နိုင်ငံပိုင်စီးပွားရေးများအပါအဝင် အမျိုးမျိုးသောလုပ်ငန်း အများအပြားကို လက်ရှိအစိုးရ
မတက်မီကာလကပင် ပုဂ္ဂလိကအား လုပ်ကိုင်ခွင့် လွှဲပြောင်းပေးလျက်ရှိ သော်လည်း ၎င်းကိစ္စ
နှင့်စပ်ဆိုင်သည့် ဥပဒေမရှိသေးရာ ရေရှည်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာရှုပ်ထွေးမှု
များ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဥပေဒ (Privatization Law) အား
အမြန်ဆုံးပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးမြင့်က
ပြောသည်။
"Privatization နဲ့ပတ်သက်ပြီး Regualatory Control (စည်းမျဉ်းနှင့် ထိန်းချုပ်မှု) ကတော့
ရှိကိုရှိဖို့လိုတယ်။ လူကိုထိန်းလို့မရဘူး။ စနစ်နဲ့ ထိန်းမှရမယ်။ တိုင်းသူပြည်သားတွေ ရသင့်
ရထိုက်တာကို အကာအကွယ်ပေးဖို့လိုတယ်။ တစ်ဖက်မှာကလည်း ပြည်တွင်း ပြည်ပ စီးပွားရေး
လုပ်ငန်းတွေကို ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ရစေဖို့လိုတယ်။ ဘက်မျှဖို့လိုတယ်။ မဟုတ်ရင်
လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပူပန်ကြောင့်ကြမှုတွေ ပေါ်ပေါက်လာ
လိမ့်မယ်" ဟု ဦးမြင့်က ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂကသို့ လုပ်ကိုင်ခွင့် ပြုခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများအား လေလံတင်ရောင်းချခြင်း၊ ဆောက်လုပ်ရေး
လုပ်ငန်းများခွင့်ပြုခြင်း၊ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာလိုင်စင်များပေးခြင်း၊ တည်ဆောက်၊ ပြုပြင်၊
လွှဲပြောင်း (B.O.T) စနစ်ဖြင့်လုပ်ကိုင်ခွင့် ပေးခြင်း အစရှိသော ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း ပုံစံအမျိုး
မျိုးကို ခွင့်ပြုပေးလျက်ရှိသော်လည်း ၎င်းတို့နှင့်စပ်လျဉ်း၍ တိကျသောထင်သာမြင့်သာဖြစ်သည့်
သတင်းအချက် အလက်များရှိမနေကြောင်းနှင့် ထိုသို့ဖြစ်နေခြင်းကြောင့် ရေရှည်တွင် ရှုပ်ထွေးမှု
များပေါ်ပေါက်လာနိုင်ကြောင်း ဦးမြင့်ကပြောသည်။
"မြန်မာပြည်မှာ ဒီကိစ္စနဲ့ပတ်သက်ရင် မယုံ မကြည်ဖြစ်နေတာက ပွင့်လင်းမြင်သာမှုမရှိလို့ပဲ။
ပုဂ္ဂလိကပိုင်ပြုလုပ်လို့ တိုင်းပြည်တော့ မွဲတော့မှာပဲ၊ အားလုံး ခရိုနီတွေလက်ထဲ ရောက်ကုန်တော့
မှာပဲဆိုပြီး ပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေကြတာမျိုးကလည်း စိုးရိမ်စရာ ပါပဲ။ ကျွန်တော်တို့လို
စီးပွားရေးအကြံပေး တွေလည်း ဒါနဲ့ပတ်သက်ပြီးလေ့လာကြည့်တာ ဘယ်သူကလုပ်တယ်၊
ဘာကြောင့်လုပ်တယ်၊ ဘာတွေဖြစ်လာတယ်ဆိုတဲ့ သတင်းအချက် အလက်တွေ၊ ကိန်းဂဏန်း
တွေကို ဘာမှမသိ ရဘူး"ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဆိုင်ရာ အကြံပြုစာတမ်းတစ်စောင်ကို သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း
စုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ထံသို့ ပေးပို့ထားပြီ ဖြစ်ကြောင်း ဦးမြင့်
ကပြောသည်။ "ဥပဒေမရှိတော့ လက်ရှိအနေအထားက လုပ်ချင်ရာ လျှောက်လုပ်နေတဲ့သဘော
ဖြစ်နေ တယ်။ အဆက်အစပ်မရှိဘူး ဖြစ်နေတယ်။ ကျွန်တော့်ကတော့ အကြံပေးဆိုတဲ့အတိုင်း
အကြံပြုတဲ့သဘောပါ။ လုပ်တာမလုပ်ကတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး။ နိုင်ငံတော်တော်
များများမှာကတော့ ပုဂ္ဂလိကပိုင်ပြုလုပ် နဲ့ ပတ်သက်ပြီး မှားခဲ့တဲ့သာဓကတွေအများ ကြီးရှိတာ
ကြောင့် ကိုယ့်နိုင်ငံမှာ ဒါမျိုးမဖြစ် ရအောင် အကြံပြုရဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်၌ ပုဂ္ဂလိက ပိုင် ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေကဲ့သို့ အာဏာတည်
