မြို့ပြမြေအသုံးချမှုဇုန် လွှတ်တော်သို့တင်ပြရန် ကြန့်ကြာနေဦးမည်

မြို့ပြမြေအသုံးချမှုဇုန် လွှတ်တော်သို့တင်ပြရန် ကြန့်ကြာနေဦးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ရေးဆွဲလျက်ရှိသည့် ရန်ကုန်မြို့၏ မြို့
မြေအသုံးချမှုဇုန်နှင့် အဆောက်အအုံအမြင့်ဇုန် (Zoning Plan) သည် အများပြည်သူများ၏
လက်ခံမှုရရှိမှသာ အတည်ပြုမည်ဖြစ်သည့်အတွက် အဆိုပါ မြို့မြေအသုံးချမှုဇုန်အား ရန်ကုန်
တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ နိုင်ရန် ကြန့်ကြာနေဦးမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်
စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

"ကျွန်တော်တို့ မြို့မြေအသုံးချမှုဇုန် ၁၁ ဇုန်နဲ့ အဆောက်အအုံအမြင့်ဇုန်တွေအတွက် သတ်မှတ်
ရေးဆွဲပြီးတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေကိုချပြ
ပြီး သူတို့နဲ့လည်းဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ လောလောဆယ်တော့ သူတို့ဆီကနေ
အကြံပြုလွှာတွေ တောင်းနေပါတယ်။ ပြည်သူလူထုကိုလည်း ချပြသွားမှာပါ။ ပြည်သူလူထုဆီ
ကလည်း အကြံပြုချက်တွေ တောင်းသွားမှာပါ။ အဲဒါတွေအကုန်လုံးပြီးမှ မြို့ပြမြေအသုံးချမှုဇုန်
သတ်မှတ်ချက်ကို လွှတ်တော်တင်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ မတင်နိုင်သေးဘူး။
ဒီနှစ်ထဲမှာတော့ တင်နိုင်အောင် ကြိုးစားသွားမှာပါ" ဟု မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးတိုးအောင်က မြန်မာတိုင်း(မ်)ကိုပြောသည်။

အကြမ်းအားဖြင့် သတ်မှတ်ရေးဆွဲပြီးစီးလျက်ရှိသည့်မြို့ပြမြေအသုံးချမှုဇုန် ၁၁ ဇုန်
သတ်မှတ်ခြင်းနှင့် ရန်ကုန်မြို့၏ အဆောက်အအုံ အမြင့်သတ်မှတ်ချက်များအား အနာဂတ်
မြို့မြေအသုံးချမှုဇုန် မြေပုံအဖြစ် ရေးဆွဲ ပြီးစီးမှုတို့ကို မတ်လ ၃၁ ရက်နေ့တွင် မြို့တော်ခန်းမရှိ
အစည်းအဝေးခန်းမ၌ မြို့ပြ မြေ အသုံးချမှုဇုန် ရေးဆွဲသည့် ပညာရှင်များ ဦးဆောင်ကာ ရန်ကုန်
တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်
များစုပေါင်းကာ ဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်သည်။

အဆိုပါ မြို့ပြမြေ အသုံးချမှုဇုန် ရေးဆွဲ သတ်မှတ်ခြင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရက
ပြုလုပ်လျက်ရှိသည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း(Greater Yangon)
တွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြို့တော် ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတစ်ခုဖြစ်သည့်
အထပ်မြင့်အဆောက်အအုံများ တည်ဆောက်မှုတွင် မြို့တော်၏ ရေရှည် တည့်တံဖွံ့ဖြိုးရန်နှင့်
မြို့ပြလက္ခဏာများ ထိန်သိမ်းရန် အဆောက်အအုံအမြင့်များ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း
ပြည်သူ့ဆောက် လုပ်ရေး မြို့ပြညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦး က ပြောသည်။

သို့သော် ယင်းသို့အဆောက်အအုံမြင့် သတ်မှတ်ချက်များနှင့် ပတ်သက်၍ ပြည်တွင်း ဆောက်
လုပ်ရေးလုပ်ငန်းရှင်များက ရန်ကုန် မြို့တော်ကို အထပ်မြင့် အဆောက်အအုံများဖြင့် နိုင်ငံ
တကာအဆင့်မီ မြို့တစ်မြို့ဖြစ်စေချင် သည့်အတွက် အမြင့်သတ်မှတ်ချက်အား လွှတ်တော်
သို့တင်ပြပြီး တိကျသေချာသည့် ဥပဒေ သတ်မှတ်ချက်များဖြင့် ထွက်ပေါ်စေချင် ကြောင်း
ပြောသည်။

