ဆိုပြီး ပြဋ္ဌာန်းထားတာ မျိုးတွေရှိ တယ်။ အဲဒါတွေကတော့ အခုခေတ်နဲ့ ကြည့်မယ်
ဆိုရင် ရယ်စရာလိုဖြစ်နေတာပေါ့" ဟု ၎င်းက ပြောသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးသည် ၂၀၁၅ ခုနှစ်တွင် အပြီး
သတ်အကောင်အထည်ဖော်ရန်အခက်အခဲရှိနေပြီး ဖွံ့ဖြိုးမှုအားနည်း၍ အဖွဲ့ဝင်နိုင်ငံ များအကြား
စီးပွားရေးကွာဟချက်မြင့်မားစွာရှိ နေသည့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာ
စသည့်နိုင်ငံများအတွက် ပိုမိုခက်ခဲနိုင် ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်
က ပြောသည်။

"ဒီနိုင်ငံတွေအတွက်က ၂၀၁၅ ကို ပိုမိုနီးကပ်လာတာနဲ့အမျှ ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်" ဟု
မစ္စတာလီယောင်မင်က ပြောသည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး
ဌာန၊ နိုင်ငံခြားစီးပွားဆက်ဆံ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က
ပင်လယ်ရေကြောင်းနှင့် ကုန်းတွင်း အကောက်ခွန်ဆိုင်ရာ ဥပဒေများ ပြင်ဆင်မှုတွင် မြန်မာနိုင်ငံ
တစ်ခုတည်းကျန်ရှိ ခြင်းမဟုတ်ဘဲ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများလည်း
ကျန်ရှိနေခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် ၂၀၁၅ ခုနှစ်တွင် စီးပွားရေးအသိုက်
အဝန်း အကောင် အထည်ဖော်မှုအတွက် မပြီးစီးနိုင်ကြောင်း သုံးသပ်သည်။

နိုင်ငံခြားစီးပွားဆက်ဆံရေးဌာန ညွှန်ကြား ရေးမှူး ဒေါ်ငြိမ်းဇင်စိုးက မြန်မာနိုင်ငံသည် အာဆီယံ
စီးပွားရေးအသိုက်အဝန်း အကောင် အထည်ဖော်မှုအတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်
မတိုင်မီ လုပ်ငန်းစဉ်ပြီးစီးကြောင်း လက်မှတ်ရေးထိုးနိုင်မည် ဖြစ်သော်လည်း လက်တွေ့ အကောင်
အထည်ဖော်မှုတွင် ၁၅ ရာခိုင်နှုန်းခန့် ကျန်ရှိနိုင်ပြီး ၎င်းတို့မှာ ပို့ဆောင် ရေးဆိုင်ရာကဏ္ဍများဖြစ်
ကာ ဥပဒေပြင်ဆင်မှု နှင့် ပြဋ္ဌာန်းခြင်းဆိုင်ရာကိစ္စများဖြစ်ကြောင်း ပြောသည်။

"ဖြေလျော့မှုအပိုင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။
ဆောင်ရွက်မှုတွေပြီးစီးရင် ၀န်ကြီး များအဆင့် အစည်းအဝေးကို အစီရင်ခံစာတင်သွင်းသွားမှာပါ"
ဟု ဒေါ်ငြိမ်းဇင်စိုးက ပြောသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းအကောင် အထည်ဖော်မှုကို ၂၀၁၅ ခုနှစ်တွင် အာဆီယံအဖွဲ့
၀င်နိုင်ငံအားလုံးပြီးစီးရမည်ဟု သတ်မှတ် ထားခြင်းကြောင့် မြန်မာနိုင်ငံသည် ဥပဒေ ပြင်ဆင်
ပြဋ္ဌာန်းမှုမှအစ ကျန်ကိစ္စရပ်များ အားလုံးကို ၂၀၁၅ တွင် ပြီးစီးရန် ဆောင်ရွက် သွားရမည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး