ဖဆပလတိုက်ခန်း အငှား နှင့် အရောင်းဈေးများ သုံးဆကျော် တက်လာ

ဖဆပလတိုက်ခန်း အငှား နှင့် အရောင်းဈေးများ သုံးဆကျော် တက်လာ

အထပ်မြင့် ကွန်ဒိုများဆောက်လုပ်ရန်ဟုဆိုကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကစတင်၍
မြေတိုင်းတာမှုနှင့် မြေသားစမ်းသပ်မှု များပြုလုပ်ခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း
စံပြဖဆပလရပ်ကွက်ရှိ လူနေတိုက်ခန်းများ၏ အရောင်းနှင့် အငှားဈေးများမှာ သုံးဆမှ လေးဆ
အထိ တက်လာကြောင်း အဆိုပါ ရပ်ကွက် အတွင်းနေထိုင်သူများက ပြောသည်။

"အရင်က မြေညီထပ်ကို အလွန်ဆုံး သိန်း ၂၅၀ ကနေ အခု သိန်းတစ်ထောင်ကျော် ဖြစ်ကုန်ပြီ။
အငှားဆိုလည်း မြေညီထပ်ကို တစ်သိန်းလောက်ကနေ သုံးသိန်းကျော် လောက်အထိ တက်သွား
တယ်" ဟု ရပ်ကွက် အတွင်းနေထိုင်သူတစ်ဦးကပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန
အောက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက အဆိုပါ
နေရာတွင် ဆောက်လုပ်သွားမည့် စီမံကိန်းမှာ အိမ်ရာစခန်းများဖြစ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု
အများဆုံးပါ၀င်ကာ တင်ဒါစနစ်ဖြင့် ခေါ်ယူဆောက်လုပ်မည့် စီမံကိန်းမျိုးဖြစ် ကြောင်း
မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းအပြင် ဌာနသို့ မြေစမ်းမြေတိုင်းပြုလုပ် ရန် လာရောက်ခွင့်တောင်းသည့် နိုင်ငံခြား ကုမ္ပဏီ
များရှိပြီး အဆိုပါကုမ္ပဏီများက ဒီဇိုင်း များပြင်ဆင်ကာ တင်ဒါ၀င်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း
၎င်းကပြောသည်။

"ဒီအိမ်ရာစခန်းတွေက မြေဧရိယာလည်း တော်တော်ကျယ်တဲ့အတွက် စီမံကိန်းကြီးတွေဖြစ်တယ်။
ဒါကို တင်ဒါစနစ်နဲ့ပဲဆောင်ရွက်သွားမှာပါ။ စိတ်ဝင်စားတဲ့ နိုင်ငံခြားကုမ္ပဏီတွေက ဒီမှာလာခွင့်
တောင်းလို့ မြေစမ်းခွင့်ပြုခဲ့တာ လေးငါးခုရှိပါတယ်။ ဘယ်အချိန်ဆောက် မယ်ဆိုတာတော့
အတိအကျမပြောနိုင်သေးပါဘူး။ ဒီ စံပြ ဖဆပလအိမ်ရာစခန်းအပြင် သုဝဏ္ဏနဲ့ ရန်ကင်းမှာလည်း
အိမ်ရာစခန်းတွေဆောက်လုပ်မယ့် အစီအစဉ်တွေရှိပါတယ်" ဟု ၎င်းကပြောသည်။

အိမ်ရာအုပ်ချုပ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက လွန်ခဲ့သောနှစ်လခန့်က အိမ်အမည်
ပေါက်စာရင်းများကို ကောက်ခံခဲ့ကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏ဌာနခွဲသို့ ယခု
အချိန်အထိ အသိပေးညွှန်ကြားချက်မရောက်ရှိသေးကြောင်း ပြောသည်။

"အထက်က အိမ်အမည်ပေါက်စာရင်းတွေ ကောက်ထားပါဆိုလို့ ရပ်ကွက်ထဲမှာရှိတဲ့ အိုးအိမ်ရုံးမှာ
အမည်စာရင်းလာပေးခိုင်းထားတာပဲ ရှိပါသေးတယ်။ ဒါလည်း လာပေးတဲ့ သူကပေး၊ မပေးတဲ့သူ
ကမပေးဘူး။ အိမ်ရာ စခန်းနဲ့ပတ်သက်လို့တော့ ဒီဌာနခွဲကို ဘာမှ အသိပေးတာမျိုးမရှိသေးပါဘူး"
ဟု ၎င်းက ပြောသည်။

စံပြ ဖဆပလရပ်ကွက်အတွင်း လွန်ခဲ့သည့်နှစ် ၅၀ ကျော်က ဆောက်လုပ်ခဲ့သည့် တိုက်အဝါ
၁၂ တိုက်ရှိပြီး မူလက အဆိုပါတိုက်ခန်းများကိုသာ ဖျက်၍ ကွန်ဒိုဆောက်လုပ်မည်ဟု ကောလာ
ဟလများထွက်ပေါ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ၁၉၈၈ အရေးအခင်းမတိုင်မီက ဆောက်
လုပ်ခဲ့သည့် တစ်ထပ်လုံးတွင် ၀ရန်တာတစ်ဆက်တည်းပါသော ရပ်ကွက်အခေါ်ပန်းကန်စင်
တိုက်ခန်း နှင့် အောင်ဆန်းကွင်း မြောက်ဘက်ခြမ်းရှိ အခန်းများကိုပါဖျက်၍ တစ်ဝန်းလုံးကို
ဆောက်လုပ်မည်ဟု ထမ်မံကြားသိရသော်လည်း ရပ်ကွက်အတွင်းနေထိုင်သူများနှင့် မည်သူ မျှ
လာရောက်ဆွေးနွေးညှိနှိုင်းခြင်း မရှိသေး ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူ မညွန့်က
ပြောသည်။