"ကျွန်တော်တို့က အဆောက်အအုံအမြင့် သတ်မှတ်ချက်တွေကို တိတိကျကျ ထွက်လာ ဖို့
မျှော်လင့်ပါတယ်။ ထွက်ပေါ်လာရင် ဆောက် လို့ရမယ့် နေရာတွေမှာ ဆောက်လုပ်သွားနိုင် ဖို့ပါ။
အခုက သေသေချာချာ မဆုံးဖြတ် ရသေးတော့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ ကလည်း တည်
ဆောက်ရေးပိုင်းမှာ အခက် အခဲတွေ့ပါတယ်။ သတ်မှတ်ချက် တိတိကျကျ ဥပဒေနဲ့မသတ်မှတ်
ရသေးတော့ လုပ်ငန်းရှင် တွေက ဒီနေရာမှာ ဒီအမြင့်နဲ့ အဆောက် အအုံ ဒီဇိုင်းဆွဲထားပေမယ့်
တကယ်တမ်း အမြင့်ကို စည်ပင်ကခွင့်မပြုရင် အစအဆုံး ပြန်ပြီး ပြင်ရပါတယ်။ အခက်အခဲတွေ
အများကြီး တွေ့ပါတယ်" ဟု နိုင်ဂရု(ပ်) ဆောက်လုပ်ရေးလုပ်ငန်း၏ အဖွဲ့ဝင်ဖြစ်သူ Myanmar
New Generation ကုမ္ပဏီလီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးဇေဝင်းထွဋ်က ပြောသည်။

ထို့ပြင် အထပ်မြင့်အဆောက်အအုံများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုက်တက်မှုကိုဖော်ပြ သည့်
ပြယုဂ်တစ်ခုဖြစ်သည့်အတွက် ရန်ကုန်မြို့ တွင်လည်း ယင်းကဲ့သို့ ခေတ်မီအထပ်မြင့် အဆောက်
အအုံများ ဆောက်လုပ်သင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

"အထပ်မြင့်က မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်
ရေးလုပ်ငန်းရှင်တွေကလည်း အထပ်မြင့်ပဲ ဆောက်ချင်လို့ အထပ်မြင့်ပဲ တောင်းဆိုတာ မဟုတ်
ပါဘူး။ အထပ်မြင့်တဲ့နေရာတွေက မြင့်မှ ခေတ်မီတဲ့မြို့တော် ဖြစ်လာမှာပါ။ နောက်ပြီး ရန်ကုန်မြို့
က တန်ဖိုးမြင့်တက်လာတဲ့ မြေ နေရာပေါ်မှာ ကိုယ့်ရဲ့အိမ်၊ ကိုယ့်ရဲ့မြေကွက် ကို ဒီထက်ပိုပြီး
တန်ဖိုးရှိအောင် လုပ်ချင်ကြပါတယ်။ အဲဒါကို တစ်ဖက်ကနေပြီးတော့ တားဆီးလိုက်ရင်တော့
ဒါက မြို့နေလူထုရဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်" ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ
လီမိတက်မှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

အဆိုပါ မြို့နယ်အလိုက် သတ်မှတ်ထားသည့် အဆောက်အအုံ သတ်မှတ်ချက်များသည်
မြေဧရိယာပေါ်မူတည်၍သတ်မှတ်ထားသည့် အတွက် တည်ဆောက်နိုင်သည့် ဇုန်ဖြစ်သော်
လည်း အလွယ်တကူတည်ဆောက်နိုင်မည် မဟုတ်ကြောင်း ဦးဇေဝင်းထွဋ်က ပြောသည်။

"အခုလက်ရှိ သတ်မှတ်ထားတဲ့ အဆောက်အအုံအမြင့်က မြေဧရိယာပေါ်မူတည်တာဆိုတော့
ကျွန်တော်တို့ဆောက်မယ့် ကိုယ်ပိုင် မြေက ကျဉ်းနေဦးမယ်ဆိုရင် ဘယ်လိုမှဆောက် လို့
မဖြစ်ဘူး။ ကျွန်တော်တို့ လုပ်ငန်းရှင်ချင်း မြေတွေပေါင်းပြီး တည်ဆောက်မှပဲ အဆင် ပြေမယ်။
အခုလောလောဆယ်တော့ အချင်းချင်း မြေတွေ ပေါင်းပြီးဆောက်ဖို့ဆိုတာ အဆင်ပြေမှာမဟုတ်
ဘူး" ဟု ၎င်းကပြောသည်။

