ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် မြို့တော်စည်ပင်သာယာရေးကော်မတီ က
တရားဝင်ခွင့်ပြုပေးထားသည့် နှစ် ၆၀ သက်တမ်းရှိ ဂရန်မြေများတွင် ကန်ထရိုက်တိုက် များ
ဆောက်လုပ်ကြရာမှ နောက်ပိုင်းတွင် ဂရန် မရှိဘဲ အရပ်စာချုပ်ဖြင့် ချုပ်ဆိုထားသောမြေများ
ပေါ်တွင် ကန်ထရိုက်တိုက်များ ဆောက် လုပ်မှု ပိုမိုများပြားလာကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။
"မြို့နယ်တော်တော်များများမှာ ကန်ထရိုက် တိုက်တွေကို တွင်တွင်ကျယ်ကျယ်ဆောက်လာ
ကြတယ်။ မြို့နယ်အများစုမှာ ကန်ထရိုက်တိုက် မဆောက်တဲ့ လမ်းဆိုတာ မရှိသလောက်ပဲ။
အရင်က နှစ်ခြောက်ဆယ်ဂရန်ရှိတဲ့ နေရာတွေ မှာပဲကန်ထရိုက်တိုက်တွေ ဆောက်ပေမယ့်
အခု အရပ်စာချုပ်ပဲရှိတဲ့ နေရာတွေကိုလည်း ကန်ထရိုက်တိုက်တွေ အဆောက်များလာကြ
တယ်" ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်သူ မလတ်ကပြောသည်။
ယခင်က အရပ်စာချုပ်နှင့်ဆောက်လုပ်သော တိုက်ခန်းများကို မဝယ်ရဲကြသော်လည်း ယခုချိန်
တွင် တည်နေရာ အနေအထား၊ နေရာ အချက်အချာကျမှုနှင့် အဆောက်အအုံကို ကြိုက်နှစ်
သက်ပါက ၀ယ်ယူကြကြောင်း စိုင်းခွန် နောင် အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျာ ဦးရွှေမောင်
က ပြောသည်။
"အရပ်စာချုပ်နဲ့ ကန်ထရိုက်တိုက်ဆောက်မယ်ဆို မြေကွက်ပိုင်ရှင်ရဲ့ လက်မှတ်ယူပြီး သတင်းစာ
ထဲမှာ ပိုင်ဆိုင်မှု ကြေညာတယ်။ ခုနစ်ရက်အတွင်း ကန့်ကွက်မယ့်သူမရှိရင် ပိုင်ဆိုင်မှု အထောက်
အထား ခိုင်မာတယ်လို့ ယူဆပြီး ကန်ထရိုက်တိုက်ဆောက်နိုင်ပါတယ်။ တည်နေရာ၊ အချက်
အချာကျရင် အရပ်စာချုပ် ကို ခိုင်မာအောင်ပြုလုပ်ပြီး နာမည်ကြီး ကန်ထရိုက်တွေလည်း
အရပ်စာချုပ်နဲ့ ကန်ထရိုက် တိုက်တွေ ဆောက်လာကြပါတယ်"ဟု ဦးရွှေမောင်ကပြောသည်။
နှစ်ခြောက်ဆယ် ဂရန်ရှိသည့် မြေတွင် ဆောက်လုပ်သောတိုက်ခန်းများနှင့် အရပ် စာချုပ်မြေ
တွင်ဆောက်သော တိုက်ခန်းများမှာ ဈေးနှုန်းသိသာစွာ မကွာခြားပဲ သိန်း ဆယ်ဂဏန်းဝန်းကျင်
ခန့်သာ ကွာခြားကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြော
သည်။
"သင်္ဃန်းကျွန်းမြို့နယ်နဲ့ တာမွေမြို့နယ်တွေ မှာ အရပ်စာချုပ်နဲ့ ဆောက်တဲ့အိမ်အများစု ရှိတယ်။
သင်္ဃန်းကျွန်းမြို့နယ်ဆို တစ်မြို့လုံး နီးပါးလောက်က အရပ်စာချုပ်နဲ့ ဆောက်တဲ့ အိမ်တွေပဲ။