"အဲဒီလို ဆောက်မယ်ကြားပြီးတော့ အိုးအိမ် ကနေ အိမ်ခန်းစာရင်း၊ အမည်ပေါက်က ဘယ်သူ၊
မောင်နှမသားချင်းများတဲ့အိမ်တွေဆိုရင် ဘယ်သူကအမွေဆက်ခံခွင့်ရှိတာလဲ စတာတွေကို
လိုက်ကောက်တာတွေလည်းရှိတယ်။ ပြီးတော့ ဒီမှာက အစိုးရဝန်ထမ်းတွေ ရယ်၊ ရေဘေး၊
မီးဘေးထိတဲ့သူတွေကို ပေးထား တာတွေဆိုတော့ အမည်ပြောင်းလို့မရတဲ့ ပြဿနာတွေ
လည်းရှိတယ်" ဟု ၎င်းက ပြောသည်။

မြေစမ်းမှုများကို တိုက် ၆၈ ဘေး၊ တိုက်နံပါတ် ၅ ၏ ဘယ်ခြမ်းနှင့် ညာခြမ်း၊ ရပ်ကွက်အတွင်းရှိ
အိုးအိမ်ရုံးဝင်းဘေး စသည့်လေးနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လအတွင်းက သိန်း
၈၅၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော အခန်းများရှိခဲ့ကြောင်း ရပ်ကွက်သာယာရေးအဖွဲ့ဝင်
ဦးအောင်ဒင်ကပြောသည်။

"ဂျာနယ်တွေမှာ ဒီကိစ္စပါလာပြီးနောက်မှာ အိုးအိမ်ကနေ အိမ်ခန်းတွေ ရောင်းဝယ်ခွင့် မရှိဘူးဆို
တဲ့အကြောင်းကို ကြေညာချက်ထုတ်ခဲ့ တယ်။ အမှန်က ဒီအခန်းတွေက အစိုးရက ချပေးထားတဲ့
အခန်းတွေဖြစ်လို့ ဘယ်သူမှ ရောင်းဝယ်ခွင့်မရှိဘူး။ အစိုးရက အငှားချထား တာပေါ့။ ဒါပေမဲ့လည်း
အရင်ကတည်းက နားလည်မှုတွေနဲ့ ရောင်းကြဝယ်ကြလုပ်နေကြတာ အခုထိပဲ" ဟု ၎င်းက
ပြောသည်။

အဆောက်အအုံအားလုံးမှာ လေးထပ်ပါရှိပြီး တိုက်တစ်တိုက်လျှင် ၃၂ ခန်း ၊ ၂၄ ခန်း၊ ၁၆ ခန်း
စသည်ဖြင့် အသီးသီးပါ၀င်ကာ အကျယ်အဝန်း ၂၅ ပေ ပတ်လည်ခန့်ကျယ်ဝန်း သော အခန်း
များဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် နှစ်အတန်ကြာက ပြုပြင်ထိန်းသိမ်းမှုများကို အိုးအိမ်က
တာဝန်ယူဆောင်ရွက်ပေးခဲ့သော် လည်း ယခုနောက်ပိုင်းတွင် မည်သည့်ပြင်ဆင်မှု မျိုးမှပြုလုပ်
ခဲ့ခြင်းမရှိသဖြင့် အချို့သော တိုက်အိုများမှာ အတော်အတန်ပျက်စီးနေပြီ ဖြစ်ကြောင်း
ဦးအောင်ဒင်ကပြောသည်။

"အခုလို ပြင်ဆောက်မယ်ဆိုတော့ တချို့က လည်း ဖျက်စေချင်တယ်။ တချို့ကျတော့လည်း
မဖျက်စေချင်ဘူး။ ဖျက်စေချင်တယ်ဆိုတာ ကလည်း ဒီတိုက်အိုကြီးတွေထက် ကွန်ဒိုမှာပဲ
နေချင်တာပေါ့လေ။ မဖျက်စေချင်တာကျတော့ အခန်းပေးအခန်းယူက ဘာတွေဖြစ်လာမလဲ
မသိဘူး။ လက်ရှိအခြေအနေ ပျက်သွားမှာ မျိုးကို မလိုချင်ကြဘူးလေ" ဟု ၎င်းက ပြောသည်။

"အခု ဒီ ဖဆပလက သူတို့လုပ်မယ့်စီမံကိန်း ရဲ့နောက်ဆုံးမှလို့လည်း ကြားတယ်။ ၂၀၁၅ လောက်
မှ စဆောက်မယ်လို့ ပြောသံလည်း ကြားတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်