သို့သော် ယခုအခါတွင် ရန်ကုန်မြို့၏ လမ်း အနေအထားများနှင့် အထပ်မြင့်အဆောက်အအုံများ
၏ ပိုမိုသိပ်သည်းလာမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည့်အတွက်
ရန်ကုန်မြို့တွင်း လူနေသိပ်သည်း သည့်နေရာများတွင် အထပ်မြင့်များကို ပိုမိုဆောက်လုပ်ရန်
မသင့်တော့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကြံပေး ဒေါက်တာ
ကျော်လတ်ကပြောသည်။

"ကျွန်တော်တို့ လက်ရှိကြံုတွေ့နေရတဲ့ နေ့စဉ်အခြေအနေမှာ ကားပိတ်ဆို့မှုတွေဖြစ်နေရတာက
တည်ဆောက်ထားတဲ့ အဆောက်အအုံတွေရဲ့ ကြမ်းခင်းဧရိယာက မြင့်နေလို့ ပါပဲ။ ကြမ်းခင်းဧရိ
ယာမြင့်လေလေ ကားသွားနှုန်း က ဆွဲဆန့်မှုပိုများလေဖြစ်တဲ့အတွက် အခုထက် ပိုပြီးတော့
အထပ်မြင့်တွေဆောက်ကြမယ်ဆိုရင် လမ်းမပေါ်မှာ ကားတွေသွားလို့တောင် ရတော့မှာ မဟုတ်
ပါဘူး" ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာက အဆောက်အအုံ အမြင့်ဇုန်ကို ရွှေတိဂုံဘုရား
ပတ်ဝန်းကျင် အဆောက်အအုံ အမြင့်ကန့်သတ်ခြင်း၊ ဆူးလေဘုရားကို ဗဟိုပြု၍ ရန်ကုန်မြို့လယ်
မြို့ပြအမွေအနှစ်ဇုန် သတ်မှတ်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့၏ အရေးပါသော မြင်ကွင်းလမ်းကြောင်း
များ ထိခိုက်ပျက်စီးမှု မဖြစ်စေရန် အဆောက်အအုံ အမြင့်ကန့်သတ်ခြင်းနှင့် သဘာဝ နေအလင်း
ရောင်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန် အဆောက်အအုံအမြင့်ကန့်သတ်ခြင်း ဟူ၍ ခွဲခြား
သတ်မှတ်ထားသည်။

ထို့ပြင် ရွှေတိဂုံဘုရားပတ်ဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများတည်ဆောက် မှုနှင့်ပတ်
သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြည်သူများကို ဆန္ဒကောက်ခံခဲ့ရာ
တွင် ဘုရားပတ်ဝန်းကျင်၌ အထပ်မြင့်အဆောက်အအုံတည်ဆောက်မှု လက်မခံသူမှာ ၉၀ ရာခိုင်
နှုန်းခန့်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

"ကျွန်မတို့ကတော့ ရှိပြီးသား အဆောက်အအုံတွေကို မပြောတော့ပါဘူး။ နောက်ထပ် မမှားဖို့ပဲ
လိုပါတယ်။ ကျွန်မတို့က နိုင်ငံတကာ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်း မြို့ပြရဲ့ ထိန်းသိမ်းသင့်တဲ့
အရာတွေ ပြန်မရနိုင်တော့တဲ့ အခြေအနေမျိုးတွေမဖြစ်အောင် ထိန်းသိမ်းတဲ့ အနေအထားပါပဲ။
အထပ်မြင့်တွေကို ကုန်သွယ် မှုနဲ့ စီးပွားရေးဇုန်တွေလို နေရာတွေမှာ အများကြီးပေးသွားမှာပါ။
တကယ်လို့ သတ် မှတ်ထားတဲ့ ဇုန်အပြင်ဘက်ရောက်သွားတဲ့ အချိန်ကျရင်လည်း အမြင့်သတ်မှတ်
ချက် ဆိုတာ ရှိတော့မှာတောင် မဟုတ်ပါဘူး" ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်