အခွန်နှုန်းထား ပြင်ဆင် သော်လည်း အခွန်ဆောင် သူ နည်းပါးနေသေး

အခွန်နှုန်းထား ပြင်ဆင် သော်လည်း အခွန်ဆောင် သူ နည်းပါးနေသေး

၂၈ မြို့နယ် ပါ၀င်သည့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း နေ့စဉ်အရောင်းအဝယ် ပြုလုပ်
လျက်ရှိသော ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း ၀င်ငွေ ရလမ်းဖော်ပြခြင်းမရှိပါက အခွန်
ဆောင်သူဦးရေမှာအလွန်နည်းပါးနေဦးမည်ဖြစ်ပြီး လက်ရှိပေးဆောင်လျက်ရှိသည့်ဦးရေမှာလည်း
လက်ရှိအရောင်းအဝယ်ဖြစ်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက လွန်စွာနည်းပါး နေသေးကြောင်း ပြည်တွင်း
အခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာ ၂၈ မြို့နယ်ရှိပြီး အိမ်မြေဝယ်တဲ့သူတိုင်း ပြည်တွင်းအခွန်
ဦးစီးဌာနမှာ အခွန်ဆောင်ရတယ်။ ဒီ ၂၈ မြို့နယ်မှာ အိမ်မြေ ၀ယ်ယူသူတွေလည်း နေ့စဉ်အများ
အပြားရှိပါတယ်။ ဒါပေမဲ့ လက်ရှိဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေတာနဲ့ ယှဉ်ရင် အခွန်
ဆောင်တဲ့သူက အရမ်းနည်း တယ် လို့ ပြောလို့ရပါတယ်" ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊
ရာပြတ်ဌာနမှ ဦးစီးအရာရှိ ဦးလှဌေးဦးက ပြောသည်။

ပြည်တွင်းအခွန်ဦးစီးဌာန စာရင်းစစ်အဖွဲ့ ၏ နှစ်ပတ်လျှင် တစ်ကြိမ်ကျပြုလုပ်သည့် ရန်ကုန် မြို့
တွင်း ၂၈ မြို့နယ်အတွင်း ပြုလုပ်လျက်ရှိသည့် အိမ်နှင့် မြေရောင်းဝယ်မှုများမှ အခွန်ပေး ဆောင်
မှုသည် ပျမ်းမျှအားဖြင့် အခွန်ထမ်းသူဦးရေ ၁၀၀ မှ ၁၅၀ အတွင်းရှိပြီး အခွန်ပေးဆောင်မှုမြင့်တက်
လာသည့်အခါတွင် ၁၅၀ မှ ၂၀၀ အတွင်းသာရှိကြောင်း ၎င်းကပြောသည်။ သို့သော် ပြီးခဲ့သည့်
ဧပြီလဆန်းပိုင်းတွင်စတင်ခဲ့သည့် အခွန်နှုန်းထားသစ်အရ အိမ်မြေ အခွန်ဆောင်သူဦးရေ ပိုမိုတိုး
တက်လာနိုင် သည်ဟု ခန့်မှန်းထားသော်လည်း ဧပြီ ၁ ရက်နေ့ မှ ၃၀ ရက်အထိ တစ်လအတွင်း
အခွန်နှုန်း ထားအသစ်ဖြင့် အခွန်ထမ်းဆောင်သူဦးရေမှာ ၂၀၀ ခန့်သာ ရှိခြင်းကြောင့် သိသာစွာ
တိုးတက်လာ ခြင်းမရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများကပြောသည်။

ထိုသို့ပြောင်းလဲလိုက်သည့် အခွန်နှုန်းအသစ်မှာ ကျပ်သိန်း ၅၀၀ အောက် တန်ဖိုး ရှိသော
အိမ်မြေရောင်းဝယ်လျှင် အခွန်သုံး ရာခိုင်နှုန်း၊ ၅၀၀ မှ ၁,၅၀၀ ထိတန်ဖိုးရှိသော အိမ်မြေအတွက်
အခွန် ၁၀ ရာခိုင်နှုန်း၊ ၁,၅၀၀ မှ ၃,၀၀၀ အထိ တန်ဖိုးရှိသော အိမ်မြေအတွက် အခွန် ၂၀ ရာခိုင်
နှုန်းနှင့် ၃,၀၀၀ နှင့် အထက် ရှိသော အိမ်မြေအတွက် အခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး
အဆင့်ဆင့်တွက်ချက်မှုများဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ အခွန်နှုန်းထားသစ် မပြောင်းလဲမီက
အရောင်း အဝယ်ပြုလုပ်သည့် ပမာဏ၏ ၃၇ ရာခိုင်နှုန်း ပေးဆောင်ရပြီး နောက်ပိုင်းတွင် ပြည်
တွင်းအခွန် ဦးစီးဌာနက ရန်ကုန်မြို့၏ တစ်ပေပတ်လည်မြေစံနှုန်းများသတ်မှတ်ပေးကာ အရောင်း
အဝယ်ပြုလုပ်မှုများအတွက် အဆိုပါနှုန်းထားအတိုင်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ
စတင်ကောက်ခံခဲ့သည်။

