ဒဂုံမြို့သစ်၊(အရှေ့ပိုင်း)၊မြေကွက်များ ၀ယ်ရောင်းလုပ်သူ ပိုများလာ

ဒဂုံမြို့သစ်၊(အရှေ့ပိုင်း)၊မြေကွက်များ ၀ယ်ရောင်းလုပ်သူ ပိုများလာ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အိမ်ခြံမြေ ဈေးများ ပြီးခဲ့သည့်ခြောက်လအတွင်း ထက်ဝက်
နီးပါး ဈေးတက်လာပြီး ၀ယ်ရောင်းလုပ်သူများ ပိုမိုများလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များ
က ပြောသည်။

အဆိုပါမြို့နယ်ရှိ လမ်းမတန်းနှင့်ဆက်သွယ် ထားသည့် လမ်းသွယ်နေရာများတွင် မြေဈေး မှာ
ပေ ၄၀x၆၀ တစ်ကွက်လျှင် လွန်ခဲ့သည့် ခြောက်လခန့်က သိန်း ၃၀၀ နှင့် ၄၀၀ ၀န်းကျင် ရှိခဲ့ရာမှ
ယခုအခါ သိန်း ၈၀၀ နှင့် ၁,၀၀၀ ၀န်းကျင်ဖြစ်သွားပြီး ရပ်ကွက်အတွင်းပိုင်းရှိမြေကွက်ဈေးမှာ
အနည်းဆုံး သိန်း ၁၀၀ မှ ၅၀၀ ၀န်းကျင်ရှိသည်ဟု ရွှေကံမြေ အိမ်ခြံမြေမှ ဦးခင်မောင်အေးက
ပြောသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) သည် စက်မှုဇုန်များ၊ စီမံကိန်းများရှိသည့် နေရာဖြစ်သည့်အတွက်
အိမ်ခြံမြေဈေးမှာ အတက်ဘက်သို့သာ ဦးတည် နေပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ၀ယ် ရောင်း
လုပ်သူများမှာ ပိုမိုဝယ်ယူကြောင်း ၎င်းကပြောသည်။ "ဒဂုံအရှေ့ပိုင်းတင်မဟုတ်ဘူး၊ အိမ်ရာတွေ၊
စီမံကိန်းတွေရှိတဲ့နေရာတွေအကုန် ဈေးတက် တယ်။ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်နဲ့ ဒဂုံမြောက်ပိုင်း
မှာရှိတဲ့မြေဈေးတွေလည်း တက်နေတယ်။ ခြောက်လလောက်အတွင်းမှာကို ဈေးကသိသိသာသာ
တက်သွားတာ။ အရောင်းအဝယ်ကတော့ သင်္ကြန်ပိတ်ရက်နဲ့ဆုံသွားတော့ အေးနေတယ်။ဧပြီလ
ကုန် မေလလောက်ဆိုရင် အရောင်းအဝယ်ကောင်းလာလိမ့်မယ်"ဟု ၀င်းရွှေဝါ အိမ်ခြံမြေအကျိုး
ဆောင်မှ ဒေါ်မို့မို့က ပြောသည်။

အိမ်ခြံမြေ အခွန်နှုန်းထားများ လျှော့ပေးမည်ဟု သတင်းစာများတွင် ဖော်ပြနေသည့်အတွက်
မြေဝယ်ယူသူများ ပိုမိုများပြားလာပြီး နောက်ပိုင်းတွင်လည်း အရောင်းအဝယ် ပိုမိုသွက်လက်
လာမည်ဟု ၎င်းကပြောသည်။ စိုင်းခွန်နောင် အိမ်ခြံမြေမှ ဦးရန်အောင်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)
ရှိမြေကွက်အများစုမှာ ပါမစ်မြေကွက်များဖြစ်သဖြင့် အခွန်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ၀ယ်
ရောင်းများ အများ ဆုံး ၀ယ်ယူကြကြောင်း ပြောသည်။

"ဧပြီလကတော့ အရောင်းအဝယ်အေးတယ်။ အရောင်းအဝယ်ကတော့ မေလလောက်မှစပြီး
ပြန်ကောင်းတာ။ သင်္ကြန်တွင်းမှာ အများစုက မဏ္ဍပ်ဘက်ကို အာရုံရောက်နေတော့ အိမ်ခြံမြေ
ဘက်မှာ အရောင်းအဝယ်အေးသွားတာ" ဟု တောင်ဥက္ကလာမှ အိမ်ပွဲစားတစ်ဦးက ပြောသည်။

အဆိုပါမြေနေရာများမှာ ဈေးအတက်ဘက် သို့သာ ဦးတည်နေသည့်အတွက် နေထိုင်သူ အများ
စုမှာ မြေနေရာများကို ရောင်းချခြင်းမပြုကြဘဲ ၀ယ်ရောင်းလုပ်သည့်ဈေးကွက်သာရှိနေကြောင်း
ရပ်ကွက်နေသူများကပြောသည်။ "ဒီမှာနေတဲ့သူတွေကတော့ ပြန်ရောင်းချ တာက ရှားတယ်။
ဈေးက တဖြည်းဖြည်း တက်လာနေတာဆိုတော့ မရောင်းကြဘူး။ ကျွန်မ တို့ လွန်ခဲ့တဲ့သုံးနှစ်
လောက်က ၀ယ်ထားတာ ပေ ၄၀x၆၀ ကို သုံးသိန်းပေးရတယ်။ အခုဆိုရင် သိန်းလေးရာနဲ့လာ
၀ယ်ကြတယ်"ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၁၄ ရပ်ကွက်နေထိုင်သူ ဒေါ်သူဇာ က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်