ဂရန်နဲ့ ဆောက်တဲ့အိမ်နဲ့ အရပ် စာချုပ်နဲ့ဆောက်တဲ့အိမ်ဆိုပြီး ဈေးသိသိသာသာကွာတာမျိုးမရှိ
ဘူး။ သူ့မြို့နယ်ရဲ့ပေါက်ဈေး အတိုင်းနီးပါးဈေးရတယ်" ဟု အိမ်ခြံမြေအကျိုး ဆောင် မလတ်က
ပြောသည်။
သို့သော် အရပ်စာချုပ်နှင့်ဆောက်သော တိုက်ခန်းများမှာ သုံးထပ်ခန့်သာ ဆောက်လုပ် ခွင့်ပေး
ထားပြီး ဂရန်နှင့်ဆောက်သော တိုက် များမှာ လမ်းအကျယ်နှင့် မြို့နယ်ပေါ်မူတည်ပြီး အထပ်မြင့်
တည်ဆောက်မှုများကို ရန်ကုန် မြို့တော်စည်ပင်သာယာက ခွင့်ပြုထားသည်။
"အရပ်စာချုပ်နဲ့ ဆောက်တဲ့အိမ်တွေကလည်း စည်ပင်ကခွင့်ပြုချက်ယူပြီး ဆောက်ရတာတွေပဲ။
တည်ဆောက်နေချိန်မှာ စည်ပင်သာယာက တစ်ခါတလေ အဆောက်အအုံ အရည် အသွေး
လာစစ်တယ်။ အရပ်စာချုပ်နဲ့ဆောက် ရင် အောက်ဆုံးမြေညီထပ်က အမြင့် ၁၂ ပေ၊ အပေါ်နှစ်
ထပ်က အမြင့်ကိုးပေစီပဲ ဆောက်ခွင့် ရှိတယ်။ အဆောက်အအုံဆောက်ပြီးသွားရင် ခွင့်ပြုချက်နဲ့
အညီ ဆောက်သလား မဆောက်ဘူးလားကိုတော့ စည်ပင်ကလာစစ်ဆေးပေး တယ်" ဟု
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောက် လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော ဆောက် လုပ်ရေးကုမ္ပဏီ
တစ်ခုမှ တာဝန်ခံဖြစ်သူက ပြောသည်။
ယခင်က အရပ်စာချုပ်နှင့်ဆောက်သော တိုက်များကို သုံးထပ်ခွဲထိဆောက်လုပ်ခွင့်ပြု ခဲ့ပြီး ၂၀၁၄
ခုနှစ်မှ စတင်ခါ သုံးထပ်အထိသာ တည်ဆောက်ခွင့်ပြုကြောင်း ပြောင်းလဲ သတ်မှတ်ခဲ့သည်။
"အရပ်စာချုပ်နဲ့ ဆောက်တဲ့တိုက်ခန်းနဲ့ ဂရန်နဲ့ဆောက်တဲ့ တိုက်ခန်းတွေက သိန်း ဆယ်ဂဏန်း
ကျော်လောက်ပဲ ဈေးကွာပေမယ့် ၀ယ်ပြီးနေမယ့်သူ တော်တော်များများက အရင်က အရပ်
စာချုပ်တိုက်ခန်းတွေကို မဝယ်ရဲကြဘူး။ ဂရန်ရှိတဲ့ တိုက်ခန်းတွေ လောက် ခိုင်မာမှု မရှိဘူးလို့
မြင်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဒီအရပ် စာချုပ်တိုက်ခန်း တွေကို ၀ယ်လာကြပါတယ်"ဟု
သင်္ဃန်းကျွန်း မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်သူ ကိုမင်းဆွေက ပြောသည်။
အရပ်စာချုပ်နှင့် ဆောက်လုပ်သောတိုက်ခန်းများကို ၀ယ်ယူနေထိုင်မည့်သူများသည် အဆောက်
အအုံ အရည်အသွေးအနေနှင့် ဆောက်လုပ်သော ကန်ထရိုက် အမည်ကို အလေးထားကြပြီး
အရည်အသွေးကောင်းမွန် သည်ဟုနာမည်ကြီးသောဆောက်လုပ်ရေးများ က ဆောက်လုပ်သော
တိုက်များကို ပိုမိုနှစ်သက် ကြကြောင်း ကိုမင်းဆွေကပြောသည်။
