သို့သော် ယင်းကဲ့သို့ သတ်မှတ်ခဲ့ပြီးချိန်မှ စ၍ ၂၀၁၄ ခုနှစ်၊ မတ်လပိုင်းအထိ ရန်ကုန် မြို့ရှိ ၂၈
မြို့နယ်မှ အခွန်ပေးဆောင်ခဲ့သူဦးရေ သည် ၁,၂၀၀ ခန့် ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန
က တာဝန်ရှိသူများကပြောသည်။

"အခွန်ဆောင်တဲ့နှုန်းကတော့ ပုံမှန်ပဲရှိနေ ပါတယ်။ ရန်ကုန်တစ်မြို့လုံးအတိုင်းအတာနဲ့ ယှဉ်
လိုက်ရင်တော့ အခွန်ဆောင်တဲ့နှုန်း နည်းနေသေးပေမယ့် အိမ်ဝယ်၊ မြေဝယ်ပြီး ကိုယ့် အမည်
ပေါက်နဲ့ အမှန်တကယ်နေမယ့်သူတွေကတော့ မဖြစ်မနေအခွန်ဆောင်ကြပါတယ်။ အရောင်း
အဝယ်လုပ်ကိုင်တဲ့သူတွေသာ အခွန်မဆောင်ဘဲ နေကြတာပါ။ အခွန်နှုန်းထားတွေကိုတော့
တတ်နိုင်သလောက် နည်းနိုင်အောင်လုပ်ပေးနေတဲ့အတွက် ဒီအခွန်နှုန်းအသစ်မှာ ဆောင်တဲ့သူ
ပိုများလာမယ်လို့တော့ မျှော်လင့်ထားပါတယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်တွင်း
အခွန်များဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ကျော်က ပြောသည်။

ထို့ပြင် ယခုကဲ့သို့ အိမ်ခြံမြေအခွန်နှုန်း ပြောင်းလဲလိုက်မှုကြောင့် ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေဈေး
ကွက်တွင်လည်း ကျပ်သိန်း ၁,၀၀၀ အောက်ရှိ အိမ်နှင့် မြေများ အရောင်းအဝယ်ကောင်းမွန်
လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူများကပြောသည်။

"ပြီးခဲ့တဲ့လပိုင်းတွေမှာ ရန်ကုန်မြို့က အိမ် ဈေး၊ မြေဈေးတွေ အရမ်းမြင့်မားတာရော အခွန် နှုန်း
ကြောင့်ရော အရောင်းအဝယ်တွေ အေးနေခဲ့တယ်။ အခု အခွန်ပြောင်းပြီးတဲ့နောက်မှာ သိန်း
ထောင်ဂဏန်းအောက် တန်ဖိုးရှိတဲ့ အိမ်တွေ၊ မြေတွေ အရောင်းအဝယ် ပြန်ကောင်းလာနိုင်
ပါတယ်။ သိန်းတစ်ထောင်အောက်ဆို အခွန် နှုန်းကလည်း တော်တော်သက်သာသွားတော့
၀ယ်ရောင်းလုပ်တဲ့သူတိုင်း အခွန်ဆောင်နိုင်ဖို့ များပါတယ်။ အရင်တုန်းက အခွန်ဆောင်တဲ့
သူနည်းတော့ ပိုင်ဆိုင်မှုတွေလည်း အားနည်း ကြတယ်။ အခွန်က လူတိုင်းဆောင်နိုင်တဲ့ အနေ
အထားဆို လူတိုင်းလည်း ပိုင်ဆိုင်မှုတွေအားကောင်းလာမှာဖြစ်တဲ့အတွက် ဒီအခွန်နှုန်း က
အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင် က ပြောသည်။

ထို့ပြင် အခွန်ရှောင်သည့် အိမ်ခြံမြေအရောင်း အဝယ်လုပ်ကိုင်သူများမှာလည်း ရန်ကုန်မြို့၏
အချက်အချာကျသောနေရာများတွင် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန်ကြီးမြင့်မှုကြောင့်
ဈေးနှုန်းနည်းသော မြို့ပြင်မြို့နယ်များဘက်တွင် အရောင်းအဝယ် ပြောင်းလဲလုပ်ကိုင်လာကြ
ကြောင်း အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။

"၀ယ်ရောင်းလုပ်တဲ့သူတွေကတော့ အခွန်အမြဲရှောင်ကြတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း
၀ယ်ရောင်းသမားတွေကလည်း နည်းလာကြ တယ်။ မြို့ထဲဘက်က အကွက်ကြီးတွေက
ဈေးတွေအရမ်းမြင့်တော့ သိပ်မလုပ်နိုင်ကြတော့ဘဲ မြို့ပြင်ဘက်တွေဖြစ်တဲ့ မြောက်ဒဂုံ၊
တောင်ဒဂုံနဲ့ ပဲခူးဘက်တွေလောက်က အကွက် သေးတွေလောက်ပဲ ၀ယ်ရောင်းတွေလုပ်တော့
တယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်