သော အမိန့်ကြော်ငြာစာတစ်ရပ် ထုတ်ပြန်ပြီး ယခင်အစိုးရလက်ထက် ၀န်ကြီးချုပ် ဟောင်း
ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဆောင်ရွက် ခဲ့မှုများရှိခဲ့ကြောင်း
ကုန်သွယ်ရေးဝန်ကြီး ဌာန အငြိမ်းစားအရာရှိဖြစ်သူ စီးပွားရေး ပညာရှင်ဦးလှမောင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"အခုအထိတော့ အဲဒီအမိန့်ကြော်ငြာစာကို ဖျက်သိမ်းတာ အသစ်ထုတ်ပြန်တာ မတွေ့ရ သေးဘူး။
ဒါပေမဲ့ တောက်လျှောက်လုပ်ခဲ့တယ်ဆိုတဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းတွေက လက်ဝါးချင်းရိုက်ထား
တာတွေပဲလို့ မြင်တယ်။ တင်ဒါခေါ်တာတွေ၊ လေလံပစ်တာတွေ လုပ်ပေမယ့်လည်း နောက်ဆုံး
ကျတော့ သူတို့ ပေးချင်တဲ့သူကိုပဲ ပေးလိုက်ကြတာပဲလေ"ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြုလုပ် နေသော ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း အမျိုးအစား တစ်ရပ်ဖြစ်
သည့် ဌာနဆိုင်ရာများ၏ တင်ဒါ ခေါ်ယူခြင်း လုပ်ငန်းစဉ်များသည် ယခင် ကထက်သိသာစွာပွင့်
လင်းမြင်သာမှုရှိလာပြီ ဖြစ်သော်လည်း လက်တွေ့ပိုင်းတွင်မူ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း
အဆိုပါတင်ဒါပွဲများသို့ အကြိမ်များစွာ ၀င်ရောက်ယှဉ်ပြိုင်ဖူးသူဖြစ်သည့် ၀ါးခယ်မရောင်းဝယ်ရေး
ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာစိုးထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အရင်ကထက်စာရင်တော့ အပြင်ပန်းက ကြည့်ရင် ပွင့်လင်းမြင်သာမှု ရှိလာတယ်လို့ ပြောလို့
ရပေမဲ့ တကယ့်လက်တွေ့မှာတော့ ပေးချင်တဲ့သူပဲရအောင် တင်ဒါခေါ်မယ့် သတင်း ကြိုပေါက်
နေတာတွေမျိုးတွေ ကြံုနေရသေး တယ်။ စည်းမျဉ်းတွေဆိုတာကလည်း ပေးချင်တဲ့ သူပဲရအောင်
ပေးချင်တဲ့လူနဲ့ပဲ ကိုက်ညီတဲ့စည်းမျဉ်းတွေကို ထုတ်လိုက်တဲ့ ဟာမျိုးတွေ၊ တင်ဒါအတွက် ပြင်ဆင်
ရမယ့်အချိန်ကို မလုံ မလောက်အနေအထားပဲ ပေးတာမျိုးတွေကတော့ ရှိနေဆဲပါပဲ။ ဒီနေရာမှာ
ပြောချင်တာ ကတော့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လောက်ပဲထုတ်ထုတ် အဲဒါတွေ
ကိုအသုံးချတဲ့လူတွေက လက်တစ်လုံးခြားလုပ်နေ သရွေ့၊ မရိုးမသားလုပ်နေသရွေ့တော့ မလွယ်
သေးပါဘူး"ဟု ပြောသည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနှင့်စပ်လျဉ်းကာ ဥပဒေထုတ်ရန် အလျင်အမြန် လိုနေသော် လည်း မြန်မာ့
လွှတ်တော်များသည် ဥပဒေ ပြဌာန်းမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ တွင် နှောင့်နှေးကြန့်ကြာ
မှုများရှိနေတတ်ခြင်း ကြောင့် ဥပဒေမထွက်ပေါ်မီ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ပြဋ္ဌာန်း
ခြင်းဖြင့် လည်း ဆောင်ရွက်နိုင်ကြောင်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်သူဖြစ်သည့်
ဦးလှမောင်က ပြောသည်။
"မြန်မာနိုင်ငံမှာက ဥပဒေတစ်ခုထွက်ဖို့ ဆိုတာ တော်တော့ကိုကြာတဲ့ကိစ္စဖြစ်နေတယ်။ ဒီတော့
အရင်ကလည်း လုပ်ထားခဲ့ဖူးတဲ့ပုံစံ မျိုးဖြစ်တဲ့ ဥပဒေကဲ့သို့အာဏာတည်သော ဆိုတဲ့ အမိန့်ထုတ်
တာမျိုးပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက ပိုင်ပြုလုပ်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး အရေး ပါတဲ့ကော်မတီတစ်ရပ်ကို
ထပ်ဖွဲ့ပြီးတော့ အဲဒီ အဖွဲ့က တာဝန်ယူလုပ်တာမျိုးပဲဖြစ်ဖြစ် အဲဒီလို ကိစ္စမျိုးတွေလည်း လုပ်ဖို့
ကောင်းတယ်။ အခုကတော့ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို သက်ဆိုင်ရာဌာနကပဲ သူ့သဘောနဲ့သူ
စိတ် တိုင်းကျလုပ်နေတဲ့ပုံစံမျိုး ဖြစ်နေတယ်"ဟု ပြောသည်။
















