ရန်ကုန်မြို့တွင်း နိုင်ငံခြားသားများ နေထိုင်ရန် အတွက် လုံးချင်းအိမ်နှင့် ကွန်ဒိုတိုက်ခန်းများ
ငှားရမ်းမှု သိသာစွာလျော့နည်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
နိုင်ငံခြားသား အိမ်ငှားရမ်းမှုများမှာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ လျော့နည်းလာခြင်းဖြစ်ပြီး
ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် သိသာစွာ လျော့နည်းသွားပြီ ဖြစ်ကြောင်း Estate Myanmar
အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်း တာဝန်ရှိသူတစ်ဦးကပြောသည်။
"၂၀၁၃ နှစ်ကုန်ပိုင်းကစပြီး နည်းလာတာ။ နိုင်ငံခြားသားအငှားတွေ ကျတာပေါ့။ ၂၀၁၂ နဲ့
ယှဉ်ရင် ငှားရမ်းခများတဲ့နေရာတွေ အပါ အဝင် နေရာတော်တော်များများမှာ အငှားကျ လာ
တယ်" ဟု ဦးဟိန်းမိုးမြင့်လွင်က မြန်မာ တိုင်း(မ်) ကို ပြောသည်။
တိုင်းပြည်ဖွံ့ဖြိုးစအချိန်က ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများကြောင့် စီးပွားရေး
အခြေချရန် လာရောက်ကြသည့် နိုင်ငံခြားသားများ ပြန်လည်ထွက်ခွာသွားကြသည့်အပြင်
ကျန်ရှိနေသေးသော နိုင်ငံခြား သားများကလည်း ဈေးနှုန်းမြင့်မားသည့် တိုက်ခန်း၊ သို့မဟုတ်
လုံးချင်းအိမ်များကို မငှား လိုတော့ကြောင်း သိရသည်။
"လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က မြန်မာနိုင်ငံက ဒီမိုကရေစီလည်းရပြီး စဖွံ့ဖြိုးတဲ့
အချိန်ဆိုတော့ နိုင်ငံခြားသားတွေ ၀င်တာများ တယ်။ တချို့က ကုမ္ပဏီအခြေစိုက်ဖို့လာကြ
တယ်။ စီးပွားရေးလုပ်ဖို့ ကျွန်တော်တို့ ငှားပေးလိုက်တဲ့လူတွေက အဆင်မပြေလို့ဆိုပြီး ပြန်သွား
ကြတယ်။ ရှိနေသေးတဲ့ လူတွေက လည်း ငှားခအရမ်းများတဲ့ဟာမျိုးကို ရှောင်လာကြတယ်။
လုံးချင်းသမားကလည်း ကွန်ဒိုပြောင်း ကြတယ်" ဟု ၎င်းကပြောသည်။
"အရင်က ဒေါ်လာ ၅,၀၀၀ နဲ့အထက် လုံးချင်းအိမ်တွေကိုတောင် ငှားရမ်းတာမျိုးရှိခဲ့ ပေမယ့်
အခုဆိုရင် အဲဒီလောက်ဈေးကို ရှောင်လာကြတယ်။ လုပ်ငန်းတွေအတွက် အများကြီး သုံးကောင်း
သုံးနိုင်ပေမယ့် လူနေဖို့ အတွက်ကိုတော့ အဲဒီလောက်သုံးတာ ရှားပါ တယ်။ အနည်းဆုံး
ကျပ် ၁၀ သိန်း၊ ၁၅ သိန်းဝန်းကျင် တိုက်ခန်းတွေကို ပိုရှာလာကြတယ်" ဟု ဦးဟိန်းမိုးမြင့်လွင်က
ပြောသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ များစွာဝင်ရောက်လျက် ရှိသော်လည်း
အခြေချနေထိုင်ရန်အတွက် ငှားရမ်းမှုများမှာမူ ယခင်နှုန်းထားနှင့် နှိုင်းယှဉ်လျှင် နည်းပါးလျက်
ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က နိုင်ငံခြားသားများ နေထိုင်
ရန်နှင့် ရုံးခန်းအသေးစားများ ဖွင့်လှစ် လုပ်ကိုင်ရန်အတွက် ကွန်ဒိုတိုက်ခန်းနှင့် သပ်ရပ်ကျယ်
၀န်းသော တိုက်ခန်းများ၊ လုံးချင်း အိမ်များ ငှားရမ်းမှုနှုန်း မြင့်တက်ခဲ့ပြီး အိမ်ရှင်များမှ နိုင်ငံခြား
သား ငှားရမ်းရန် ရည်ရွယ်၍ သေချာပြင်ဆင်ပြုပြင်မှုများပါ ရှိ ခဲ့ရာ ယခုအချိန်တွင် အိမ်ရာငှား
ရမ်းလိုသူ များအတွက် ရွေးချယ်စရာ ပေါများခြင်းသည် လည်း အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း
၎င်းတို့က ပြောသည်။
မရမ်းကုန်းမြို့နယ်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီက တာဝန်ရှိသူတစ်ဦး ကလည်း
နိုင်ငံခြားသား အိမ်ခြံမြေငှားရမ်းမှု များ လျော့နည်းသွားကြောင်း ပြောသည်။
"နိုင်ငံခြားသားအဝင်နည်းသွားပြီ။ အရင်နှစ် တွေနဲ့ ယှဉ်လိုက်ရင် ၂၀၁၄ မှာ အိမ်ငှားချင်တဲ့
နိုင်ငံခြားသားတွေ နည်းသွားပါတယ်။ တချို့ဆို အခန်းပြန်အပ်ပြီး ပြန်သွားတဲ့လူတွေတောင်
ရှိတယ်" ဟု ၎င်းကပြောသည်။
စီးပွားရေး လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် လာရောက်အခြေချသူများမှာ ၎င်းတို့လုပ်ကိုင် လိုသော
လုပ်ငန်းနှင့် မကိုက်ညီသောကြောင့် လည်းကောင်း၊ အလုပ်သမားခေါ်ယူရာတွင် အခက်အခဲ
များကြောင့်လည်းကောင်း၊ အချို့မှာ မြေဈေးကြီးမြင့်မှုကြောင့် လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲခြင်း
ကြောင့်လည်းကောင်း ပြန်လည် ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း အကျိုး ဆောင်များက
ပြောသည်။















